အလုပ်ဖြစ်တဲ့ ပြည်သူ့ဝန်ထမ်းစနစ် (Usable Bureaucracy)
ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ မှားယွင်းရုံသာမက အန္တရာယ်ရှိတဲ့ အယူအဆ တရပ်ကတော့ တဦးချင်း လွတ်လပ်မှုကို ဘောင်ချဲ့ယူဖို့အတွက် အစိုးရရဲ့အာဏာ သက်ရောက်မှုဘောင်ကို ချုံ့ပစ်ဖို့ လိုအပ်တယ်ဆိုတဲ့ စဉ်းစားချက်ပါပဲ။ စစ်အေးကာလ တလျှောက်လုံးနဲ့ စစ်အေး အလွန်ကာလမှာ လူကြိုက်များတဲ့ အယူအဆလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် စစ်အေး အလွန်ခေတ် ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ နိုင်ငံတွေကိုရဲ့အခြေအနေကို ဓမ္မဓိဌာန်ကျကျ လေ့လာတဲ့အခါမှာတော့ ဒီအယူအဆဟာ လက်တွေ့မှာ မှားယွင်တယ်ဆိုတာကို ပညာရှင်တွေက တွေ့ရှိပြီး ပြန်လည်သုံးသပ်လာကြတယ်။
အစိုးရ အာဏာနဲ့ပတ်သက်လာရင် ယျေဘုယျအနေနဲ့ (၁) တရားမဲ့ အာဏာစက် (Despotic Power) နဲ့ (၂) တရားသဖြင့် အာဏာစက် (Infrastructural Power) ဆိုပြီး နှစ်မျိုးခွဲမြင်ဖို့ လိုပါတယ်။ ဒီမိုကရေစီအခြေကျနေတဲ့နိုင်ငံတွေကို ကြည့်တဲ့အခါ တရားသဖြင့် အာဏာစက်ရဲ့ သက်ရောက်မှုက ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေထဲအထိ ထိုးဖောက်ဖြန့်ကျက်နေတာကို တွေ့နိုင်ပါတယ်။ နိုင်ငံသားတယောက် မွေးတဲ့အချိန်ကနေ သေတဲ့အချိန်အထိ (ဥပမာ ပညာရေးမှတ်တမ်း၊ ထိမ်မြားလက်ထပ်ခြင်း၊ အိမ်ထောင်ကွဲခြင်း။ အသက်မွေးမှု၊ ဝင်ငွေ၊ အိမ်ပိုင်၊ ကားပိုင်၊ ပြည်ဝင်ပြည်ထွက်၊ ဒုစရိုက်မှု စသဖြင့်) အစိုးရရဲ့မျက်စိအောက်ကနေ မလွတ်ပါဘူး။
တရားဥပဒေစိုးမိုးရေး ရှု့ထောင့်ကနေ ကြည့်ကြည့်၊ ဖွံ့ဖြိုးရေးရှု့ထောင့်က ကြည့်ကြည့် ဒီလို အချက်အလက်တွေဟာ အရေးကြီးပါတယ်၊ ဆင်းရဲတဲ့နိုင်ငံတွေကိုကြည့်ရင် လူဦးရေစာရင်းတောင် မှန်ကန်အောင် မရှိတတ်ပါဘူး။ တနည်းအားဖြင့်ပြောရရင် (State Effectiveness) လို့ ခေါ်တဲ့ နိုင်ငံတော်ရဲ့ စွမ်းဆောင်ရည်မြင့်မားကိစ္စနဲ့ ဆိုင်ပါတယ်။ နိုင်ငံတော် စွမ်းဆောင်ရည်မြင့်မားဖို့ဆိုရင် နိုင်ငံတော် ယန္တရားတွေ (ပြည်သူ့ဝန်ထမ်းစနစ်) ရဲ့ စွမ်းဆောင်ရည် မြင့်မားဖို့လိုပါတယ်။ ဒီစာစုမှာ ဒီမိုကရေစီရဲ့ စတုတ္ထအုတ်မြစ်ဖြစ်တဲ့ အလုပ်ဖြစ်တဲ့ (တနည်း) စွမ်းဆောင်ရည်မြင့်မားတဲ့ ဗျူရိုကရေစီအကြောင်းကို ဆွေးနွေးသွားချင်ပါတယ်။
တချို့ပညာရှင်တွေက ဒီမိုကရေစီရှင်သန်ဖို့ တင်ကြိုလိုအပ်ချက် (ရေခံမြေခံ) သုံးမျိုးလိုအပ်တယ် လို့ ထောက်ပြကြတာရှိပါတယ်။ (၁) ရှင်သန်ဖွံ့ဖြိုးသော အရပ်ဘက်အဖွဲ့အစည်း၊ (၂) စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရေချိန် အတိုင်းအတာတခုအထိ မြင့်မားခြင်း၊ (၃) (strong civic culture) တာဝန်သိတဲ့ နိုင်ငံသားဓလေ့ အားကောင်းခြင်းတို့ကို ညွန်းပါတယ်။ နောက်ပိုင်းမှာ ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေက အလုပ်ဖြစ်တဲ့ ပြည်သူ့ဝန်ထမ်းစနစ် (Usable Bureaucracy) ကို နံပတ် (၄) အနေနဲ့ ဖြည့်စွက်ကြတယ်။ တချို့က ဒီမိုကရေစီရဲ့ အရေးအကြီးဆုံးမဏ္ဍိုင်လို့တောင် ညွန်းတာ ရှိပါတယ်။ ယုတ္တိကလည်း ရှင်းပါတယ်။ အစိုးရတရပ်ဟာ အခြေခံအကျအဆုံး ယန္တရားတွေကိုမှ လည်ပတ်နိုင်စွမ်းမရှိရင် ဘယ်လို ဒီမိုကရေစီမျိုးကို ကျင့်သုံးသည်ဖြစ်စေ မရှင်သန်နိုင်ပါဘူး။ ဒီမိုကရေစီရဲ့ အကျိုးကျေးဇူးကို ပြည်သူတွေ မခံစားနိုင်ပါဘူး။ No Effective State = No Democracy ပါပဲ။
State (နိုင်ငံတော်) ဆိုတာကို အကျဉ်းချုပ်အဓိပ္ပာယ်ဖွင့်ရရင် နယ်နိမိတ်တခုအတွင်းမှာ တရားသဖြင့် အင်အားကို အသုံးပြုနိုင်တဲ့ အင်စတီကျူးရှင်းတရပ်ပါပဲ။ နိုင်ငံတော် တခုရယ်လို့ ဖြစ်တည်လာဖို့ “အင်အား” (physical force) ဟာ အခြေခံ လိုအပ်ချက်ပါပဲ။ အားမရှိရင် နိုင်ငံတော် ဆိုတာလည်း မရှိနိုင်ပါဘူး။ No Power = No Effective State ပါပဲ။ ပြည်ပရန်ကို ကြောက်နေရတဲ့အစိုးရဟာ အားကောင်းတဲ့အစိုးရ (effective government) မဖြစ်နိုင်ပါဘူး။ ဒီလိုပဲ ပြည်တွင်းမှာ သူတလူ ငါတမင်းနဲ့ အကြမ်းဖက်တဲ့ အုပ်စုတွေ နေရာပေါင်းစုံမှာ သောင်းကျန်းနေတာကို မထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေရင် မင်းမဲ့နိုင်ငံ (statelessness) ဖြစ်သွားပါလိမ့်မယ်။
ဒီလိုပဲ ပြည်သူတွေရဲ့ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်၊ ပြည်သူပြည်သားတွေကို အကာအကွယ်ပေးဖို့၊ ဒုစရိုက်မှုသမားတွေကို နှိမ်နင်းဖို့၊ အဂတိတရားတွေကို ထိန်းသိမ်းဖို့၊ အားနည်းသူတွေကို ကာကွယ်ဖို့ကိစ္စတွေမှာ နိုင်ငံတော်က တာဝန်ရှိပါတယ်၊ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့အခွင့်အရေးကို အာမခံရ၊ ကာကွယ်ပေးရတဲ့ အစိုးရစနစ်၊ တရားဥပဒေကို မှီခိုတဲ့ အစိုးရ စနစ်မဟုတ်ပါလား။ ဗဟိုအစိုးရဲ့ သြဇာက နိုင်ငံအနှံ့ကို မသက်ရောက်နိုင်ရင်၊ ထိရောက်တဲ့ အစိုးရတရပ် (effective centralized state) မဖြစ်ရင် ထိရောက်တဲ့ တရားဥပဒေစနစ်လည်း မရှိနိုင်၊ အငြင်းပွားမှုများအတွက် ဖြေရှင်းပေးနိုင်တဲ့ ယန္တယားကင်းမဲ့ပြီး အစိုးရကလည်း လူထုရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။
ဥပမာ ဆိုမားလီးယားနဲ့ တောင်ဆူဒန်တို့ကို လွတ်လပ်တဲ့အချုပ်အခြာပိုင်နိုင်ငံလို့ နိုင်ငံတကာက အသိအမှတ်ပြုထားပေမယ့် အစိုးရတွေဟာ မြို့တော်ကွက်ကွက်လေးကလွဲပြီး အာဏာသက်ရောက်နိုင်စွမ်း မရှိကြပါဘူး။ နှစ်နိုင်ငံစလုံးလည်း အစိုးရသက်သက်မှတ်မှတ်နဲ့ နေထိုင်ခဲ့ဖူးတဲ့ အတိတ်သမိုင်းလည်း မရှိပါဘူး၊ လူမျိုးစုအလိုက် တကွဲတပြားစီနေထိုင်ခဲ့ကြသလို တနိုင်ငံလုံးအတိုင်းအတာကို စိုးမိုးနိုင်တဲ့ မျိုးနွယ်စုဆိုတာလည်း မရှိပါဘူး။ ဒီလိုပဲ တနိုင်ငံလုံးက လေးစားရလောက်တဲ့ ဥပဒေတို့၊ အခွန်စနစ်တို့ဆိုတာတွေ မရှိပါဘူး၊ ရဲတပ်ဖွဲ့လည်း မရှိပါဘူး။ ကိုလံဘီယာမှာဆိုရင်လည်း ဗဟိုအစိုးရက နိုင်ငံတခြမ်းတောင် အုပ်ချုပ်နိုင်စွမ်းလည်း မရှိပါဘူး။ လက်ဝဲ၊ လက်ယာ လက်နက်ကိုင်တပ်တွေက တစခန်းထနေတယ်။ လူထုအတွက် အခြေခံ လိုအပ်ချက် (ဥပမာ လမ်း၊ ကျန်းမာရေး ဝန်ဆောင်မှု) တို့မှာလည်း အစိုးရက ဝန်ဆောင်မှု မပေးနိုင်ရုံမက ပုဂ္ဂလိက ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့လည်း သတ်သတ်မှတ်မှတ်၊ စည်းမျဉ်း စည်းကမ်းတွေ ကင်းမဲ့နေတယ်။ မူလမြေပိုင်ရှင်တွေဆီကနေ သေနတ်သမားတွေက ခြိမ်းခြောက်ပြီး မြေသိမ်းနေတာမျိုးကိုလည်း အစိုးရ အကာအကွယ် မပေးနိုင်။ ဒီလို မည်ကာမတ္တနိုင်ငံတွေကို ကျဆုံးနိုင်ငံ (Failed State) အဖြစ် သတ်မှတ်ပါတယ်။ ဒီမိုကရေစီနဲ့ အလွန်အလှမ်းဝေးလှတယ်။
ဒီမိုကရေစီစနစ်မှာ နိုင်ငံတော်ယန္တရားတွေ အားကောင်းဖို့လိုတဲ့ အရေးကြီးတဲ့ အကြောင်းတရပ်က ဒီမိုကရေစီစနစ်နဲ့ပဲ ဆိုင်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာက ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ လူမှုအုပ်စုတွေမျိုးစုံကို နိုင်ငံရေးစနစ်ထဲမှာ ပါဝင်ခွင်ပြုရတဲ့ စနစ်ဖြစ်နေတာကြောင့် နိုင်ငံတော် ယန္တရားတွေက အားမကောင်းရင် ပြိုကျသွားနိုင်ပါတယ်။ လူတွေဆီမှာ ဒီမိုကရေစီကိုကျင့်သုံးလိုက်ရင် တိုင်းပြည်ထဲက နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေ ပြေလည်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ ပိုရလာမယ်၊ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊ အခွင့်အရေးတန်းတူ ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိကြတယ်။ နဂိုကတည်းက အာဏာရှင်စနစ်အောက်မှာ အမိန့်ပေးစနစ်နဲ့ လည်ပတ်ခဲ့ရလို့ နိုင်ငံတော် ယန္တရားတွေ အားနည်းနေတဲ့ (သို့မဟုတ်) လုံးဝမရှိတဲ့ နိုင်ငံတွေမှာ ပိုဆိုးပါတယ်။
စနစ်ဟောင်းရဲ့ လက်ကျန် လုံခြုံရေးတပ်ဖွဲ့၊ မလွတ်လပ်တဲ့ တရားစီရင်ရေး စနစ်တွေကလည်း ဒီမိုကရေစီ အပြောင်းအလဲရဲ့ အဓိက စိန်ခေါ်ချက်တွေပါပဲ၊ ခေါင်းဆောင်သစ်တွေအတွက် ငွေအပြင်၊ နည်းပညာ၊ အကြံကောင်း ဉာဏ်ကောင်းတွေ၊ လူကောင်းတွေ လိုပါတယ်။ အရည်အချင်းရှိတဲ့၊ ကျွမ်းကျင်တဲ့၊ မူဘောင်နဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ် သမာသမတ်ကျကျ လုပ်ဆောင်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေကို လူမှန်နေရာမှန်ဖြစ်အောင် လုပ်ဆောင်နိုင်မှ အသုံးဝင်တဲ့ ဗျုရိုကရေစီစနစ် (Usable Bureaucracy) အဖြစ် အသက်ဝင်နိုင်ပါတယ်။ ဒီမိုကရေစီစနစ်မှာ မူဘောင် လုပ်ထုံးလုပ်နည်းတွေအပေါ်မှာ ယုံကြည်မှုရှိတဲ့ စိတ်ဓာတ် (Constitutionalism) အသက်ဝင်နေဖို့လိုတဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဆိုလိုတာက မူဘောင်တွေ သက်သက်ရှိရုံနဲ့ မလုံလောက်ပါဘူး၊ စိတ်ဓာတ်အဟောင်း၊ အကျင့်ဟောင်းနဲ့ လူဟောင်းတွေဖြစ်နေရင် hardware ပဲ ရှိပြီး software မရှိတဲ့ စက်ယန္တရားနဲ့ တူပါတယ်။ ဒီမိုကရေစီစနစ်နဲ့လိုက်လျောညီထွေဖြစ်တဲ့ အလုပ်ဖြစ်တဲ့ ဗျုရိုကရေစီစနစ် (Usable Bureaucracy) အသက်ဝင်လာမှာ မဟုတ်ပါဘူး။
အထူးသဖြင့် တော်လှန်ရေးတွေနဲ့ တော်လှန်ရေးပြီးခါစ အခြေအနေတွေဟာ မတည်ငြိမ်တတ်ပါဘူး။ အတိတ်ရဲ့ မတရားမှုတွေကို ပြန်လည်တည့်မတ်ရတဲ့ကိစ္စ၊ အားလုံးအတွက် အခွင့်အလမ်းတွေပေါ်လာအောင် စီးပွားရေးကို ပြန်လည် တည်ဆောက်ရတာတွေအပြင် လုံခြုံရေးကို ခြိမ်းခြောက်မှုတွေ၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ၊ အလွန်အကျွံ မျိုးချစ်စိတ်တွေ၊ ဆင်းရဲချမ်းသာကွာဟမှု ပြဿနာတွေ ပေါ်ပေါက်နေတတ်တယ်။ ဒီလို ဝရုန်းသုန်းကားအခြေအနေမှာ နိုင်ငံတော် ယန္တရားတွေဟာ (Constitutionalism) အရမဟုတ်ဘဲ၊ အမြီးနင်း ခေါင်းထောင် ယန္တရားတွေဖြစ်နေရင် ဟန်းနီးမွန်းကာလမှာပဲ ဒီမိုကရေစီ ကျဆုံးသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment