မနက်... ဘီဘီစီသတင်းမှာ ... ဗကပ ဌာနချုပ် ပန်းဆန်း ကို “ဝ” တွေ အာဏာသိမ်းတဲ့သတင်း လာတယ်။ ညနေ ၁၅း၄၅ မှာ ကော်မူးရာ (ဝမ်ခသစ်) စခန်းကို ပထမဆုံး ရန်သူ့ လက်နက်ကြီးကျည် စ ကျတယ်။
အဲဒီ အချိန်က ဒီအေဘီ တပ်ပေါင်းစုဌာနချုပ်ရုံး၊ မကဒတ ဗဟိုဌာနချုပ်ရုံး နဲ့ မကဒတ - ကေအန်ယူနယ်မြေ ကော်မတီရုံးတွေက ကော်မူးရာ မှာရှိတယ်။ ကေအန်အယ်အေ အထူးတပ်ရင်း (၁၀၁)ဌာနချုပ် နဲ့ မကဒတ ကျောင်းသားတပ်မတော် တပ်ရင်း (၂၁၁) တို့ တပ်စွဲထားတဲ့ မဲဆောက်နဲ့ မိနစ် ၂၀ လောက်ပဲဝေးတဲ့ စခန်းကြီးပေါ့။
ပထမ တလုံးက ဒီအေဘီရုံး နဲ့ မကဒတ နယ်မြေရုံး (ကေအန်ယူ သစ်တောရုံးဟောင်း) ကြားမှာ ကျတယ်။ နယ်မြေရုံးခေါင်းရင်းက နံရံတစိတ် ပါသွားတယ်။ နယ်မြေရုံး နောက်ကျောဘက်မှာ မကဒတ ဗဟိုဌာနချုပ်ရုံး ရှိတယ်။ ရှေ့က ဘုန်းကြီးကျောင်းဝန်းထဲမှာ ဒုတိယ တလုံးကျတယ်။ ကြက်တကောင်နဲ့ ငှက်ပျောပင် ၃ ပင် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူသွားတယ်။ နောက် ၂ လုံးက ဘော်လုံးကွင်းနဲ့ နောက် ၃ လုံးက (၁၀၁)တပ်ရင်းရုံးဘက်မှာ မြေသက်တော်မူတယ်။
အရေးပေါ် နယ်မြေကော်မတီ အစည်းအဝေးကို ရှိတဲ့သူနဲ့ ညနေ ၁၇း၁၅ မှာခေါ်တယ်။ အိုနာကျိုးကန်း အုပ်စုနဲ့ ရုံးအဖွဲ့ဝင်တဝက်ကို ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ဦးဆောင်မှုနဲ့ မဲဆောက် ဒေါက်တာစင်သီယာဆေးခန်းကိုဆုတ်ခွာပြီး ရုံးလုပ်ငန်းနဲ့ ထောက်ပို့လုပ်ပေးဖို့ တာဝန်ချတယ်။ (အဲဒီတုန်းက ဒေါက်တာစင်သီယာမောင်က နယ်မြေကော်မတီ ကျန်းမာရေးတာဝန်ခံပါ)။ ဆိုင်းသံဗုံသံကြားရလို့ လည်ဆံမွေးတထောင်ထောင်နဲ့ ခွပ်လက်ပြင်နေတဲ့အုပ်စုကိုတော့ နယ်မြေဥက္ကဋ္ဌ ဦးဆောင်ပြီး မဟာမိတ်တွေနဲ့လက်တွဲတိုက်ပွဲဝင်ဖို့ တထိုင်တည်း ဆုံးဖြတ်ချက်ချတယ်။ (၁၀၁) တပ်မှူး ဒုဗိုလ်မှူးကြီးတောလှကို ချက်ခြင်းအကြောင်းကြားတော့ ဗိုလ်လှဝေဖုတ်မှာ အခြေပြုဖို့ အမိန့်ရတယ်။ [ပြောသာပြောရတာ လူ ၂၂ ယောက်ပေါင်းမှာ လက်နက်ဆိုလို့ ပွိုင့် ၃၂ တလက်ပဲရှိတယ်။ နောက်မှ ငိုအားထက် ရယ်အားသန်တွေ ရေးရဦးမယ်။]
[ဗိုလ်လှဝေက ရင်း ၁၀၁ လက်နက်ကြီးတပ်ခွဲကပါ။ (အခု မင်နီဆိုတာမှာ ထင်ပါ့)။ ဖုတ် ဆိုတာကတော့ ကွန်ကရစ်တထပ်၊ ကျွန်းလုံးတိုင်တွေတထပ်နဲ့ အခိုင်အမာလုပ်ထားတဲ့ ကတုတ်ကျင်းကြီးတွေကိုခေါ်တဲ့ ဒေသိယစကားပါ။ စခန်းပတ်ပတ်လည်မှာ အဲဒီလိုအခိုင်အမာ ကတုတ်ကျင်းကြီးတွေ ရှိပါတယ်။ အဲဒီထဲမှာ လက်နက်ကြီးကျည်နဲ့ အရံခဲယမ်းမီးကျောက်တွေလည်း သိုလှောင်ထားလေ့ရှိပါတယ်။ သူ့ရှေ့မှာတော့ သစ်လုံးငယ်တွေ၊ ဝါးတွေ၊ တခါတလေလည်း သင်္ဘောပင်တွေနဲ့ ယာယီလုပ်ထားတဲ့ ပစ်ကျင်းလေးတွေ ၄/၅/၆ ခုစီ ရှိပါတယ်။ ဗိုလ်လှဝေအိမ်နဲ့နီးရင် ဗိုလ်လှဝေဖုတ်၊ ဗိုလ်မှူးသန်းမောင်အိမ်နဲ့နီးရင် ဗိုလ်မှူးသန်းမောင်ဖုတ်၊ ဆရာဝေါ ဘားတိုက်နဲ့နီးရင် ဆရာဝေါဖုတ် စသဖြင့် အမှတ်သညာပြုကြရသပေါ့ဗျာ။ “အလုံးကြီးတွေကျရင် (လက်နက်ကြီးကျည် အရမ်းကျရင်) ဖုတ်ထဲ ခေါင်းဖွက်ထား”... လို့ အမောင်ကျောင်းသားတွေ မြိန်ရည်ရှက်ရည် နောက်ကြတဲ့ခေတ်ပေါ့။ (တော်ပါသေးရဲ့ ... အဲဒီတုန်းက ၁၀၁ မှာ အမျိုးသမီးတပ်မှူးတွေ မရှိလို့...)]
ထားပါတော့ ... ဖုတ်ဋီကာဖွင့်နေရတာနဲ့ လိုရင်းမရောက်တော့ဘူး။ ပြောချင်တာက ... အထက်က နယ်မြေကော်မတီဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ထားချက်ကို နောက်ဖေးက ဗဟိုရုံးကို သွားသတင်းပို့တယ်။ အဲဒီအချိန်မှာ ခေါင်းဆောင်တချို့ မျက်နှာမှာသွေးဆုတ်ပြီး ရာဇအိနြေ္ဒပျက်နေကြတယ်။
ဗဟိုကော်မတီတချို့က တိုက်စရာမလိုဘူး၊ ဆုတ်မယ်လို့ ပြောတယ်။ တချို့က မဟာမိတ်ကို ကူတိုက်ရမယ်လို့ ပြောတယ်။ တချို့က (ဘာမှန်းမသိဘဲ ... အလုံးကြီးနဲ့) ဒါ ... ခံစစ်သေ ... တိုက်စရာမလိုဘူးလို့ ပြောတယ်။ အဆိုးဆုံးကတော့ “ဒါ သူတို့နယ်မြေ၊ ငါတို့ အသေခံတိုက်စရာမလိုဘူး”... လို့ပြောတဲ့ပုဂ္ဂိုလ်ပဲ။ မကဒတ ထိပ်ပိုင်းခေါင်းဆောင်မှုကြားမှာ ပထမဦးဆုံး အတွေးအခေါ်စကွဲတာကို တွေ့ဖူးတာပဲ။
ပထမတော့ ခေါင်းဆောင်ကြီးတွေ အလုံးကြီးထုနေကြတာကို နားထောင်နေသေးတယ်။ နောက်တော့ တကဲ့အလုံးကြီးတွေထပ်ကျလာရင် မလွယ်ဘူးဆိုပြီး ... “အဖွဲ့အစည်းတခုမှာ ဗဟိုဆိုတာ အရေးအကြီးဆုံး၊ ဗဟိုအကျခံလို့မရဘူး ...။ ခင်ဗျားတို့ ဆုတ်ပါ ...၊ ဒီမှာ ၂၁၁ ရှိတယ်၊ ကျနော်တို့ နယ်မြေကော်မတီ ရှိတယ်”... လို့ ဝင်ပြောမှပဲ တချို့ တချို့ရဲ့ရင်ထဲက အလုံးကြီးတွေ ကျသွားဟန်တူတယ်။ တခဲနက် ဝိုင်းထောက်ခံလိုက်လို့ အစည်းဝေးရပ်ပြီး အထုတ်အပိုးပြင်ကြလေရဲ့။
ဒါပေမယ့် ခုနက ပုဂ္ဂိုလ်အပါအဝင် ဗိုလ်ဆန်ပြုတ်တချို့ရဲ့ မဟာ့မဟာ အတွေးအခေါ်တွေကို ဆော်ချင်စိတ်ကတားမရတော့ “ခင်ဗျားတို့ ထောက်ကြန့်ကနေ ခါးတောင်းကျိုက်ပြီး သွားစောင့်နေကြဗျာ ...။ ကျနော်တို့ ရန်ကုန်သိမ်းခါနီးကျရင် လက်တို့လိုက်မယ်၊ ဒီကြားထဲတော့ ခင်ဗျားတို့ ခါးတောင်းကျိုက် မပြုတ်စေနဲ့ ... မင်္ဂလာဒုံနဲ့ သိပ်နီးတယ်”... လို့ နောက်လိုက်မိတယ်။ တချို့က (ဒီနေ့အထိ) အဲသလို အပြောအဆိုမျိုးတွေကို မျက် နေဟန်ရှိတယ်။ မတတ်နိုင်ဘူး.. (ဒီနေ့အထိ) အဲ့ဒီအကျင့်က မဖျောက်နိုင်ဘူး။
ဆိုတော့ ... အတိုချုပ်ရရင် အဲဒီကစပြီး ကော်မူးရာတိုက်ပွဲ ပြင်းထန်လာလေသတည်းပေါ့ဗျာ ...။ ရေးစရာတွေ ပြောစရာတွေကတော့ တိုက်ပွဲတပွဲတည်းအကြောင်းပြောရရင်တောင် တစ်ထောင့်တစ်ည မဟုတ်ပေမယ့် တစ်ရာ့တစ်ညလောက်တော့ အသာလေးရှိနိုင်ပါတယ်။ နောက်များမှပေါ့ ...။
အခု ၂၅ နှစ်မြောက်မှာ အမှတ်တရရေးချင်တာက မကဒတရဲ့(ပထမဦးဆုံးဖြစ်နိုင်တဲ့) လူမသိ သူမသိ စာစောင်လေးတစောင် အကြောင်းပါ။ အဲဒီတုန်းက ဒေါင်းအိုးဝေတွေ၊ Dawn တွေ မထွက်သေးပါဘူး။ အောက်က ပုံတွေမှာပါတဲ့အတိုင်း နာမည်က ရိုးရိုးရှင်းရှင်း "Revolution” တဲ့။ ဒါပေမယ့် ပေါ့သေးသေးတော့ မဟုတ်ဘူး ...။ မီးကျိုးမောင်းပျက် သိုးဆောင်းဘာသာ နဲ့ စ ထုတ်တာ။ ကော်မူးရာတိုက်ပွဲကို အကြောင်းပြုပြီးတော့ ... တိုက်ပွဲသတင်းစဉ်ပေါ့လေ ...။
အယ်ဒီတာလည်း တယောက်တည်း ... စစ်မြေပြင်သတင်းထောက်လည်း တယောက်တည်း ... ဓာတ်ပုံသတင်းထောက်လည်း သူပဲ ... လက်ရေးစာလုံးလည်း သူပဲ ... ထုတ်ဝေသူလည်း သူပဲ။ မျက်နှာဖုံးဒီဇိုင်းတခုပဲ ...။ ဆွဲပေးတဲ့သူက ဒုတိယနဲ့ နောက်ဆုံး Issue မှာ အယ်ဒီတာလုပ်တဲ့ ဒေါင်းနီ (ရဲဘော်တင်ဦးလွင်၊ တပ်ရင်း ၂၁၀) ပေါ့။ အဲဒီတုန်းက သူက နယ်မြေကော်မတီ ပြန်ကြားရေးတာဝန်ခံ။ တိုက်ပွဲစလို့ တစ်လအကြာမှာ ဒီစာစောင်ကို ဖုတ်ထဲမှာရေး ... ဖုတ်ထဲမှာ ဖြတ် ညှပ် ကပ် လုပ်ပြီး ဖုတ်ထဲကပဲ ထုတ်လိုက်ပါတယ်။
ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား အကြောင်းအရာတွေတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဓာတ်ပုံနဲ့တကွ တိုက်ပွဲသတင်းတွေ ... ရန်သူတွေ ဘယ်လိုမရှုမလှ ကျဆုံးကြောင်း ...၊ လက်နက်တွေ ဘယ်လောက်သိမ်းရကြောင်း၊ လက်နက်ကြီးတွေကြားမှာ ကျောင်းသားတွေဘယ်လို သတ္တိရှိရှိ တိုက်ပွဲဝင်ကြောင်း ...(အမှန်တော့ မျက်ကန်းတစ္ဆေမကြောက် ဆော်ကြတာ)... စစ်ကိုမုန်းပေမယ့် လူထုအတွက် စာသင်ခန်းတွေကိုစွန့်ခွာပြီး စစ်တိုက်ရတဲ့အကြောင်း ...၊ နိုင်ငံတကာ ကျောင်းသားသမဂ္ဂတွေက မကဒတ ကိုထောက်ခံကြောင်း ...၊ စစ်အစိုးရကို ရှုတ်ချကြောင်း ... ဘာညာ ... သာရကာ ပေါ့လေ ...။
ဒါပေမယ့် အဲ့ဒီခေတ်အတိုင်းအတာနဲ့ ပေါက်တယ်လို့ ပြောရမယ်နဲ့တူတယ် ...။ မာနယ်ပုလော ရွှေမြို့တော်က ကေအန်ယူ ဒုဥက္ကဋ္ဌ (ပဒိုစောသန်းအောင်) နဲ့ ကေအိုင်အို ဥက္ကဋ္ဌ (ဒူကဘာ ဘရန်ဆိုင်း) ဆီကနေ ချီးကျူးဂုဏ်ပြုစာတွေနဲ့အတူ နောက်တစောင်ထပ်ထုတ်ဖို့ ထောက်ပံ့ငွေ အဿပြာ ဘတ် ၃၀၀၀ ပို့လာပါတယ်။ ကျနော်တို့လည်း ဝမ်းသာအားရ နောက်တစောင်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ကျိတ်တော့တာပေါ့။
အဲဒီမှာ ပြဿနာ စတက်တာပဲ ...။ ဒုတိယ (နဲ့ နောက်ဆုံး) စာစောင်ကို ကာတွန်း၊ ဆောင်းပါး၊ သတင်း၊ မှတ်တမ်း၊ သရော်စာ ... တွေနဲ့ ဝေဝေဆာဆာ ထုတ်လိုက်မဟဲ့ ဆိုပြီး ဒေါင်းနီနဲ့ နှစ်ယောက်ပေါင်း လောင်းကျော် လုပ်ကြပါတယ်။ (ဟုတ်ပါတယ် ... ဖုတ်ထဲကနေ ထုတ်တာပါပဲ ...)
အဲဒီ ဒုတိယနဲ့ နောက်ဆုံးထုတ် “တော်လှန်ရေး” စာစောင်ထဲက “ဂုရုကြီး မစ္စတာမလေးရီးယား” ဆိုတဲ့ ကလောင်နာမည်နဲ့ရေးတဲ့ သရော်စာဟာ ဂုဏ်သရေရှိ မဟာ ဗဟိုကော်မတီလူကြီးမင်းတချို့ရဲ့ မရှိတဲ့ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ “စုံ၊ ခုံ” ဖွဲ့ပြီး ဗဟိုကော်မတီကနေ အမည်ပေါက်ထုတ်ဝေသူ ကျနော်နဲ့ အယ်ဒီတာမင်း ဒေါင်းနီကို ခေါ်ယူ စစ်ဆေးမေးမြန်းတော်မူပါတယ်။ ကျနော်တို့ ပုလင်းတူဗူးဆို့ နှစ်ကောင်ကလည်း ဒီအရေးအခင်းကို မနှိုင်းသင့် မနှိုင်းအပ်ရာ “ညိုမြ နဲ့ အောင်ဆန်း” ရဲ့ “ငရဲခွေးကြီး လွတ်နေသည်” လောက်ထင်ပြီး ဘဝင်လေဟပ်နေတော့ ... ဘယ်ဖော်မလဲ၊ ပြုံးပြုံးလေးနဲ့ တင်းခံ ... ငြင်းဆန်ကြသပေါ့ ...။
ဗဟိုလုပ်ငန်းစစ်နဲ့ စည်းကမ်းထိမ်းသိမ်းရေးက ဘော်ဘော်တွေခမျာလည်း ဘောင်ဝင်အောင် စစ်သာစစ်နေရတာ ဘယ်သူ့လက်ချက်လည်းဆိုတာ အားလုံးသိပြီးသား။ နောက်ဆုံး စစ်လို့မပေါ်တော့ “တော်လှန်ရေး” ကို ထုတ်ဝေခွင့်ပိတ်လိုက်ပါတယ်။ (ခုခေတ်လို ကွန်ပြူတာသိမ်း၊ တိုက်ကို ချိတ်ပိတ်တော့ မလုပ်ပါဘူး။ ဖယောင်းစက္ကူပေါ်ရေးတဲ့ ကညစ်ကို သိမ်းရအောင်ကလည်း အရပ်ရပ်နေပြည်တော် ကြားလို့မတော် ... ...။ ဖုတ် ကို ချိတ်ပိတ်ရအောင်ကလည်း အလုံးကြီးတွေကြောက်လို့ မလာရဲ ... ဆိုတော့ ... ဒီလောက်နဲ့ပဲ ပြီးသွားပါတယ်)
(ကြုံကြိုက်ရင် ... အကြောင်းတိုက်ဆိုင်ရင် ဆက်ရေးပါဦးမည် ...)
မှတ်ချက်။ ။ ယခု "Revolution” စာစောင် ကော်ပီကို ၂၀၀၉ ခုနှစ် နယ်သာလန်နိုင်ငံ အမ်စတာဒမ်ရှိ IISH သို့ သွားရောက်လည်ပတ်စဉ် အမှတ်မထင်တွေ့ရှိ၍ ပြန်လည် ကော်ပီကူးယူခဲ့ခြင်းဖြစ်ပါကြောင်း။ အမှုဖြစ်သော ဒုတိယစာစောင်လက်ဝယ်ရှိသူများ ပြန်လည် ကြင်နာကြပါရန် မေတ္တာရပ်ခံပါကြောင်း။)
သူ့ ဖေ့စ်ဘွတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment