ဒီစာကို ရေးနေတဲ့ ၂၀၁၃ စက်တင်ဘာ ၂၇ ရက်မှာ ကျုပ်ရဲ့နိုင်ငံရေးဘဝ ၂၅ နှစ်တိတိ ပြည့်မြောက်တယ်ဗျာ။ အရေးကိစ္စမြားမြောင်တဲ့ လူ့ဘောင်လောက အတိုင်းအထွာ မဟာဗျူဟာနဲ့ တန်းညှိလို့တော့ မဖြစ်ဘူးပေါ့။ လောကတံထွာ အတိုင်းအတာ ပမာဏကတော့ ရှည်လျားပါဘိခြင်းပေါ့ဗျာ။ အဲဒီ အချိန်ကာလ အတိုင်းအတာ ရှည်ကြာတဲ့ နိုင်ငံရေးသံသရာကြီးထဲမှာ ၂၅ နှစ်ဆိုတာ မျက်စိတမှိတ်၊ လျှပ်တပြက်သာဖြစ်တယ်လို့ ဆိုရမှာပဲဗျာ။
လူ့ဘဝသက်တမ်း ပုဂ္ဂလိကသက်တမ်းနဲ့တိုင်းလို့ကတော့ ကာလတော်တော်ရှည်ကြာကြီးဗျ။ လူတို့ဘာဝလောဘနဲ့ တိုင်းတာရင် လောဘဆိုတာ (ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးဖွဲ့သလို) ‘တောင်ကျရေ နွားနှစ်ကောင်မဝသလို’ လိုက်မဆုံး၊ မိုက်မဆုံး ကာလရှည်ကြီးဗျ။ ဒေါသနဲ့ တိုင်းတာရင် လောကဆိုတာ ‘ကမ္ဘာမကျေဘူး’ အရေးတော်ပုံ ဟစ်ကြွေးတဲ့ကာလရှည်ကြီးဗျ။ မောဟနဲ့တိုင်းတာရင် အာဏာရှင် ငမိုက်သားတို့ကို ရုန်းကန်ရမှန်းသိ၊ ကုန်းခံရင်း အရှုံးသံသရာလည်နေကြရတဲ့ ကာလရှည်ကြီးဗျ။
အဲဒီနိုင်ငံရေးဘဝကာလတို၊ လူ့ဘဝကာလရှည်တည်းဟူသော ၂၅ နှစ်ကာကို ကျုပ်ဖြတ်သန်းခဲ့တယ်။ ပြည်သူ့အာဏာ မဟာအောင်ပွဲ စိတ္တတက္ခဏမှာ ကျုပ်မြောနေခဲ့တယ်။ ဒီလိုနဲ့ အနိစ္စသဘောအရတော့ ကျုပ်လည်း ကိစ္စချောရတော့မှာပေါ့။
အဲဒီ့ကာလရှည်ကြာ တိုတောင်းစွာကို ကျုပ်ခမျာကတော့ ဆရာဇော်ဂျီရဲ့ကဗျာထဲကလို မဗေဒါ စုန်ဆန်ကြော မျောတာကို ကျူရိုးရှင် ထိုင်ကြည့်သလိုမျိုး ဥပေက္ခာမျက်စိနဲ့ ထိုင်မကြည့်နိုင်ဘူးဗျာ။
လောကဓံကို ကြောက်ပြေးတဲ့ ရွှေသမင်လိုလည်း ကျုပ် မလုပ်ချင်ဘူး။ ငွေရတုကို ကျုပ် သမင်လည်ပြန် မကြည့်ဘူး။ ငါဟဲ့ယောက်ျား ရင်ဆိုင်ခြင်း၊ ငါဟဲ့ယောက်ျား ခြင်္သေ့မင်း စိတ်ဓာတ်နဲ့ ခြင်္သေ့လည်ပြန်ခြင်းနဲ့ပဲ ကြည့်တယ်။ သမင်ကြည့်တာ အကြောက်ကြည့်၊ အပြေးကြည့်၊ အရှုံးကြည့်။ ခြင်္သေ့ကြည့်တာ အရဲကြည့်၊ အဆိုင်ကြည့်၊ အနိုင်ကြည့်။
ဘာ့ကြောင့် ကျုပ် ငွေရတုကို ခြင်္သေ့လည်ပြန် ကြည့်နိုင်သလဲ။
ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးမှာ အရေးတော်ပုံတပ်သားတစ်ယောက်အဖြစ်နဲ့ ကျုပ် ပါဝင်လှုပ်ရှားခဲ့တယ်။
လွတ်လပ်စွာ ရေးသားခွင့်၊ ပွင့်လင်းမြင်သာခွင့်၊ ပြည်သူ့ဆန္ဒဖော်ထုတ်ခွင့်၊ အမှန်တရားအလင်းဆောင်၊ အမှားတရား အမှောင်ခွင်းခွင့် တိုက်ပွဲတွေကို လမ်းဖောက်ခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ပြည်သူ့အရေးတော်ပုံကြီးရဲ့ အမွေခံ၊ အောင်လံလွှင့်နိုင်ငံရေးပါတီကြီး တည်ထောင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ ထောင်ထဲရောက်ခဲ့တယ်။ ဆယ်စုနှစ် နှစ်စုအကြာ ထောင်ကလွတ်တော့ ကျုပ် အပြာရောင် ထောင်ကန့်ကွက် ဝတ်စုံအမြဲဝတ်ခဲ့တယ်။ ထောင်ထဲမှာ ဒီမိုကရေစီပိုင်ခွင့်၊ လူ့အခွင့်အရေး ပြည့်ဝခွင့်တွေ တိုက်ပွဲဝင်ခဲ့တယ်။
‘စုလွှတ်တွေ့’ လှုပ်ရှားမှုနဲ့ ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ရေး၊ လွှတ်တော်ကျင်းပရေးနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး တောင်းဆိုခဲ့တယ်။
‘ရံသုံးရံ’ လှုပ်ရှားမှုနှင့် ဒေါ်စုကို ဝန်းရံကြ၊ ဒီချုပ်ကို ဝန်းရံကြ၊ လွှတ်တော်(ပြည်သူ့အာဏာ)ကို ဝန်းရံကြဖို့ လှုံ့ဆော်ခဲ့တယ်။
‘နိုးသုံးနိုး’ လှုပ်ရှားမှုနဲ့ စစ်အာဏာအခြေခံဥပဒေသစ် အမှတ်ခြောက်အခြေခံမူဝါဒ (တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် ပါဝင်ရေး) ဖျက်သိမ်းရန်၊ အလျော့ပေးစေ့စပ်မှု လုံးဝ မပြုရန်၊ ဒူးထောက်လက်မြှောက် ပုဒ်မ ၄၀၁ ဘယ်တော့မှ လက်မှတ်မထိုးရန် တိုက်ပွဲဝင်ခဲ့တယ်။
ထောင်ကလွတ်တော့ ဒီချုပ်မှာ မဝရေစာ နိုင်ငံရေးတာဝန် ဆက်ယူတယ်။ ၂၀၀၉ မှာ ‘လူထုကို မျက်နှာမူကြ’ လှုပ်ရှားဖော်ခဲ့တယ်။ ရွှေဂုံတိုင် ကြေညာစာတမ်း ကြေညာခဲ့တယ်။ ‘လှေခွက်မကျန် အောင်လံမလှဲ’ လှုပ်ရှားမှု နှိုးဆော်ခဲ့တယ်။
လွှတ်တော်တွင်းလှုပ်ရှားမှုနဲ့အတူ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားခဲ့တယ်။ ဒီချုပ်ရဲ့နိုင်ငံရေး ရည်မှန်းချက်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး လှုပ်ရှားမှုတွေကို ဝန်းရံခဲ့တယ်။
ကျုပ်က မသေကောင်းမပျောက်ကောင်းလို့ မသေမပျောက်သေးတာ။ ခေတ်ဝန်ကတော့ ဖြစ်စဉ်ပြောင်းခဲ့ပြီ။ အသက် ၆၀ မှာ နိုင်ငံရေး ဝိဉာဉ်တွယ်ခဲ့လို့ ထောင်ထဲရောက်ခဲ့တယ်။ ထောင်ထဲမှာ သတင်းဝိဉာဉ်ရှင်ပြန်ထမြောက်လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မီဒီယာထိုးစစ် ဒီရေမြင့်သစ်ခဲ့တယ်။ ‘ဒီလှိုင်း’ ဆိုတာ ထောင်ရေစက်။ ထောင်ထဲမှာ ကျုပ်တို့ထုတ်ခဲ့တဲ့ စာစောင်နာမည်။ ဒီမိုကရေစီဆူနာမီ ရေငလျင် ဒီလှိုင်းကြီးပေါ့။
‘ဒီလှိုင်း’ ခရီးဆက်တော့ ကျုပ်အသက် ၈၀ ကျော်ပြီ။ နိုင်ငံရေးသမုဒ္ဒရာ ပင်လယ်ပြင်ကျယ်မှာ ကျုပ် ထင်သဟယ် မြင်သဟယ် အခြေခံမဏ္ဍိုင်တွေ မထူနိုင်ပါဘူး။
ဒီလှိုင်းမှာ ကျုပ် နိုင်ငံရေးသရော်စာတွေ ရေးတယ်။ အခါများစွာ ရူးကြောင်ပေါချာ စာထိုးစာနှက်တွေပါပဲ။ ဖက်ပျော်ရုံလောက်ပါ။ ကရော်ကမည် လွှတ်လိုက်လို့လည်း မရဘူး။ ပါတီကြီးက ရှေ့ကခံနေသေး။ တုန့်ခနဲ ဘရိတ်အုပ်လိုက်လို့ကလည်း မဖြစ်။ လူထုက နောက်ကခံနေသေး။ ဒီလိုနဲ့ ရှေ့မရောက်၊ နောက်မလန် စာပေမသန်စွမ်းတွေကို ကျုပ် ရေးလာခဲ့တယ်။
အခုတော့ လေလျှော့ချိန်တန်ပြီ။ ကလောင်လည်း ပမ်း၊ လူလည်း နွမ်းပြီ။ အနောက်တိုင်း စာပေအသုံးအနှုန်းအတိုင်းဆိုရင် ငန်းသီချင်း Swan Song ဆိုသင့်ပြီ။ မရဏတေးသီသင့်ပြီပေါ့။ မျောက်မင်းအူသံ ဟစ်သင့်ပြီပေါ့။ ကျုပ်အသက် နှစ်ရှစ်ဆယ် သက်တမ်းတစ်ဝက်ကျိုးခဲ့ပြီ။ ဒီရေမြင့်သစ် ဒီရေမစစ်ခင် ခေတ်ဝန်တွေ အထမ်းလျှော့ရတော့မယ်။ ခေတ်လမ်းတွေ အလှမ်းလျှော့ရတော့မယ်။
နိုင်ငံရေးသမား၊ သတင်းသမားဆိုတာ အသက်မသေမီအထိသာ ထက်မြက်ထိရောက်နိုင်တာဗျ။ လူဆိုတာ ခန္ဓာကိုယ်အတ္တဘောကြီး ဘုံးဘုံးလဲ သေပျောက်သွားမှ စခန်းသိမ်းတာ မဟုတ်ဘူးဗျ။ ဉာဏ်သေရင်လည်း တစ်ဇာတ်သိမ်းပြီ။ ဉာဏ်သေတယ်ဆိုတာ မိမိရဲ့အသိအာရုံတွေကို အခါမလပ် စုစည်းသိမ်းရုံအသုံးချနိုင်ခြင်း မရှိတာကိုပြောတာ။
လူတိုင်းဟာ ဉာဏ်သေတာကို သိမှတ်ရမယ်။ ဉာဏ်သေသွားရင် နိုင်ငံရေး၊ လူမှုရေး ဦးဆောင်မှုကဏ္ဍတွေကို ဆင့်ကမ်းရမယ်။ လွှဲပြောင်းရမယ်။ အဖွဲ့အစည်း ကုလားထိုင် ဖက်သေမယ် မကြံရွယ်ရဘူး။ အဲသလိုဆို လူသေရုံမက အဖွဲ့အစည်း၊ ကုလားထိုင်ပါ အတူသေမယ်။
ကျုပ်ကတော့ ပါတီတာဝန်ထမ်းရွက်တဲ့ သက်တမ်းအစိတ်မှာ ကနဦးကတည်းက အချိန်တန်ရင် စာရင်းပိတ်ဖို့ ကြံရွယ်ပြီးသားဗျ။ ဒါကို လူကြီးတွေလည်း တင်ပြပြီးသားဗျ။
ဒီတော့ ကျုပ်ရဲ့နိုင်ငံရေးပါရမီဖြည့်လုပ်ငန်းစဉ်အတိုင်း ကျုပ်အခု ဉာဏ်သေစပြုချိန်မှာ ‘ဒီလှိုင်း’ ကလောင်ရွက်လွှင့်မှုတွေ လေလျှော့ချတော့မယ်။ ရိက္ခာ မစား၊ စာမူခ တစ်ပြားမယူ၊ အကြံပေးသာလုပ်ခဲ့တဲ့ ‘ဒီလှိုင်း’ လုပ်ငန်းတာဝန်တွေကို ဖဲ့ချွေသေးမွှာတော့မယ်။
ဒီချုပ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း အထိုးအနှက် အရုန်းအကန် ဖျော့တော့မယ်။ လျှော့တော့မယ်။
နှစ်ဆယ့်တစ်ရာစု ဒီချုပ် ရှေ့ခရီးမှာ လူငယ်အားသစ်တွေ စိတ်သစ်၊ မာန်သစ်၊ ဉာဏ်သစ်၊ ဈာန်သစ်၊ ဟန်သစ်တွေနဲက တက်လှမ်းကြပါစို့လို့ပဲ တိုက်တွန်းပါတယ်။
လူငယ်တွေ ရှေ့တန်းက ချီကြပါ။ ကျုပ်တို့ အိုနာကျိုးကန်းတွေ နောက်က ထပ်ချပ်လိုက်ကြမယ်။
အရေးတော်ပုံစိတ်ဓာတ် ခိုင်ခိုင်မြဲကြ
ဒီချုပ်စွမ်းအား သန်သန်မွေးကြ
ပြည်သူ့အာဏာ မာမာကိုင်ကြ
နှစ်ဆယ့်တစ်ရာစုနိုင်ငံရေး ပြင်းပြင်းထူကြ
ဒေါ်စုခေါင်းဆောင်မှုနောက်
နောက်နွားသိုက်လို ဖြောင့်ဖြောင့်လိုက်ကြ
အတိုက်အခံ ဉာဏ်မာန်မြဲကြ။ ။
ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၃၈)။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment