Wednesday, March 19, 2014

အင်္ဂလိပ်စာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (ဇော်မင်း)

ဘာသာစကားတွေဟာ အသုံးဝင်လှသလို လူ့အဖွဲ့အစည်းအတွင်း အရေးကြီးတဲ့ကဏ္ဍမှာ တည်ရှိနေပါတယ်။ လူတဦးတယောက်ဟာ ပထမဆုံးအနေနဲ့ မိမိရဲ့မိခင်ဘာသာစကားကို လည်လည်ပတ်ပတ် ပြောတတ်ဆိုတတ် ရေးသား ဖတ်မှတ်နိုင်ဖို့ လိုပါတယ်။ အဲတာကနေ တဆင့်တက်ပြောရမယ်ဆိုရင် မိမိရဲ့ မိခင်ဘာသာစကားမဟုတ်တဲ့ နောက်ထပ် ဘာသာစကားတခုခုကို တတ်ကျွမ်းရင် ပိုပြီးအကျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ထပ်ဘာသာစကားတခုလို့ ပြောလိုက်တဲ့အခါမှာ ဘယ်လိုဘာသာစကားမျိုးကို လေ့လာသင်ယူဖို့လိုမလဲဆိုတာကလည်း စဉ်းစားဖို့ လိုလာပြန်ပါတယ်။ 

ယေဘုယျတင်ပြရမယ်ဆိုရင် ကနေ့ကမ္ဘာကြီးမှာ မိခင်ဘာသာစကားအပြင် နောက်ထပ်လေ့လာနေကြတဲ့ သင်ယူနေကြတဲ့ ဘာသာစကားကတော့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကား ဖြစ်ပါတယ်။ ဒါကိုလည်း အများသိထားပြီးသားပါ။ တခြားသော ဘာသာစကားတွေကို သင်ယူလေ့လာတာမျိုးရှိပေမယ့် ရာခိုင်နှုန်းအများစုအနေနဲ့ပြောရရင် အင်္ဂလိပ်ဘာသာစကားကို သင်ယူကြတာက များတာကြောင့် ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အင်္ဂလိပ်စကားဟာ အခုဆိုရင် ကမ္ဘာသုံး ဘာသာစကားတရပ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းလိုလိုက ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာရပ်ကို မိခင်ဘာသာစကားပြီးရင် ဒုတိယဘာသာစကားအဖြစ် သင်ကြားနေကြပါတယ်။ 


ဘာသာစကားနဲ့ပတ်သက်လို့ အလွန်မာနကြီးခဲ့တဲ့ နိုင်ငံတခု တခါတုန်းက ရှိခဲ့ပါတယ်။ အဲတာကတော့ ပြင်သစ်နိုင်ငံပါ။ ငါတို့ ပြင်သစ်ဘာသာနဲ့ ပြင်သစ်စကားဟာ အဆင့်အတန်းအမြင့်ဆုံး၊ အလှပဆုံး၊ ဝေါဟာရလည်း အကြွယ်ဝဆုံးဆိုပြီး မာနကြီးခဲ့တာကြောင့် နောက်ထပ် နိုင်ငံခြားဘာသာစကားတခုခုကို ထပ်မံသင်ယူလေ့လာဖို့ ဝန်လေးခဲ့သူတွေ ဖြစ်ပါတယ်။ ငါတို့ ပြင်သစ်စကားကလွဲလို့ ဘယ်နောက်ထပ် ဘာသာစကားကိုမှ ပြောစရာမလိုဘူးလို့ ထင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကြီးအပြီးနောက်ပိုင်း ဒီဘက်ခေတ်တွေရောက်လာတော့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားကို လစ်လျှူရှုလို့ မရတော့ဘူးဆိုတာ သတိထားမိလာပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ ကျောင်းတွေမှာ အင်္ဂလိပ်စာကို နောက်ထပ်သင်ကြားရမယ့် အပိုဆောင်း နိုင်ငံခြားဘာသာအဖြစ် သင်ကြားပေးတာမျိုး ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်တွေ အခုအထိ သူတို့ မိခင်ဘာသာစကားနဲ့ပတ်သက်လို့ စိတ်ထဲမှာ မာနကြီးကောင်း ကြီးနေနိုင်ပါသေးတယ်။ ဒါပေမယ့် အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားကို ကနေ့ခေတ် ပြင်သစ်ကျောင်းသားတိုင်း သင်ယူနေရတာကတော့ လက်တွေ့ပါပဲ။ 

အနောက်နိုင်ငံတွေမှာ စက်မှုထွန်းကားလာတဲ့နောက်ပိုင်းကစလို့ ဘာသာရပ်အမျိုးမျိုးနဲ့ ပတ်သက်ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို စာအုပ်စာတန်းများ ထုတ်ဝေရာမှာ အင်္ဂလိပ်စာနဲ့ ထုတ်ဝေတာက အများစုလို ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ဘာသာရပ် အမျိုးမျိုးကို လေ့လာကြတဲ့နေရာမှာ အင်္ဂလိပ်စာနဲ့ ကင်းလို့မရတော့တာကိုလည်း တွေ့ရပါတယ်။ လိုရင်းတိုရှင်းပြောရမယ်ဆိုရင် ဝိဇ္ဇာသိပ္ပံ ဘာသာရပ် အများစုဟာ အင်္ဂလိပ်စာနဲ့ ရေးသားထားတာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် အဆင့်မြင့် ဘာသာရပ်တွေကို လေ့လာတော့မယ်ဆိုရင် အင်္ဂလိပ်စာ မတတ်ကျွမ်းဘဲ လေ့လာလို့ မရပါဘူး။ ဒါကြောင့် အင်္ဂလိပ်စာဟာ ပညာသင်ကြားနေတဲ့ဘဝမှာရော နေ့စဉ် စီးပွားရေးလုပ်ငန်းတွေမှာပါ ပစ်ပယ်လို့မရတဲ့ အခြေအနေကို ရောက်လာပါတယ်။ 

အင်္ဂလိပ်စာ အရေးကြီးပုံကို ဥပမာတခုလောက်နဲ့ တင်ပြပါရစေ။ ကျနော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လူဦးရေအကြီးမားဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်ခုအကြားမှာ တည်ရှိပါတယ်။ အဲဒီနိုင်ငံကြီး နှစ်နိုင်ငံအကြားမှာ တည်ရှိနေပေမယ့် မြန်မာနိုင်ငံက ကျောင်းသားတွေအနေနဲ့ ကျောင်းတွေမှာ ဒုတိယဘာသာစကားအနေနဲ့ ထပ်မံသင်ယူနေရတာကတော့ အင်္ဂလိပ်စာပဲ ဖြစ်ပါတယ်။ တရုတ်စာနဲ့ တရုတ်စကားမဟုတ်သလို ဟိန္ဒိုစာပေနဲ့ စကားလည်း မဟုတ်ပါဘူး။ သို့သော်လည်း ဝမ်းနည်းဖို့ကောင်းတာက မြန်မာနိုင်ငံက ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာ အရည်အသွေးဟာ ကြောက်စရာကောင်းလောက်အောင် ကျဆင်းလာတယ်လို့ လေ့လာသူများက ဆိုပါတယ်။ ပညာရေးစနစ် မြင့်မားလာဖို့ဆိုတဲ့ကိစ္စမှာ အင်္ဂလိပ်စာ အဆင့်အတန်း မြင့်လာဖို့ကလည်း လိုအပ်ချက်များထဲက တခုဖြစ်တယ်ဆိုတာ မြင်နိုင်ပါတယ်။ 

ဟိုးတနှစ်တုန်းက ဆွစ်ဇာလန်နိုင်ငံမှာ အခြေစိုက်တဲ့ Education First ပညာရေးသည်ပထမလို့ ခေါ်တဲ့ သုတေသနအဖွဲ့က ထုတ်ဝေလိုက်တဲ့ စာတမ်းတစောင်မှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဖော်ပြထားပါတယ်။ ဒီနေရာမှာ ဆင်ခြေပေးစရာတွေ ရှိလာပါတယ်။ ဥပမာပြောရရင် ဂျပန်လူမျိုး၊ ကိုရီးယားလူမျိုးတွေ အင်္ဂလိပ်စာ မကောင်းပေမယ့် တိုးတက်ချမ်းသာနေတာပဲဆိုပြီး ထောက်ပြလာတာမျိုး တွေ့ရပါတယ်။ ချွင်းချက်အနေနဲ့ပြောရရင် ဒီလို နိုင်ငံမျိုးက ရှားလှပါတယ်။ လက်ချိုးရေလို့လည်း ရပါတယ်။ ဒါတောင် သေသေချာချာ စေ့စေ့စပ်စပ်ကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံ တိုးတက်လာတဲ့နေရာမှာ အင်္ဂလိပ်စာနဲ့ မကင်းခဲ့ပါဘူး။ ဂျပန်လူမျိုးတဦးချင်းအနေနဲ့ အင်္ဂလိပ်စာ မကောင်းဘူး၊ မတော်ဘူးဆိုတာ မှန်ပါတယ်။ သို့သော် ဂျပန်နိုင်ငံ တံခါးဖွင့်ခဲ့တဲ့ မီဂျီခေတ်ကစပြီး ခေတ်မီပညာရပ်အမျိုးမျိုးကို အင်္ဂလိပ်စာကနေတဆင့် ဂျပန်လို ဘာသာပြန်ထားပြီးသား ဖြစ်ခဲ့ပါတယ်။ အခုလည်း ခေတ်ကိုလိုက်ပြီး ပညာရပ်အမျိုးမျိုးကို ဂျပန်လိုဘာသာပြန်ဆိုထားတဲ့ စာအုပ်တွေ အများအပြားရှိနေတာကို တွေ့ရပါတယ်။ 

ပညာရေးသည် ပထမလို့ ခေါ်တဲ့ အဆိုပါ သုတေသနအဖွဲ့ကြီးရဲ့ လေ့လာချက်တွေထဲက အချက်တခုကို တင်ပြပါရစေ။ ရာခိုင်နှုန်းအရပြောရရင် အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့်နိမ့်တဲ့နိုင်ငံတွေမှာ အားနည်းချက်တွေ ရှိနေပါတယ်တဲ့။ ဘာတွေလဲဆိုတာ ထောက်ပြရရင် ကုန်သွယ်ရေးနဲ့ တီထွင်ဖန်တီးမှုတွေမှာ သူများနဲ့ယှဉ်ရင် အားနည်းတာကို တွေ့ရတယ်လို့ သိရပါတယ်။ အဲတာအပြင် အင်္ဂလိပ်စာကျွမ်းကျင်မှုနိမ့်နေတဲ့အတွက် ပြည်သူများအကြား ဝင်ငွေအဆင့်အတန်း နိမ့်ဆင်းနေတာမျိုးလည်းရှိနေတယ်လို့ ဆိုပါတယ်။ ဒီသုတေသနစာတမ်းဟာ မူလအင်္ဂလိပ်စကားပြောမဟုတ်တဲ့ နိုင်ငံပေါင်း ၅၄ နိုင်ငံအပေါ်မှာ စစ်တမ်းကောက်ယူ လေ့လာထားတာ ဖြစ်ပါတယ်။ 

အနောက်ဥရောပအတွင်းမှာရှိတဲ့ ချမ်းသာဖွံ့ဖြိုးပြီးသားဖြစ်တဲ့ နိုင်ငံတွေအတွင်းမှာတောင် နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ အင်္ဂလိပ်စာ ပိုကျွမ်းကျင်တဲ့နိုင်ငံတွေက ပိုပြီး ထိပ်မှာရောက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ရဲ့ ၂ဝ၁၂ ခုနှစ် သုတေသန အစီရင်ခံစာက အခုလို ဆိုထားပါတယ်။ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအရ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေထဲမှာ ဆွီဒင်နိုင်ငံဟာ ပထမဆုံးနေရာမှာရှိနေပြီး၊ ဒိန်းမတ်နိုင်ငံက ဒုတိယနေရာမှာ ရှိပါတယ်။ နယ်သာလန်နိုင်ငံကတော့ တတိယဖြစ်ပြီး ဖင်လန်နိုင်ငံက စတုတ္ထနေရာမှာ လိုက်ပါတယ်။ နော်ဝေနိုင်ငံက ပဉ္စမအဆင့်မှာ ရှိပါတယ်။ ကျနော်တို့ရဲ့ အိမ်နီးချင်းဖြစ်တဲ အိန္ဒိယနိုင်ငံကတော့ အဆိုပါ ၅၄ နိုင်ငံအတွင်း နံပါတ် ၁၄ နေရမှာ ချိတ်ပါတယ်။ တီထွင်မှုတွေ၊ ပြိုင်ဆိုင်မှုတွေအတွက် အင်္ဂလိပ်စာဟာ အဓိကကျပြီး အင်္ဂလိပ်စာ အဆင့်အတန်းနိမ့်ကျခြင်းဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးသဖွယ်ဖြစ်နေတယ်လို့ အဲဒီအဖွဲ့ကြီးရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ မိုက်ကယ်လူးက ထောက်ပြပါတယ်။ နောက်တချက်ကတော့ ဒီသုတေသန အစီရင်ခံစာရဲ့အဆိုအရ အင်္ဂလိပ်စာ ကျွမ်းကျင်မှုမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးကျွမ်းကျင်မှုရှိတာကိုလည်း တွေ့ရပြန်ပါတယ်။ 

ကျနော်တို့မြန်မာနိုင်ငံဟာ အခုအခါမှာ အပြောင်းအလဲတွေနဲ့ စတင်ထိတွေ့နေတဲ့ တိုင်းပြည်တခု ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပညာရေးစနစ်အတွင်းမှာ အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိလာအောင် ဆောင်ရွက်ဖို့ အပူတပြင်းလိုအပ်နေတယ်လို့ ဆိုပါရစေ။ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နည်းပညာ စတာတွေနဲ့ပတ်သက်လို့ ထိတွေ့ ဆက်ဆံလာရတဲ့နေရာမှာ အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိမှသာ တန်းတူရည်တူ ဆက်ဆံနိုင်မှာဖြစ်သလို မိမိရဲ့တိုးတက်မှုကိုလည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ 

နောက်တချက်ကတော့ စီးပွားရေးနဲ့ဆက်နွယ်နေတဲ့ အချက်တချက်လောက် တင်ပြလိုပါတယ်။ ဘာတုန်းဆိုတော့ အခုဆိုရင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားဦးရေ တနှစ်ထက်တနှစ် များပြားလာတာ တွေ့ရပါတယ်။ ခရီးသွားနဲ့ ဧည့်ကြိုလုပ်ငန်း၊ ဟော်တယ်နဲ့ တည်းခိုခန်းလုပ်ငန်းတွေ စနစ်တကျ ကြီးထွားလာဖို့၊ ဒီလုပ်ငန်းကနေ စီးပွားရေးအရ ထင်သာမြင်သာ အမြတ်အစွန်းရလာဖို့အတွက် အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကား ကျွမ်းကျင်သူတွေ အများအပြား လိုအပ်နေပါတယ်။ တချိန်က မြန်မာနိုင်ငံက ကျောင်းသားတွေဟာ အင်္ဂလိပ်စာနဲ့ပတ်သက်လာရင် နိုင်ငံတကာမှာ ယှဉ်ဘောင်တန်းနိုင်သူတွေ ဖြစ်ခဲ့ပါတယ်။ အောက်မကျခဲ့ပါဘူး။ ဒီလိုအခြေအနေ ဒီလိုအဆင့်အတန်းမျိုးကို ပြန်လည်ရောက်ရှိဖို့ အစိုးရမှာ တာဝန်ရှိသလို မိဘများဘက်မှာလည်း တာဝန်ရှိပါတယ်။ အင်္ဂလိပ်စာ အင်္ဂလိပ်စကား တိုးတက်လာဖို့ လိုအပ်နေပြီဆိုတာ ထောက်ပြလိုပါကြောင်း။ ။ 

ဇော်မင်း 
၆ ရက်၊ ဖေဖော်ဝါရီလ၊ ၂ဝ၁၄ ခုနှစ် 

ရွက်မွန်ဘလော့ဂ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 

 

No comments: