တောနက်ကြီးတခုလိုပါပဲ ×××
ငါကိုယ်တိုင် မသေချာတယ်၊
ဘယ်လိုမှန်းတို့ ××× မုဆိုးဖြစ်လိုက်သားကောင်ဖြစ်လိုက် ×××
ဆင်လိုလို၊ သမင်လိုလို ××× လူတွေကြားထဲ ×××
ကျားရဲဖြစ်မှ ရှင်သန်မယ် ×××
ခွာရာတွေ နာကျင်ပစေ ××× ခံနိုင်ရည်မွေးထား ××× အတုံ့အလှည့်များတဲ့ ဒီမြို့ထဲ ×××။
(အဆိုတော် လေးဖြူ၏ အမဲလိုက်အက သီချင်းမှ)
မြို့ပြလူနေမှုဘဝထဲက အမြီးကျက်၊ အမြီးစား ခေါင်းကျက်ခေါင်းစားနဲ့ ကျင့်ဝတ်သီလတရား ပျက်ပြားနေပုံကို တောတွင်းသားရိုင်းတိရိစ္ဆာန်တွေနဲ့ တင်စားထားတဲ့ အဆိုတော်လေးဖြူရဲ့ အမဲလိုက်အက သီချင်းလေးကို ဒီကနေ့ လူငယ် လူလတ်ပိုင်း တော်တော်များများ ကြားဖူးကြမှာပါ။ တေးရေး မောင်မောင်ဇော်လတ်ရဲ့ တေးစာသားတွေက ကျင့်ဝတ်တွေ ရော့ရဲပြီး ဘီလူးစည်း လူ့စည်းမစောင့်ထိန်းတဲ့ လောကသားတွေအကြောင်း သရော်ထားလေသလားလို့ ဆင်ခြင်မိတယ်။
ကျနော်တို့လူ့အဖွဲ့အစည်းထဲက စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး လောကထဲမှာတင်မက အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ အလွှာတွေကြားမှာရော၊ အုပ်ချုပ်ဖို့ ကြံရွယ်နေသူတွေထဲမှာပါ မကျန်၊ သိလို့ဖြစ်စေ မသိလိုက် မသိဖာသာဖြစ်စေ စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ လျှော့ရဲလာတာကြောင့် စာရိတ္တမဏ္ဍိုင်တခုလုံးပြိုကျပြီး ဟန်ချက်တွေပျက်နေရတဲ့ အခြေအနေတွေကို စာဖတ်သူတို့ အနီးဝန်းကျင်မှာ နိစ္စဓူဝ မြင်တွေ့ ကြားသိနေမှာပါ။
လူ့အဖွဲ့အစည်း နယ်ပယ်အသီးသီးမှာ ဆိုင်ရာဆိုင်ရာကျင့်ဝတ်တွေ ရှိပါတယ်။ စောင့်ထိန်းရမယ့် ကျင့်ဝတ်သီလဆိုတာ လေ့လာသင်ယူရတာတွေရှိသလို၊ စိတ်စေတနာကောင်း၊ ကြင်နာမှု၊ ကိုယ်ချင်းစာနာမှု၊ ရေရှည်အကျိုးကို မျှော်တွေးတတ်မှုကနေ မွေးထုတ်ရတဲ့အရာတွေသာဖြစ်ပါတယ်။ ကျင့်ဝတ်ပျက်ပြီဆို သူနဲ့ဆက်စပ်နေတဲ့ ဝန်းကျင်တခုလုံးမှာ ဟန်ချက်တွေပါပျက်ပြားပြီး ကစဥ့်ကလျားနဲ့ ယိုယွင်းသွားတတ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတိုင်း ကျင့်ဝတ်နဲ့ ဥပဒေ စည်းကမ်းကို အသေအချာ အလေးထားကြတယ်။
ကျင့်ဝတ်စည်းကမ်း ထိန်းသိမ်းတဲ့ လူ့အဖွဲ့အစည်းနဲ့ နေရာဌာနဟာ စည်ပင်ဖွံ့ဖြိုးတတ်တာကို တွေ့ရတတ်တယ်။ စာရေးသူနေထိုင်ရာ နော်ဝေးနိုင်ငံမှာ လူတိုင်းဟာ ကျင့်ဝတ် စည်းကမ်းတွေနဲ့ သူ့နေရာနဲ့သူ အသားကျနေတာကို တွေ့ရပါတယ်။ ကိုယ်နဲ့မဆိုင်ပေမယ့် ဥပဒေနဲ့ မလျှော်ညီတာတွေ့ရင်၊ သူတပါးဒုက္ခရောက်တာတွေ့ရင် မိမိအရေးအရာလို သဘောထား ဆောင်ရွက်တတ်တာလည်း တွေဖူးပါတယ်။ အများသတ်မှတ်ထားတဲ့ စည်းကမ်းကိုဖျက်သူဟာ လူစဉ်မမှီသလို ဖြစ်နေတတ်ပါတယ်။ လူလူချင်း မဆိုထားနဲ့ လူနဲ့ တိရိစ္ဆာန်အကြားမှာတောင်ကိုင်စွဲရတဲ့ ကျင့်ဝတ်တွေကို တွေ့ရပါတယ်။ ဒီနေရာမှာ အနောက် ဥရောပနိုင်ငံတွေက အပျော်ထမ်းမုဆိုးတွေရဲ့ ကျင့်ဝတ်တွေကို ပြောပြချင်ပါတယ်။
သဘာဝတောတောင်နဲ့ တောရိုင်းတိရိစ္ဆာန်တွေကို စနစ်တကျထိမ်းသိမ်းတတ်တဲ့ ဥရောပနိုင်ငံတွေမှာ မုဆိုးလိုင်စင်ရဖို့ဆိုတာ လက်နက်အကြောင်းတွေ၊ တောတောင်ရေမြေသဘာဝနဲ့ သတ္တဝါတွေရဲ့ အလေ့အထတွေကို သိရုံနဲ့ မလုံလောက်ဘဲ ဥပဒေနဲ့ ကျင့်ဝတ်စည်းကမ်းအများအပြားကို သိနားလည်ရပြီး တိရိစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကအစ စာတွေ့ လက်တွေ့ သင်တန်းတက်ပြီး လေ့လာဆည်းပူးရပါတယ်။ ဘယ်အကောင်ကို ဘယ်အချိန်မပစ်ရ၊ ဘယ်အကောင်ဆို ဘယ်လမှာ ဘယ်အကွာအဝေးကနေ ဘယ်ကျည်ဆံအမျိုးအစားနဲ့ ဘယ်အသက်အရွယ် ဘယ်အရွယ်အစားကိုသာ ပစ်ရမယ်၊ ဘယ်သတ္တဝါဆိုရင် အထီးပဲ ပစ်ရမယ်၊ အမဆို မပစ်ရဘူးဆိုတာမျိုးတွေအထိ စည်းကမ်းသတ်မှတ်ပါတယ်၊ မလိုက်နာရင် မုဆိုးလိုင်စင် သိမ်းပါတယ်။ မုဆိုးတွေရဲ့ အဓိကဆောင်ပုဒ်က လူသားဆန်ဆန်သတ်ဖြတ်ပါ ဆိုတာပါပဲ။
မုဆိုးတယောက်ရဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေထဲက အခြေခံအကျဆုံးသင်ခန်းစာက သတ္တဝါတွေကို လူသားဆန်ဆန် သတ်ဖြတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ပစ်လိုက်တဲ့အကောင်ဟာ တချက်ထဲ ချက်ကောင်းထိ သေရမယ်၊ နာကျင်မှုဝေဒနာကို မခံစားစေရဘူး၊ အဲဒါကြောင့် မှန်အောင် ပစ်ပါ၊ တချက်ထဲနဲ့ အသက်ထွက်ပါစေ၊ သတ်တော့ သတ်ပါ၊ လူသားဆန်ဆန်သတ်ပါ ဆိုတာပါပဲ။ သားကောင်ကို တချက်ထဲနဲ့ တုံးခနဲသေသွားအောင် ပစ်ရပါတယ်။ ဒါကြောင့် မုဆိုးတိုင်းကို ဘယ်လောက်ပဲနာမည်ကြီးနေပါစေ၊ တောလိုက်ရာသီစတာနဲ့ ချက်ချင်းတောပစ်တာမျိုး ခွင့်မပြုပါဘူး၊ တောမဝင်ခင် ကြိုတင်သေနတ်ပစ်လေ့ကျင့်ရပြီး အရည်အချင်းပြန်အစစ်ခံရတယ်။ ကိုယ်ပစ်မယ့် သေနတ်၊ ကျည်ဆံအမျိုးအစားနဲ့ သေနတ်ပစ်ကွင်းမှာ အရည်အချင်း အစစ်ခံရတယ်။ ရိုင်ဖယ်သေနတ်နဲ့ ဂျီပစ်မယ်ဆို၊ မီတာ ၁၀၀ ကနေ အရုပ်ကလေးရဲ့ နှလုံးတည့်တည့်ကို ၅ ချက်လုံး မှန်ရမယ်၊ အဲဒါမှ ဒီနှစ်အတွက် တောပစ်လိုင်စင်ချပေးတာပါ။
အမဲလိုက်ဖို့အတွက် လူတင် အရည်အချင်းစစ်ခံရတာ မဟုတ်ပါဘူး၊ မိမိရဲ့အမဲလိုက်ခွေးကိုလည်း အရည်အချင်းပြည့်မှီမှ တောထဲဝင်ခွင့်ပေးတာပါ။ အမဲလိုက်ခွေးဟာ သခင်ရဲ့အမိန့်ကို တိတိကျကျ လိုက်နာသလား၊ သခင်နဲ့ ခွေးအကြား အပြန်အလှန်နားလည်မှု၊ ဆက်သွယ်မှု၊ အကင်းပါးမှုရှိရမယ့်အပြင် ကျည်ဆံထိမှန်သွားတဲ့သားကောင်နောက်ကို မျက်ခြေမပြတ် ဇွဲနဘဲနဲ့ လိုက်နိုင်မလားဆိုတဲ့ အရည်အချင်းတွေ ရောစစ်ပါတယ်။ သားကောင်တကောင်ကို လိုက်ရှာမယ်ဆို အဲဒီသားကောင်ဟာ အရင်ဆုံး အမဲလိုက်ခွေးနဲ့ တွေ့တာဖြစ်တယ်၊ ခွေးက သားကောင်တွေကို မြင်လိုက်လို့ သမင်ကိုတွေ့လို့ ဟောင်တဲ့ပုံစံနဲ့ တောယုံကိုတွေ့လို့ ဟောင်ပုံချင်းပုံစံ မတူတတ်ဘူး။
သခင်ကလည်း ဘာကောင်တွေ့လို့ ဟောင်တာလဲဆိုတာ သိထားရပါတယ်။ ဘာကြောင့်လည်းဆိုတော့ မုဆိုးတယောက် တောလိုက်လို့ ဂျီပစ်မယ်ဆို ဂျီပဲပစ်ရပါတယ်။ တခြားအကောင်တွေတွေ့လည်း မပစ်ရပါဘူး။ ကိုယ့်ရည်မှန်းချက်မဟုတ်တဲ့ သတ္တဝါကို ခေါင်းထဲထည့်မထားရဘူး။ ကြုံကြိုက်သွားလို့၊ သမင်မရတာမို့ ယုံပစ်ခဲ့တာမျိုး မဖြစ်စေရဘူး။ တောစလိုက်တော့မယ်ဆိုရင် ဘာအကောင်ကိုလိုက်မှာလဲဆိုပြီး ကြိုတင်ဆုံးဖြတ်ထားပြီးဖြစ်ရပါ့မယ်၊ ပြီးတော့ ကိုယ်ပိုင်တောမရှိရင် ကိုယ်ပစ်လိုတဲ့အကောင် ခိုအောင်းတတ်တဲ့တောကို ငှားရပါတယ်။
ကိုယ့်ခွေးက ဂျီမတွေ့ဘဲ တခြားအကောင်တွေ့လို့ဟောင်နေရင် ကိုယ့်ခွေးကိုပြန်ခေါ်နိုင်ရမယ်။ ကိုယ်ပိုင်ခွေးမရှိရင် နောက်လိုက်ခွေးအဖွဲ့ကို ဆက်သွယ်ထားရပါတယ်။ တကယ်လို့များ ကံအကြောင်းမလှလို့ ကိုယ်ပစ်လိုက်တဲ့သတ္တဝါက ချက်ကောင်းမမှန်ဘဲ ဒဏ်ရာနဲ့ထွက်ပြေးသွားရင် ၂၄ နာရီအတွင်း ရအောင်ရှာရပါ့မယ်၊ မတွေ့လို့မဖြစ်ပါဘူး။ ကိုယ်ရှာမရနိုင်တော့ဘူးလို့ လက်လျော့ပြီဆိုရင် အသေအချာလေ့ကျင့်ထားတဲ့ နောက်လိုက်ခွေးအဖွဲ့က ရှာပေးပါလိမ့်မယ်။ ဒဏ်ရာရထားတဲ့ သတ္တဝါကို နာကျင်မှုတွေနဲ့ ပြစ်ပယ်မထားဘဲ လူသားဆန်မှုကိုပြသရပါတယ်။
တောကောင်ပစ်ဖို့ ခွင့်ပြုတဲ့ရာသီက သြဂုတ်လလယ်ကနေ ဒီဇင်ဘာလ အထိဖြစ်ပါတယ်၊ ကျန်တဲ့အချိန် တောမပြစ်ရတော့ လက်ပျက်မှာဆိုးလို့ တောထဲမဝင်ခင် ပြန်လေ့ကျင့်ရတာဖြစ်ပါတယ်။ ဒါပေမယ့် မုဆိုးတော်တော်များများဟာ တောပစ်ရာသီ နီးပြီဆို သေနတ်ပစ်ကွင်းမှာ သွားလေ့ကျင့်တတ်ကြတယ်။ နွေရာသီဟာ ရာသီဥတုလည်းကောင်း၊ အားလပ်ရက်လည်းဖြစ်ပေမယ့် အဲဒီအချိန်ဟာ တောကောင်တွေလည်း မိတ်လိုက်တဲ့အချိန်၊ အစာကောင်းကောင်းရှာတဲ့အချိန်၊ သားပေါက်တဲ့အချိန်တွေဖြစ်သလို၊ သတ္တဝါတွေ အဖို အမဖြစ်စေ၊ သားငယ်လေးတွေနဲ့ဖြစ်စေ ကြည်နူးနေတဲ့ကာလမို့  နွေရာသီမှာ တောတွင်းတိရိစ္ဆာန်တွေရဲ့အခွင့်အရေးကို လေးစားတဲ့အနေနဲ့ ပစ်ခတ်ခွင့်မပေးဘူး။ ဆိုင်ရာက တောပစ်ဖို့ ကန့်သတ်တဲ့အချိန် တောထဲသေနတ်ကိုင်ပြီးတောင် ဝင်ခွင့်မရှိပါဘူး။ မုဆိုးတွေ တောပစ်ရတဲ့အချိန်ဟာ သားကောင်ကို စားလို့ရတဲ့အရွယ်ကောင်းဖြစ်နေရပါ့မယ်။ “မုဆိုးဟာ သားကောင်ရတာ မရတာထက် အမဲလိုက်နေရရင် ကျေနပ်နေတာပဲ” ဆိုတဲ့စကားအတိုင်း တောကောင်မရလည်း တောသဘာဝအလှအပတွေနဲ့ ဆိတ်ငြိမ်မှုတွေခံစားရတာ၊ တောကောင်နဲ့ ဉာဏ်ချင်းပြိုင်ရတာ၊ တောအလှ ရှုခင်းတွေ ဓာတ်ပုံဗွီဒီယိုနဲ့ မှတ်တမ်းတင်ရတာကလည်း မုဆိုးတွေအဖို့ သီးခြား တန်ဖိုးနဲ့ အခွင့်အရေးတခုလိုပါပဲ။
တကယ်တော့ မုဆိုးတယောက်ရဲ့ကျင့်ဝတ်ဟာ သူ့ရဲ့ဝါသနာနဲ့ သီလကို သဟဇာတကျအောင် တိတိကျကျပုံဖော်ပေးတာဖြစ်သလို သဘာဝဝန်းကျင်နဲ့ တောရိုင်းသတ္တဝါတွေကို ဟန်ချက်ညီညီ စောင့်ရှောက်နေတာမျိုးပါ။ တောထဲမှာ လူသူမသိဘဲ စည်းကမ်းဖောက် ပစ်ခတ်နိုင်ပေမယ့် မိမိ သီလကို မိမိဖာသာလုံအောင်ထိမ်းရတဲ့ စိတ်ပိုင်းဆိုင်ရာကျင့်ဝတ်တခုနဲ့ စီးချင်းထိုး ရင်ဆိုင်ရသလို ဖြစ်နေပါတယ်။ ဘယ်သူမှမသိလည်း ကိုယ့်ကိုကိုယ် အသိဆုံး၊ ကိုယ်က စည်းဖောက်ရင် စိတ်လုံခြုံမှုမရှိဘဲ မသန့် ရှင်းတဲ့ မုဆိုးကြီးဖြစ်နေပါရော့လားဆိုတဲ့အသိတွေက မိမိရဲ့စိတ်ပိုင်းဆိုင်ရာကို လာရောက်ထိပါးတတ်ပါတယ်။
လူ့အဖွဲ့အစည်းနယ်ပယ်အသီးသီးမှာ မဖြစ်မနေကျင့်သုံးရမယ့် ကျင့်ဝတ်သီလတွေရှိကြပေမယ့် ဒါတွေကို ဥပေက္ခာပြုလိုက်ရင် ဆက်နွယ်နေတဲ့ မိမိလူ့အဖွဲ့အစည်းနယ်ပယ်မှာရော၊ မိမိကိုယ်တိုင်ရော တန်ပြန်ပဲ့တင်ခတ်တဲ့ အကျိုးသက်ရောက်မှုကို ရင်ဆိုင်ရတတ်ပါတယ်။ ကျင့်ဝတ်တွေပျက်နေတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ ကျနော်တို့မျိုးဆက်တွေရဲ့ အနာဂတ်ကိုမေ့လိုက်ပြီး ခါးသီးလွန်းတဲ့ မိုးခါးရေကို သောက်သင့်မသောက်သင့်ဆိုတာတော့ ကိုယ့်ဖာသာကိုယ်ပဲ ဆုံးဖြတ်ကြရမယ့်ကိစ္စတွေပါ။ ။
ကိုညို (အော်စလို)
၀၁ အောက်တိုဘာ ၂၀၁၃။
(၂၀၁၁ အာအက်ဖ်အေ သတင်းဌာနမှ အသံလွှင့်ခဲ့သည့် စိတ်ယဉ်ကျေးမှုမှတ်စုများဆောင်းပါးကို ပြန်လည် မွမ်းမံဖြည့်စွက် ရေးသားသည်)
No comments:
Post a Comment