ငါခေါက်သိမ်းထားတဲ့ ဂျင်းဘောင်းဘီတွေကြားမှာ
ကွဲအက်ကြေမွသွားတဲ့ အိပ်မက်တစုံနဲ့
တိုးတိုးလျလျလေးထွက်ပေါ်နေတဲ့ ပန်းနုရောင်ရယ်မောသံတွေရှိတယ်။
ငါခေါက်သိမ်းထားတဲ့ ဂျင်းဘောင်ဘီတွေကြားမှာ
အနုပညာနဲ့ ထုဆစ်ထားတဲ့ကောင်းကင်နုနုလေးနဲ့
အတုအပတို့မှကင်းဝေးသော အချစ်ပန်းချီကားတချပ်ရှိတယ်။
ငါခေါက်သိမ်းထားတဲ့ ဂျင်းဘောင်းဘီတွေကြားမှာ
သစ္စာပန်းတို့ရဲ့ သစ္စာရှိမှကိုမြဲမြံထားကြတဲ့
ခေတ်ပျော်သူရဲကောင်းတွေဟာ
တော်လှန်ဗုံသံတွေကို ထုနှက်ကြတယ်။
ငါခေါက်သိမ်းထားခဲ့တဲ့ ဂျင်းဘောင်းဘီတွေကြားထဲမှာ
စွေးစွေးနီသွားတဲ့ စံပယ်ပန်းတွေပြန့်ကျဲနေသလို
ပြန်မလာနိုင်တာကိုသိလျက်နဲ့
ဟိုးအဝေးကြီးကိုငေးမျှော်နေတဲ့
အမေအိုတယောက်ရဲ့
အန္တိမမျှော်လင့်ချက်တွေလည်းရှိတယ်။
ငါခေါက်သိမ်းထားတဲ့ ဂျင်းဘောင်းဘီတွေကြားမှာ
ဝပ် ၄၀ အား မီးလုံးရောင်လေးဟာ
ဆေးလိပ်မီးလေးတတို့ရဖို့ စောင့်စားရင်းနဲ့
သူ ရထားတဲ့ခြေငါးလှမ်းစာ ကမ္ဘာလေးမှာ
တိတ်တိတ်ကလေးပဲ မြိုသိပ်နေခဲ့တယ်။
ငါခေါက်သိမ်းထားတဲ့ ဂျင်းဘောင်းဘီတွေကြားမှာ
နာကျင်မှုတွေက ဆာလောင်မွန်းကျပ်နေကြပြီး
အဲဒီလောင်မြိုက်မှုတွေနဲ့
ခေတ်ကို ရေမရောဘဲ မြိုချပစ်ခဲ့ရဖူးတယ်။
ငါခေါက်သိမ်းထားတဲ့ ဂျင်းဘောင်းဘီတွေကြားထဲမှာ
ဂျင်းဘောင်းဘီလေးတထည်ဟာ
ဒါဏ်ရာတွေပေပွနေတဲ့
ကျောပိုးထဲကိုလွယ်ပြီး
သံမဏိအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့
ခရီးရှည်ထွက်သွားခဲ့ဖူးတယ်။
ငါခေါက်သိမ်းထားတဲ့ ဂျင်းဘောင်းဘီတွေကြားထဲမှာ
မျက်ရည်တွေနဲ့စိုစွတ်နေတဲ့
ဒိုင်ယာရီစာအုပ်ဟောင်းလေးတအုပ်ဟာ
ပြန်မဖြစ်နိုင်တဲ့ နေသားတကျရှိမှုတွေကို
တမ်းတမ်းတတ
လွမ်းဆွတ်နေရှာတယ်။
အော် ဒီလိုနဲ့ပဲ
ငါ့ဂျင်းဘောင်းဘီတွေ ခေါက်သိမ်းထားခဲ့တာ နှစ်ပေါင်းတော်ကြာခဲ့ပေါ့။ ။
ဒီလက်မျိုး
(ခေတ္တ)အမေရိက
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment