မနေ့က ဖုန်းမဆက်ဖြစ်တာကြာပြီဖြစ်တဲ့ အကိုကြီးနဲ့ စကားစမြည် ပြောဖြစ်တယ်။
“အေးကွာ မင်းဖုန်းဆက်လာတာ ဝမ်းသာပါတယ်၊ အင်ဖော်မေးရှင်းတခုပေးချင်တယ်”
“မင်း အကိုလတ်ရဲ့မိသားစု၊ အကြီးအကျယ် ပြဿနာတက်နေတယ်၊ သူ့ယောက္ခမအိမ်ကလည်း ဆင်းဖို့ပြောနေတာကြာပြီ၊ ယောက်ဖတွေကလည်း အရင်ကတော့တမျိုးပေါ့၊ အခုတော့ အခက်အခဲကိုယ်စီနဲ့ကိုး၊ အိမ်တလုံး အမြန်ဆုံးငှားနေဖို့လိုတယ်”
“မင့်အကိုကလည်း အသက် ၆၀ ကျော်၊ ဝင်ငွေကလည်း နည်းတယ်၊ ကလေး ၂ ယောက်လုံးလည်း ဘွဲ့ရပေမယ့် သမီး ကျောင်းဆရာမ ဝင်ငွေရယ်၊ သား စက်ရုံအလုပ်က လခရယ်က အိမ်ငှားနေဖို့ မလောက်ငဘူး၊ တလောတုန်းက သူ့ယောက်ဖတွေက အိမ်သာကိုသော့ခတ်ထားလို့ အတော်ဒုက္ခရောက်ခဲ့တယ်တဲ့”
ကျနော် စိတ်အိုက်သွားတယ်၊ ကြံရည်ဖန်ရည်နည်းပြီး ခပ်အေးအေးနေတတ်တဲ့ အကိုလတ်ရဲ့ စိတ်သဘောနဲ့ ဒီခေတ်ထဲ အံမဝင်နိုင်မှန်း ခန့်မှန်းမိတယ်။
“မင်းကို အပူကပ်တာမဟုတ်ပါဘူး၊ မင်းလည်း အခက်အခဲထဲကနေ ညီအကိုမောင်နှမတွေအားလုံးအပေါ် ထောက်ပံ့ကူညီနေတာ အားလုံးက သဘောပေါက်ပါတယ်၊ အခြေအနေသိအောင် ပြောပြတာပါ”
အကိုကြီးက သတင်းစကားသက်သက်ပြောတယ်ဆိုပေမယ့် ကိုယ်စီကိုယ်င ဝမ်းရေးအတွက်ရုန်းကန်ပြီး ဆင်းရဲတဲ့ ကျနော်တို့ ညီအကိုမောင်နှမတွေ တယောက်ပြဿနာတယောက် ဘယ်လိုလုပ် ဖြေရှင်းနိုင်မှတဲ့လဲ ...။ ကျနော့်မှာလည်း ဟိန္ဒူ မယ်တော်နတ်ဘုရားလို လက်တွေ ခြေတွေက များတယ်။ နိုင်ငံခြားမှာနေရင် အားလုံးက သူဌေးဖြစ်နေပြီလို့ မှတ်နေကြတာ။ ဒီက အခြေအနေတွေ ရှင်းပြနေလည်း သူတို့ နားမလည်နိုင်တာတွေ အများကြီး။
ပြီးတော့ ၂၀၀၇ စက်တင်ဘာအပြီး အိမ်ကိုစုံစမ်းပြီး လာဖမ်းလို့ထွက်ပြေးလာခဲ့ရာက ထိုင်း-မြန်မာနယ်စပ် အုံးဖျံ ဒုက္ခသည်စခန်းထဲမှာ ကလေးတွေကိုစာပြရင်း သောင်တင်နေတဲ့ ညီမလေးရဲ့ တာဝန်လည်းရှိသေးတယ်။
ပြည်တွင်းမှာ တနေ့စားဖို့အစာ တနေ့ အလုအယက်ရှာနေရသူတွေထက် ကိုယ်က အများကြီးသာပါသေးတယ်လို့ဖြေတွေးပြီး ကိုယ့်အိမ်အသုံးစရိတ်ထဲက ခြစ်ခြုတ်လှည့်ပတ်ပြီး ကိုယ်လည်း တဖက်တလမ်းက ဖြေရှင်းပေးရတော့မှာပေါ့ ...။ ရဲဘော်ရဲဘက်တွေပဲလေ၊ မောင်နှမတွေပဲလေ ...။ ညီအကိုတွေပဲလေ ...။
ဒါနဲ့ အိမ်ပြဿနာအကြောင်း ဟိုတွေး၊ ဒီတွေးနေရင်း “အိမ်” အကြောင်း စာရေးချင်စိတ်ပြန်ပေါ်လာတယ်။
မွေးဇာတိမြေက အစိုးရစီမံကိန်းဆိုပြီး ရွှေ့ပြောင်းဖျက်ဆီးခံလိုက်ရတဲ့ ငယ်ငယ်တုန်းက အိမ်လေးအကြောင်း ...။
မိဘဘိုးဘွားပိုင်ဆိုင်သမျှနဲ့ မောင်နှမတွေ ချွှေးနဲစာတွေစုဆောင်းပြီး မိသားစုအိမ်အဖြစ်ဝယ်ထားတဲ့ ရှမ်းပြည်က အိမ်ခြံလေးအကြောင်း ...။
ဒုက္ခသည်စခန်းကို အိမ်အဖြစ်သတ်မှတ်နေထိုင်ခဲ့ရတဲ့ ဘုံပိုင် အိမ်လေးအကြောင်း ...။
အကျဉ်းထောင်ထဲရောက်တော့ ထောင်ကို အိမ်လို သတ်မှတ်နေထိုင်ခဲ့ရတဲ့ အကျဉ်းအိမ်လေးအကြောင်း ...။
တော်လှန်ရေးကာလ မဏိပူရပြည်နယ်မှာ ခိုလှုံနေစဉ် မဏိပူဘုရင်မျိုးဆက် နောက်ဆုံးမင်းသားကြီးက ကျနော်တို့ကို ချစ်ခင်ကြင်နာလို့ နေထိုင်ခွင့်ပေးခဲ့တဲ့ အင်ဖားမြို့ နန်းတော်ဝင်းထဲက ခြံကျယ်ကျယ်နဲ့ အိမ်လေးအကြောင်း ...။
မဏိပူရ နိုင်ငံရေးလောကမှာ ထင်ရှားတဲ့ Manipur People Party (MPP) ဥက္ကဋ္ဌ အိုဂျွိုင်းဆင်းရဲ့ နေအိမ်မှာ ရုံးခန်းဖွင့်နေထိုင်ရုံမက ထမင်းပါကျွေးတဲ့ အန်ကယ်ဂျွိုင်းတို့ ကသဲမိသားစု အိမ်လေးအကြောင်း …။
ဒေလီမြို့တော်ရောက်ခါစ ဒုက္ခသည်ထောက်ပံ့ကြေး အနည်းအကျဉ်းကို ဝိုင်းရှယ်ပြီး တိုက်ခန်းကျဉ်းကျဉ်းလေးထဲ ရဲဘော်ရဲဘက်တွေ ကြပ်ကြပ်တည်းတည်း အတူနေစဉ် ငါးပိချက်စားမိလို့ အိမ်ရှင်က ချက်ချင်းနှင်ထုတ်ခဲ့တဲ့ အိမ်ကလေးအကြောင်း ...။
“အိန္ဒိယအစိုးရက အာလူးတလုံးတောင် မထောက်ပံ့တဲ့ မြန်မာကျောင်းသား တော်လှန်ရေးသမားတွေ နေစရာမရှိလို့ ငါက နေဖို့ပေးထားရတာကွ” လို့ သတင်းစာမှာ အင်တာဗျူးခဲ့တဲ့ နာမည်ကြီး ဆိုရှယ်လစ် အတိုက်အခံ နိုင်ငံရေးသမားကြီးလည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်ခဲ့တဲ့ အန်ကယ်ဂျော့ခ်ျ (မစ္စတာ ဂျော့ခ်ျ ဖန်နန်ဒေ့စ်)ရဲ့ နယူးဒေလီမြို့လယ် ပါလီမန်အနီး ဗွီအိုင်ပီ ရပ်ကွက်ထဲက အိမ်အကြောင်း ...။
သတင်းထောက်လုပ်ရင်း ငှားရမ်းနေထိုင်ခဲ့တဲ့ အိမ်ကျယ်ကျယ် ဝရံတာလေးမှာ နယ်စပ်ကသယ်လာရင်း အနံ့အသက်မကောင်းတော့တဲ့ အမဲသားခြောက်နဲ့ ဆူးပုတ်ရွက်တွေလှမ်းမိလို့ အနံ့မခံနိုင်တဲ့အိမ်ရှင်က ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့တဲ့ အိမ်ကလေးအကြောင်း ...။
ရပ်ကွက်လည်းသန့်၊ အိမ်လည်းကျယ်၊ လုံခြုံမှုလည်းရှိလို့ လခကောင်းကောင်းပေးပြီး ငှားနေတဲ့အိမ်ကလေး၊ အိမ်ရှင်က လျှပ်စစ်မီး ခိုးသွယ်၊ တယ်လီဖုန်းလိုင်း ခိုးသွယ် ပညာပြလို့ တယ်လီဖုန်းခနဲ့ မီတာခွန် မတန်တဆပေးရတာကြောင့် ဆုတ်ခွာခဲ့ရတဲ့ လူလိမ်ကုလားတွေရဲ့ အိမ်လေးအကြောင်း ...။
ပိုးဟတ် မမြင်ရ၊ ကြွက် မတွေ့ရ၊ ပရွက်ဆိတ်နဲ့ ခြင်၊ ယင်တောင် မဝင်နိုင်လောက်အောင် လုံခြုံစိတ်ချရတဲ့ နော်ဝေးနိုင်ငံက အိမ်တွေအကြောင်း ...။
ပြီးတော့ …
ဘဝရဲ့ လေးချိုး သုံးချိုး ရောက်နေပေမယ့် ဒီကနေ့အထိ ကိုယ်ပိုင်အိမ်နဲ့ မနေနိုင်သေးတဲ့ ကျနော်တို့မိသားစုရဲ့ စိတ်ကူးထဲက အိမ်လေးအကြောင်း ...။
နောက်တခါ …
အရင်လို မဖြတ်လတ်၊ မသန်စွမ်း၊ ခါးချိ၊ ဒူးနာ၊ ရင်တွေကျောတွေအောင့်ပြီး အသက်အရွယ်ရလာလို့ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေတဲ့ ကျနော်တို့ရဲ့ မတည်မြဲတဲ့ ခန္ဓာအိမ်အကြောင်း ...။
နောက်ဆုံး ...
အရွယ်သုံးပါးနဲ့ အိုခြင်း၊ နာခြင်း၊ သေဆုံးခြင်းမရှိ ထာဝရ အသက်နဲ့နေထိုင်နိုင်တဲ့ ကောင်းကင်ဘုံမှာ ထာဝရငြိမ်းအေးစွာ တည်ရှိနေမယ့် ထာဝရအိမ်လေးအကြောင်း ...။
အဲဒီ ... အဲဒီအကြောင်းတွေကို “အိမ်” ဆိုတဲ့ နာမည်ပေးပြီး စီးရီးလိုက် ရေးချင်တာကြာပြီ ...။ ဘယ်တော့ရေးဖြစ်မလဲ မသိဘူး။ လောလောဆယ် ... အသက်ရှင်သန်ဖို့ “အစာအိမ်” ကိစ္စကိုပဲ အရင်ဖြေရှင်းလိုက်ပါအုံးမယ် ...။ အလုပ်ပြေးပြီဗျို့ …။ ။
ကိုညို (အော်စလို)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment