ဒီည ... ကောင်းကင် ... ကြယ်က တပွင့်တည်း ထီးထီးကြီး ...။ ပုံမှန်မဟုတ်တဲ့ ညအတွက် ... ကျနော့်စိတ်ကလည်း ... ပုံမှန်မဟုတ်ခဲ့တဲ့ ... အတိတ်ဆီ ...။
ဒီညနဲ့ အတိတ် ... တွေးမိရာဆိုတာက ... ကျနော်ငယ်ငယ်ကဆီ ...။
ကျနော်မွေးဖွားရာ ဇာတိမြေတဝိုက်ဟာ သစ်ရိပ် သစ်မိုးတွေနဲ့ အုံးဆိုင်းဆိုင်း ရိုးမတောင်ခြေရဲ့ မြို့ငယ်လေးတခုမှာပါ။ ငယ်ငယ်က ဒီဇာတိမြေလေးဟာ တောမကျ မြို့မကျ အညိုရောင်နယ်မြေလေးပါ။
ကျနော့်မိဘတွေက မြို့ကြီးသားတွေပါ။ အဖေက ရန်ကုန်သား ...။ အမေက မေမြို့သူ ...။ နောက်တော့ နဖူးစာရွာလည်ရင်း ဒီ တောမကျ မြို့မကျ နယ်မြေလေးမှာ အခြေချကျတာပါ။ ပထမဦးဆုံးတော့ အဲ့ဒီနယ်မြေလေးမှာ မဟုတ်ဘူး ...။ မြို့လေးနဲ့ အတန်ငယ်ဝေးကွာပြီး ခေါင်လှတဲ့ ရွာကလေးမှာပါ။ တကယ်တော့ ကျနော်လည်း တောသားတစ်ယောက်ပါ။ ၂ နှစ် ၃ နှစ်လောက်နေမှ မြို့ပေါ်ရောက်ခဲ့ရတာပါ။
အဖေက အရင်က တပ်ထဲမှာ ဆေးမှူး ...။ အမေတို့ဘက်က စစ်သားမျိုးရိုး ...။ ကျနော့်အဘိုးက စစ်သား၊ လက်ရှိ ကျနော့်ဦးလေး (အမေ့မောင် အလတ်) ကလည်း မန်းလေး စစ်ဆေးရုံမှာ ဗိုလ်မှူးတယောက် (ဗိုလ်ကြီးလား .. ဗိုလ်မှူးလား သေချာမမှတ်မိတော့)။ အမေ့မောင်အကြီးတယောက်ကလည်း စစ်သား။ ခြေတဖက်ပြတ်မှ ဆေးပင်စင်ရသွားတာ။ ခုတော့ ရှိရောရှိကြသေးလား မသိဘူး။ အမေ့အမျိုးတွေကို ကျနော်ငယ်ငယ်က မေမြို့ကို တခါသွားလို့ တခါပဲ တွေ့ဖူးခဲ့တာ ...။
နောက်ပိုင်းတော့ ကျနော့်အဖေက စစ်သားဆေးမှူးက တပ်ကထွက်ပြီး ... အဲန်အယ်လ်ဒီဘက်ကို ကူးပြောင်းသွားလေတော့ အမေ့အမျိုးတွေက မတွေ့ရဲရှာတော့ဘူး။ ကျနော်လည်း ဒီလောက်ပဲ သိခဲ့တာ ...။
ညီအစ်ကို မောင်နှမ ၄ ယောက်မှာ ကျနော်က ဒုတိယမြောက် သား ...။
မှတ်မှတ်ရရ ... ရှစ်လေးလုံးတွေဖြစ်တော့ ... လူတွေက ကျနော်တို့မြို့ရဲ့ ကျောက်စရစ်လမ်းကြမ်းတွေပေါ်မှာ အလံတွေကိုင် အော်ဟစ်ပြီး တန်းစီသွားနေတာကို ကလေးသဘာဝ ပွဲလမ်းသဘင်လို ပျော်စရာလို့ပဲ ထင်ခဲ့တာပါ။ အဲ့လူအုပ်တန်းထဲကို အဖေဝင်သွားခဲ့တာပဲ မှတ်မိခဲ့ပါတယ်။ ဒါဟာ ကျနော့်ဘဝသက်တမ်းတလျှောက်လုံးမှာ သိခွင့်ရခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးအကြောင်းပါ ...။ ကျနော် ဒီ့ထက်လည်း ပိုမသိခဲ့ပါ ...။
နောက်ပိုင်း ကျနော်မှတ်မိနေတာကတော့ ကျနော်အဖေ အရေးတော်ပုံကြီးနောက်ပိုင်းမှာ ရှောင်နေရတာပါပဲ။ ထဲထဲဝင်ဝင်တော့ ကျနော်လည်း မသိပါ ...။
ကျနော့်အဖေ ရှောင်နေခဲ့တဲ့နေရာက ရိုးမရဲ့သစ်တောကြိုးဝိုင်းကြီးတခုထဲမှာပါ။ အဖေ့ကိုခေါ်ယူပြီး ဝှက်ထားပေးတာတော့ ကျနော်တို့မြို့ရဲ့သစ်တောဦးစီးမှူး လင်မယားပါပဲ။
နောက်ပိုင်း ကျနော် ကျောင်းနေစအရွယ်ကနေ ၄ တန်းအောင်တဲ့အထိ အဲ့ဒီ သစ်တောဦးစီးမှူး လင်မယားရှိတဲ့ သစ်တောကြိုးဝိုင်းထဲမှာ သွားနေခဲ့ဖူးပါတယ်။ သူတို့မှာလည်း သားတယောက်ရှိပါတယ်။ ကျနော့်အသက်နဲ့ မတိမ်းမယိမ်းဖြစ်လေတော့ ညီအစ်အကိုလိုပဲ ... စားအတူ ... သွားအတူ ... အိပ်အတူ ...။
ဦးစီးမှူးလင်မယားကလည်း စိတ်ရင်းကောင်းလေတော့ ကျနော့်ကို သားတယောက်လိုပါပဲ ...။ သူ့တို့ရဲ့တစ်ဦးတည်းသော သားနဲ့အတူ ... အနီးအနားရွာက မူလတန်းကျောင်းလေးမှာ ကျောင်းထားပေးတယ် ...။ နေခဲ့တဲ့ ၄ နှစ်လုံးလုံး သင်္ကြန်တွင်းကာလတွေမှာ သူတို့နဲ့အတူ သစ်တောကြိုးဝိုင်းမိသားစုတွေနဲ့အတူ ဒုလ္လဘ ရဟန်းခံ ရှင်ပြုပွဲတွေမှာ ကိုရင်ဝတ်ကြရတယ် ...။ ခုနေခါမှာတော့ တောရွာလေးတရွာရဲ့ သစ်ရိပ် သစ်ခက်တွေ ပြည့်နေတဲ့ ကြီးမားတဲ့ ဘုန်းကြီးကျောင်းဝင်းကြီးနဲ့ သင်္ကန်းတောင်း ကျက်ခဲ့ရတာတွေကို သတိရမိစေတယ် ...။
နောက်များ ... ဦးစီးမှူးကနေ ရာထူးတိုးပြီး ကချင်ပြည်နယ် မြစ်ကြီးနားဘက် ပြောင်းရမယ်ဆိုတော့ ... ကျနော်ကို သူတို့မွေးစားသားအဖြစ် ခေါ်ဖို့ကြိုးစားကြသေးတယ် ...။ ကျနော်ဖြစ်ချင်ခဲ့တဲ့ အင်ဂျင်နီယာကြီးကို ဖြစ်စေချင်ခဲ့တယ် ...။ နောက်ဆုံး ငြင်းဆန်ခဲ့တဲ့ ကျနော့်စိတ်အလိုကိုလိုက်ပြီး ... သူတို့နဲ့ ကွဲကွာခဲ့တယ် ...။
ဒီနှစ်များအလွန်တော့ ကျနော်လည်း ... မိဘအိမ်မှာ ဟိုလုပ် ဒီလုပ်နဲ့ပေါ့ ...။ နောက်ဆုံး ကျနော် တော်လှန်ရေးနယ်မြေဘက်ဆီ ဘုမသိ ဘမသိ ရောက်ခဲ့ပါ။
လွန်ခဲ့သော တနှစ်ကျော်ဝန်းကျင်လောက်က အကြောင်းကိစ္စတခုနဲ့ ... နိုင်ငံရင်းဆီ ခေတ္တပြန်ရောက်တဲ့အချိန် သူတို့မိသားစုနဲ့ အဆက်အသွယ်ရခဲ့တယ် ...။ သူတို့မှာ ကျနော့်ကို တွေ့ချင်လွန်းတော့ ကျနော့်အဖေဆီကနေတဆင့် ဆက်သွယ်ပြီး ... သူတို့ဆီအရောက်လာဖို့ မှာတယ် ...။ ကျနော် သွားခဲ့ပါတယ် ...။ ကျနော် ရောက်အောင်သွားခဲ့တယ် ...။ ဆံတွေဖြူနေတဲ့ ကျနော့် မွေးစား မိခင် ဖခင်လိုဖြစ်နေတဲ့ ဦးစီးမှူးလင်မယားကို ကျနော်တွေ့ခဲ့ပါတယ်။ အဲ့ဒီရောက်တဲ့အချိန် သူတို့ဆီမှာတည်းဖို့ နေဖို့ ... တဖွဖွပြောပါတယ်။
ကျနော့်မွေးစားအကိုကိုမေးကြည့်တော့ ဆေးဘက်ဆိုင်ရာ ဗိုလ်ကြီးဖြစ်ပြီး အိမ်ထောင်တွေကျ ကလေးတွေတောင်ရနေပြီ ...။
ကျနော်ပျောက်နေတဲ့ကာလတွေမှာ ဘာတွေလုပ် ဘာတွေကိုင်ဆိုတာကိုမေးမြန်းပြီး ... သူတို့သားနဲ့တောင် မတွေ့ဖြစ်ခဲ့ပါဘူး ..။ မတွေ့တဲ့အကြောင်းကလည်း ကျနော်ကိုယ်တိုင် ရန်ကုန်ရဲ့ နေထိုင်မှုအငွေ့အသက်မှာ မွန်းကြပ်မှုကို မလိုက်နာနိုင်တဲ့ စိတ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက် ညီအကိုလို ဖြစ်နေတဲ့ ဗိုလ်ကြီးနဲ့ တွေ့ပြီး အမေးမြန်းထူမှာကိုလည်း စိုးရိမ်တဲ့စိတ်ကြောင့်ပါ ...။
နောက်ဆုံး သူတို့တားမရတဲ့အဆုံး ကျနော်လည်း ပြန်တော့မယ်ဆိုတော့ ... ဦးစီးမှူးလင်မယားကိုယ်တိုင် မိုးရွာထဲမှာ ကျနော့်ကို လမ်းထိပ်ကားဂိတ် လိုက်ပို့ရှာပါတယ် ...။ မိုးတွေကလည်း သည်းထန်နေတဲ့ကြားမှာ ထီးလေးတလက်နဲ့ ကျနော့်လိုက်ပို့ရင်း ဘယ်ကားစီး ... ဘယ်လိုသွားဆိုတာကို လမ်းညွှန်ရင်း ... ကျနော် ဘာဖြစ်လို့ ရုတ်တရက် ကောက်ခါငင်ခါ ပြန်သွားတာကို သူတို့လင်မယား ... သိနေကြမှာပါ ... ....။
အဲ့နေ့က ... အဲ့ကုန်းကျော်တံတားနားမှာ မိုးသည်းထန်လွန်းလို့ ... ရေတွေ ကတ္တရာလမ်းတလျှောက် ပြည့်လျှံပြီး ... ကားတွေလည်း ကြပ်ညှပ်သပ်နေတဲ့ကြားက ပြန်သွားတဲ့
သူတို့လင်မယားကိုကြည့်ရင်း ကျနော် ကျောခိုင်းလိုက်ပါတယ် ...။
ရှည်လျားတဲ့ ကတ္တရာလမ်းတလျှောက်မှာတော့ ရေတွေအဖွေးသား ...။ ဒါပေမယ့် သွားဖို့ လာဖို့ကတော့ ခက်ခဲလွန်းလှတယ် ...။
ကျနော် အိပ်မက်တွေမက်ရင်း ကျောခိုင်းလိုက်ပါတယ် ...။ ကျနော် တိတ်တဆိတ်လာခဲ့တဲ့လမ်းကို ကျနော် တိတ်တဆိတ်ပဲ ကျောခိုင်းလိုက်တယ် ...။ ။
အချိန် ၁၀း ၁၇ မိနစ်
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment