Friday, November 1, 2013

အမဲရောင်ခေတ် (ကိုညို)

လည်ပတ်နှုန်းက ၆၂ ထက်ပိုမြန်တယ်
ပိုသိမ်မွေ့တယ်
ပြီးတော့ ...
ပို ရက်စက်တယ်
ပိုရှုပ်တယ်
လက်ရော၊ ခြေရော
အထဲရေ အပြင်ရော
ကြိုးတွေအကုန်ရှုပ်နေတာ ...။

ရက်စက်တာလည်း ကမ်းကုန်တယ်
လက်သည်တောင်မပေါ်ဘူး
အရင်က သေနတ်နဲ့ ပစ်သတ်တာ
အခုက ပါးစပ်နဲ့ ဝါးသတ်တာ
အရင်က သူ့လူနဲ့သူ ခပ်ခွာခွာ
အခုဟာ
ကိုယ့်လူနဲ့ကိုယ့်ကို ထိုးကျွေးတာ။


ရန်သူလား မိတ်ဆွေလား မကွဲတော့ဘူး
ညီအကို မသိတသိထက်တောင် ပိုမသိရတဲ့ခေတ်
ခံစားလို့ ကောင်းသူကောင်း
စံစားလို့ ကောင်းသူကောင်း
မောင်းသူကမောင်း
ညောင်းသူကညောင်း
ရေစီးကြောင်းက အပြောင်းအလဲမြန်ဆန်တယ်။

ကိုယ့်ရန်သူက သူ့မိတ်ဆွေဖြစ်
သူ့ရန်သူက ကိုယ့်ဆီမိတ်ဖွဲ့ နဲ့
တလောကလုံး ချာလည်ပတ်လည်
ဒါပေမယ့်
လည်လည်ဝယ်ဝယ်ရှိမှ
ခေတ်ကောင်း မီတဲ့ခေတ်။

မိတ်ဆွေ ...။
နှုတ်ပိတ်ပြီး ခပ်ဆိတ်ဆိတ်နေ
ခေတ်ပျက်တုန်း ရူးချင်ယောင် ဆောင်ချင်ဆောင်
အမှောင်ထဲမှာဆိုတော့
ကြောင်တိုင်းက အနက်ချည်းပဲ ...။   ။

ကိုညို (အော်စလို)

ဓာတ်ပုံကတော့ ၂၀၁၁ ဇွန်လက အော်စလို အနောက်မြောက်ဘက် Bessegem တောင်တန်းဒေသက ဆာမီးမျိုးနွယ်များနေအိမ်ရှေ့ အမှတ်တရ ရိုက်ကူးခဲ့တယ်။





No comments: