အေးရွာသို့ သတင်းဆိုးတစ်ခု ဝင်ရောက်လာခဲ့ပြန်သည်။ ယုံကြည်စိတ်ချရသော မိတ်ဆွေတစ်ဦးမှ “အကိုရေ ရန်ကုန်မြို့ထဲမှာတော့ အခြေအနေတွေက ယောက်ယက်ခတ်နေပြန်ပြီဗျ” ဟုဆိုလာသောကြောင့် ကျနော်ကလည်း “ဘာတွေဖြစ်ပြန်ပြီလဲဗျာ၊ မထိတ်သာမလန့်သာရှိလိုက်တာ” ဟု ဆိုလိုက်သောအခါ “ဒီလိုဗျ … ဒီလို ကျနော်တို့နိုင်ငံရဲ့ အာဏာရှင်ဟောင်းကြီး ဦးနေဝင်းရဲ့ သားမက်နဲ့ြေ မးတစ်စုကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းလိုက်ပြန်ပြီ” ဟု ပြောလာသဖြင့် ကျနော်လည်း မဆီမဆိုင် မျက်ခုံးလှုပ်သွားရပြန်သည်။
ဒီလို တိုင်းပြည်အခြေအနေ မတည်ငြိမ်မှုကလည်း ကျနော့်၏လုံခြုံရေးကို ရိုက်ခတ်လာမည်ဖြစ်၍ ကျနော် ပိုမိုသတိထားနေထိုင်ခဲ့ရပါသည်။ ထိုအခြေအနေပေါ်မူတည်၍ ကျနော် အေးရွာတွင် ဆက်လက် ရပ်တည်လှုပ်ရှားရန် မဖြစ်နိုင်တော့သောကြောင့် လှိုင်သာယာဘက်သို့ မြားဦးလှည့်ရပြန်သည်။ ထိုအချိန်က လှိုင်သာယာမှာ စည်ကားလှသည်တော့ မဟုတ်၊ လူနေအိမ်နှင့် လမ်းများမှာ ဖောက်တုန်း၊ ဆောက်တုန်းသာ ရှိနေသေးသည်။ လှိုင်သာယာရှိ မိတ်ဆွေတစ်ဦးအိမ်တွင် ခေတ္တ သွားရောက်တည်းခိုဖြစ်သည်။ မိတ်ဆွေ၏ကူညီပံ့ပိုးမှုကြောင့် ဧည့်စာရင်းကိစ္စနှင့်တကွ အစစအရာရာ အဆင်ပြေခဲ့ရသည်။
မတ်လ ၂၇ ရက်၊ ၅၇ နှစ်မြောက် တော်လှန်ရေးနေ့ဖြစ်မည်ဟု ထင်သည်။ စစ်ရေးပြအခမ်းအနား ပြီးဆုံးပြီးနောက်တွင်တော့ မြို့တွင်းအခြေအနေတို့မှာ တင်းကြပ်မှုမရှိတော့သောကြောင့် ကျနော်လည်း နေထိုင်သွားလာရ လွယ်ကူသွားသည်။ ၂၀၀၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ည သတင်းနားထောင်စဉ် BBC သတင်းဌာနမှ ပြည်ပရောက် တပ်မတော်သားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။
နောက်တစ်နေ့ ကျနော်လည်း လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်ရင်း တာဝန်ပြီးဆုံးပြီဖြစ်သောကြောင့် နောက်ကြောင်းပြန်ခေါက်ရန် စီစဉ်ရပြန်သည်။ စော်ဘွားကြီးကုန်း အဝေးပြေးယာဉ်ရပ်နားရေး စခန်းတွင် တောင်ငူသို့ပြန်သွားမည့် ကားလက်မှတ် ၂ စောင် ဖြတ်လိုက်သည်။ ကျနော်၏အဖော်အဖြစ် နီးစပ်ရာ လူငယ်တစ်ဦးလည်း လိုက်ပါမည်ဖြစ်သည်။ ကျနော်နှင့် လူငယ်လေးတို့နှစ်ဦး ည ၇း၃၀ နာရီတွင် စော်ဘွားကြီးကုန်းမှ စတင်ထွက်ခွာလာရာ အခက်အခဲမကြုံရဘဲ တောင်ငူမြို့သို့ မနက် ၄ နာရီကျော်ချိန်ခန့်တွင် ကားဆိုက်ရောက်ခဲ့သည်။
တောင်ငူမြို့သို့ရောက်သည်နှင့် ကျနော်တို့နှစ်ဦး ဆိုက္ကားငှား၍ စစ်တောင်းတံတားအလွန် ရပ်ကွက်သို့ရောက် ရှိခဲ့ကြသည်။ ထိုရပ်ကွက်ထဲတွင် တော်လှန်ရေးအဖွဲ့အစည်းများ ရှိနေသောကြောင့်ဖြစ်သည်။ ကျနော် ရောက်သည်နှင့် ခြံဝင်းအတွင်းရှိ လူတစ်ယောက်ကို စကားဝှက်ပြောပြလိုက်သည်နှင့် အိမ်ထဲသို့တန်း၍ ဝင်ခွင့်ရခဲ့သည်။ အိမ်နှင့်ခြံမှာ အတော်လေးကျယ်ဝန်းပြီး ကားသုံးလေးစီးခန့် ရှိနေသည်။ ကျနော်တို့အတွက် အပေါ်ထပ်ရှိ အခန်းတစ်ခန်းတွင် နေရာချထားပေးကြသည်။ ကျနော်ခေါ်ဆောင်လာသော လူငယ်လေးမှာ ကျနော့်အကြောင်းကို သေချာဂဏ မသိ၊ နွားကုန်သည်တစ်ဦးအဖြစ်သာ သိထားသည်။
သူ့မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကျနော်နှင့်အလုပ်အတူလုပ်ရန် လိုက်လာခဲ့ခြင်းသာ ဖြစ်သည်။ ကျနော်တို့နှစ်ဦးတည်းခိုသော အိပ်ခန်းအတွင်းရှိ စစ်သုံးဆက်သွယ်ရေးစက်များနှင့် လက်နက်ငယ်အချို့ကို လူငယ်လေး မြင်သွားသည်နှင့် အတော်လေး အနေကြပ်သွားပုံရသည်။ သူ့နှုတ်မှ တစ်ခွန်းမှ စကားမဆိုလာသောကြောင့် ကျနော်လည်း အမှုမဲ့အမှတ်မဲ့ နေလိုက်မိသည်။ ညနေပိုင်း ထမင်းစားချိန်နီးသောကြောင့် ရေချိုးပြီးထမင်းစားရန် သူ့ကိုပြောလိုက်မိသည်။ သူကလည်း “ဟုတ်ကဲ့ပါ အကို၊ ရေမချိုးခင် ကျနော် ဆေးလိပ်သွားဝယ်လိုက်အုံးမယ်” ဟု ပြောကာ အိမ်အပြင်သို့ ထွက်သွားလေတော့သည်။
အချိန်အတော်လင့်သည့်တိုင် ပြန်မလာသောကြောင့် သူ့ပစ္စည်းများကိုသွားရောက်ကြည့်ရှုသော်လည်း မူမပျက်ရှိနေဆဲ၊ ကျနော် ဆက်၍စောင့်နေမိသည်။ မှောင်ရီပျိုးစအထိ ပြန်မရောက်သည့်အဆုံး ကျနော်နှင့် ထိုအိမ်မှ မိတ်ဆွေများ မြို့တွင်းတွင် အပူတပြင်း လိုက်လံရှာဖွေကြသော်လည်း မတွေ့ရတော့ပေ။ နောက်ဆုံး အဝေးပြေးကားဂိတ်သို့ သွားရောက်စုံစမ်းမှ ထိုလူငယ်မှာ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနှင့် ရန်ကုန်သို့ ကားနှင့်ပြန်လည်ထွက်ခွာသွားကြောင်း သိရတော့သည်။ တောင်ငူမြို့၌ သုံးရက်ခန့်ကြာသောအခါ ကျနော့်ကိုလာရောက်ကြိုမည့်ကား ရောက်လာခဲ့သည်။ ထိုကားလေးနှင့်ပင် ယခင်ဆင်းလာခဲ့သည့်လမ်းအတိုင်း သံတောင်၊ ယာတို၊ လိပ်တိုမှတဆင့် လွိုင်ကော်-နောင်ယားသို့ ပြန်လည်ထွက်ခွာလာခဲ့သည်။
လွိုင်ကော်ရောက်တော့ ညနေစောင်းလုရှိနေပြီ။ တွေ့ဆုံစရာရှိသည့် မဟာမိတ် ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးနောက် ဆက်လက်ခရီးထွက်ရန် ပြင်ဆင်ရပြန်သည်။ မဟာမိတ်ခေါင်းဆောင်များ၏ စီစဉ်ပေးမှုကြောင့် နာရီဝက်ခန့်အကြာ ဒီတီဆိုင်ကယ်တစ်စီးနှင့် လူတစ်ယောက် ကျနော့်ထံ ရောက်လာခဲ့သည်။ ကျနော်သွားလိုသည့်နေရာသို့ ပို့ဆောင်ပေးရန် ညွှန်ကြားထားကြောင်း ရှင်းပြလေသည်။ ကျနော်လည်း ခေါင်းဆောင်များကိုနှုတ်ဆက်ပြီး ဆိုင်ကယ်နှင့်ပင် ဆက်လက် ခရီးထွက်ခွာလာခဲ့သည်။
လိုအပ်သည့်ဆိုင်ကယ်ဆီကိုတော့ ပါကန်းရှိ သူတို့ရုံးစိုက်ရာနေရာတွင် သွားရောက် ဖြည့်ထည့်ခဲ့သည်။ ကျနော်လည်း ဆိုင်ကယ်နောက်မှာထိုင်ရင်း မောင်းနှင်ရမည့်လမ်းကြောင်းများကို ညွှန်ပြမောင်းနှင်ခိုင်းရသည်။ ဖရူးဆိုးမြို့သို့မရောက်မီ “ဒေါလောခူ” ရွာထဲသို့ ပို့ဆောင်ခိုင်းခဲ့ရသည်။ ရွာလူကြီးအိမ်ရှေ့ ဆိုင်ကယ်ရပ်သည်နှင့် ရွာလူကြီးလည်း ထွက်၍ကြည့်ရာ ကျနော့်ကိုမြင်လိုက်သည်နှင့် အားရဝမ်းသာ “ မြာဖုကာသိုရ” ဗမာကလေးပြန်လာပြီဟု ကယားဘာသာဖြင့် လှမ်း၍ နှုတ်ဆက်လိုက်သည်။ ကျနော်တို့နှစ်ဦးကို အိမ်ထဲသို့ဖိတ်ခေါ်ရင်း ခေါင်ရည်နှင့် ယုန်သားဖြင့် ကျွေးမွေးဧည့်ခံလေသည်။ ဆယ့်ငါးမိနစ်ခန့်အကြာ ကရင်နီတပ်မတော်မှ စစ်သည် ၂၀ ခန့် ရောက်လာတော့လေသည်။
ထိုအခါ ကျနော့်အား လိုက်ပါပို့ဆောင်သည့်မိတ်ဆွေက “အကိုက အဖွဲ့အစည်းကဆိုတာ ပြောပါလားဗျာ၊ ကျနော်လည်း အထက်ကခိုင်းလို့သာ ပို့ပေးရတယ်၊ ဘာမှန်းမသိဘူး။ အခုမှပဲ သဘောပေါက်တော့တယ်” ဟုဆိုလိုက်သောကြောင့် အားလုံးကပြုံးပြီး သူ့ကိုကြည့်လိုက်ကြသည်။
ကျနော်ကလည်း “ဒီလိုပဲပေါ့ဗျာ ကိုယ့်နေရာ၊ ကိုယ့်ဒေသမရောက်မချင်း သက်ပြင်းကောင်းကောင်းတောင် ဘယ်ချရဲပါ့မလဲဗျာ၊ အမှန်အတိုင်းပြောရရင် အခုမှပဲ အသက်ဝဝရှုရတော့တယ်” ဟုဆိုလိုက်သည်နှင့် ရွာလူကြီးမှလည်း “မြာဖု ရယ်၊ ငါ့မလဲ နင် အဖမ်းခံရရင်လည်း ဒုက္ခ၊ အခုပြန်ရောက်လို့ အစိုးရကသိရင်လည်း ဒုက္ခ၊ ဘယ်နေရာမှကို မလွတ်ဘူး၊ ငါ့မှာ ကျွဲနှစ်ကောင်ကြားက မြက်ထက်ဆိုးပါတယ် ဟယ်” ဟု ငြီးတွားလိုက်လေသည်။
ဆက်ပါအုံးမည်။
အုပ်ကြီးဖေ
28. 01. 3014
No comments:
Post a Comment