အချိန်တို့ လျှင်မြန်စွာ ကုန်သွားသလို ဘီလူးဆိုင်းနှင့် ဘီလူးထွက်လာသည့် ဇာတ်ကွက်သို့ ရောက်၏။ ချောတိုင်ထိပ်ဖျား အောင်လံကို လက်ဖြင့်ထိပြီးကာမှ ဝေါခနဲ ပြန်ကျလာသလို အားလုံးခံစားရ၏။ မခင်အေးက “မလွယ်ဘူးဟေ့၊ အပြတ်အသတ် ပြန်ကြမ်းတော့မှာ တော်ရာရှောင်ကြရင် သက်သာမယ်ဟု သတ္တိပြသည်။
အားလုံးမျှော်နေသော ဖေသောင်းနှင့်အဖွဲ့ မောပမ်းတကြီး ပြန်ရောက်ချလာ၏။ ကိုခင်မောင်လတ်၊ ကိုမြင့်ဇော်တို့နှင့် ခေါင်းချင်းရိုက်နေကြပြန်ပြီ။ အုန်းသိန်းတို့ သားအဖကား တို့ခေတ်ပြန်ရောက်ပြီဟု လက်ရုံးဆန့်တန်းနေကြပြီ။ တနေ့တွင်းပင် စည်းဝေးမှုပြီးအောင် လက်စသပ်ရင်း သပိတ်စခန်းများ ရုပ်သိမ်းသူ သိမ်းကြသည်။ ငါတို့ မျှော်လင့်ချက်တွေကို ဖျက်ဆီးလိုက်ရတာပဲဟု မျက်ရည်ကျသူ ကျသည်။ ယုံကြည်ချက်တော့ ပျက်မသွားဘူး ဟု ကိုမြင့်ဇော်တို့ကနှစ်သိမ့်ရင်း လူစုခွဲကြမည့်အစီအစဉ်ကို မှတ်ချက်ကြသည်။ မိုးကား သည်းဆဲ။ လေက ထန်ဆဲ။
xxxxx xxxxx xxxxx
ကာယကံရှင်တွေတော့ ဘယ်သို့ရှိမည် မသိ။ မခင်အေး အမြင်တော့ ဒါသည်ပင် ဇာတ်သိမ်းခန်း ဟု မြင်သည်။ မရေရာသော နောက်ဆက်တွဲကို သူမ ယုံကြည်မျှော်လင့်ရန် ခက်ခဲလှ၏။ ညို နှင့် ဖေသောင်းတို့ နောက်ဆုံးနှုတ်ဆက်ကြရန် တောရကျောင်းကလေးအတွင်းပင် ချိန်းချက်ရာ မခင်အေး လိုက်ပို့ခဲ့သည်။ ထိုနှစ်ယောက်ထိုင်နေကြ ရေကြည်မြောင်းနံဘေးတွင်ပင် ညို စိတ်လေးလံစွာ ထိုင်လိုက်ရသည်။ သူမကိုယ်တိုင် ချုပ်ပေးခဲ့သောအလံမှာ ဖေသောင်းလွယ်အိတ်ထဲ ခေါက်သိမ်းခဲ့ရပြီဖြစ်သလို သူမနှင့် ဖေသောင်းတို့အကြား ဆက်ဆံမှုအားလုံးလည်း ခေါက်၍ ရင်ထဲသိမ်းဆည်းရတော့မည်။
မိုးရေကြောင့် ရေကြည်မြောင်းကလေး အခါတိုင်းလို မကြည်လင်။ တဖျောက်ဖျောက်ကျနေသည့် မိုးပေါက်များအောက် ဂယက် မပြတ်ထလျက်။ မိုးရေငွေ့နှင့်စိုစွတ်နေသော တိုက်ပုံအင်္ကျီက ဖေသောင်းကိုယ်ပေါ်မှာ လေတိုးတိုင်း တဖတ်ဖတ် လှုပ်နေသည်။ ညို ... ဟု အက်ကွဲသံဖြင့် ခေါ်၏။ ညို နှုတ်ဖြင့်မထူး မော့ကာသာကြည့်သည်။ ညို့ မျက်လုံးများ ရေကြည်မြောင်းလေး လက်ရှိအနေအထားလိုပင် လှုပ်ပါလျက် မကြည်လင်နိုင်။
“တခါတော့ ဝေးလိုက်ကြရအောင် ညိုရေ” သူ ထိုသို့ပြောပြီး မပြုံးချင်ဘဲ ပြုံးသည်။ “မြိုင်ထအကတွေမှာ မင်းသားကြီးက ‘ကလိုက်ရအောင် နှမရေ’ လို့ ခေါ်သလို မခေါ်နိုင်ဘူး မဟုတ်လား။ ဒီလိုပဲ ပြောကြပါစို့ ညိုရယ်” ဟု သူ ရေရွတ်နေသည်။
“အခု ဘာဆက်လုပ်ကြမှာလဲ ညို့ကို မပြောနိုင်ဘူးလား”
“ညို မလိုက်နိုင်မှန်းသိလို့ ကိုယ် မခေါ်ဘူး။ ကိုယ့်အတွက်က လမ်းနှစ်သွယ် ရှိတယ်။ ရည်ရွယ်တာတော့ တူပေမယ့် နှစ်နေရာခွဲ အလုပ်လုပ်ရမယ်။ တောထဲသွားရမလား၊ မြို့မှာပဲ ဆက်လှုပ်ရှားရမလား ... ဒါကို ကိုယ်တို့ ဆက်တိုင်ပင်ပြီး အမြန်ဆုံး အကောင်အထည်ဖော်ရမှာပဲ”
ညို့ ဟင်းခနဲ သက်ပြင်းချပြီး “နှစ်ခုလုံးအန္တရာယ် ရှိတယ်နော်” ဟု မှတ်ချက်ချသည်။ သူ ခေါင်းညိတ်၍
“သံယောဇဉ် ဆိုတာ ခဏလောက် ခွာချထားလို့ရရင် ကောင်းမယ်။ မရတော့လည်း တို့တတွေ မေ့ချင်ယောင်ဆောင်နေကြရုံပဲ ညို၊ တခါတလေမှာ သံယောဇဉ်ဟာ သတ္တဝါတွေအတွက် ခံစားချင်စရာအကောင်းဆုံး၊ ထွေးပွေ့မှုဖြစ်ပေမယ့် လိုအပ်တဲ့အခါမှာ စွန့်ရဲရလိမ့်မယ်။ ညိုဟာ ကိုယ့်အတွက် ဖိနပ်တရံလိုပဲ အနစ်နာခံပြီး ဖြည့်ဆည်းပေးခဲ့တယ်။ ဒါတွေကို အလေးအမြတ် သိမှတ်ပါတယ်။ ဒါပေမယ့် ရေနစ်လို့ ကူးကြရပြီဆိုရင် ဖိနပ်ကို စွန့်ရတာပဲ ညို”
“ဟုတ်ပါတယ်” ဟုဖြေသော ညို အသံမှာ မိုးပေါက်ကျသော ရေမြောင်းမျက်နှာပြင်လို လှုပ်ခါလျက်။
“နောက်တခါ ပြန်ဆုံရင်တော့ ကိုယ်ဟာ ကိုယ်တန်ဖိုးထားတဲ့ သံယောဇဉ်တခုကို ဖိနပ်လိုစီးတော့မှာ မဟုတ်ဘူး၊ ရင်ထိုးလို ချိတ်ဆွဲထားတော့မှာပါ” မိုးစက်များ သစ်ရွက်ပေါ်မှ တပေါက်ပေါက်ကျနေရာမှ ဖွဲခနဲ ရွာချလာသည်မို့ အရွက်များပေါ်မှ စီးသွန်ကျလာကြသည်။ နှစ်ဦးစလုံး အကာအကွယ် အဆောင်းမဲ့ မလှုပ်ရှားချင်ကြ။
“ညို့ကို သတိရနေမလား” ဟု သူမ မရဲတရဲ မေးသည်။
“ကိုယ် ဘယ်လိုဖြေရမလဲ ... ကိုယ့်အလုပ်တွေထဲ ကိုယ် မြှုပ်နှံထားပါရစေ အရာအားလုံးကို ညို နားလည်မှာပါ။ ကိုယ်ဘာမှ မတိုက်တွန်းပါရစေနဲ့”
ဒီတကြိမ် မွန်းကျပ်မှုကို ညို သက်ပြင်းတိုးတိုးသာချသည်။
“ရှဥ့်ကလေးတွေလည်း ပုန်းနေကြပြီ၊ သပိတ်လွယ်ကလေးတွေလည်း မိုးလွတ်ရာရှောင်နေပြီ၊ ရေကြည်မြောင်းလေးလည်း နောက်ကျိနေပြီ ကိုယ်တို့ ခွဲကြပါစို့”
သူ ထရပ်ရာ ညို လိုက်မပါ ... သည်အတိုင်းပင် ထိုင်နေသည်။ ဝေးကွာခြင်းကာလ၏ အတိုအရှည်ကို ဘယ်အကြားအမြင်ရ ပုဂ္ဂိုလ်က လာပြောနိုင်ပါ့မလဲ။ ပကတိ ပန်းတပွင့် လန်းဆန်းချိန်ကို ခံစားခဲ့ပြီးမှ နွမ်းချိန်ကို ငြင်းပယ်၍ မရမှန်း ညို နားလည်လာသည်။ ဒီလိုပါပဲ ညို မုန်းတဲ့အရာတွေဟာ ညိုထံကို ချစ်စရာကောင်းတဲ့ အမူအယာနဲ့ရောက်လာပြီး ညို လိပ်ပြာလန့်အောင် ခြောက်ပြီး လှောင်ပြောင်တာ ညို ခံရစမြဲပါ။
ဆောင်းအိမ်မက်ထက်ကြောက်စရာကောင်းတဲ့ ကြမ္မာရိုင်းကို ညို ရင်ဆိုင်ဖို့ ဘာမှလဲ အကာအကွယ် မမြင်ပါဘူး။ သူ စာနာသော မျက်ဝန်းဖြင့်သာ ညိုအား ငုံ့ကြည့်သည်။ ရေမနစ်ဘဲ ကူးရတော့မယ် ညိုရေ ... အနွံအတာခံခဲ့တဲ့ ဖိနပ်ကို စွန့်ပါရစေတော့ ဟု သူ တောင်းပန်သည်။ ညို ခေါင်းငုံ့လျက်မှ စပ်စုချင်တဲ့မျောက်တကောင် ဒုက္ခဆိုတာကို အဓိပ္ပာယ်ဖွင့်လို့ရသွားပါပြီ စကားလုံးနဲ့တော့ ပြန်ပြောမတတ်ပါဘူး ဟု ရေရွတ်နေ၏။
သူ ခြေလှမ်းပြင်ပြီးကာမှ ညို ဟု ခေါ်ပြန်၏။ ညို မော့ကြည့်သည်။ မိုးစက်များ သူမမျက်နှာပေါ်စိုလျှက်။
“ကိုယ့်ကို တခုခုပြောနိုင်မလား … တနေ့နေ့ တချိန်ချိန်ဆိုတာမျိုး ကိုယ်တို့နှစ်ယောက်အတွက် မရှိနိုင်တော့ဘူးလား”
ညို သက်ပြင်းကို ပွင့်ပွင့်လင်းလင်း ချလိုက်သည်။ ပြီးနောက် အမှောင်ထဲမှာ ထွက်ပေါက်ကို စမ်းနေသော လက်ချောင်းများနှင့်တူသော မျက်ဝန်းဖြင့်ကြည့်ကာ ...
“ညို့အဖေက မကြာခင် ဘူတာပြောင်းရတော့မယ်၊ ဒီလိုပဲ ပြောင်းနေရတာပါ ... ကိုဖေသောင်း တနေ့နေ့ ပြန်လာရင် တောဘူတာလေးတွေမှာ ရေအိုးစင်ရှိသလား ရှာကြည့်ပေါ့၊ ညိုရှိတဲ့နေရာမှာတော့ တည်ထားပါမယ်”
သူ … ခေါင်းညိတ်သည်။
“ဒီလောက်နဲ့ပဲ ကျေနပ်ပါပြီ ညိုရယ် တို့ တနေ့နေ့တွေ့အောင်ရှာပြီး သောက်ဦးမှာပါ၊ သောက်ခွင့်ရပါစေလို့ ဆုတောင်းပါတယ်။ ကဲ ကိုယ်သွားပြီ”
သူ လှည့်မကြည့်မိရန် စိတ်တင်းလျှက် ခြေလှမ်းကြဲဖြင့် ခွာခဲ့သည်။ ညိုကား ဂယက်ထနေသော ရေမြောင်းနံဘေးမိုးရေထဲ မလှုပ်မယှက်။ မခင်အေးက အဝေးမှ ကြည့်နေသည်။
xxxxx xxxxx xxxxxx
“ရေသောက်ချင်တယ် မေမေ”
သားက ပူစာ၍ မခင်အေး သောက်ရေသန့်ဗူး ဖွင့်ပေးလိုက်ရ၏။ ခုတ်မောင်းနေသော အမြန်ရထားပေါ်မှ လမ်းဘေး မြင်ကွင်းများဘက် သူမ လှည့်ငေးနေမိသည်။ အမြန်ရထားမို့ ကြားဘူတာများကို မရပ်နားဘဲ ကျော်ဖြတ်ခဲ့သော်လည်း ရေအိုးစင်ရှိနေမလား ဟု ရှာဖွေမိနေဆဲ။ ညိုတို့ ဘူတာပြောင်းသွားပြီး မခင်အေးတွင်ပင် အိမ်ထောင်သည်အဖြစ် သားနှစ်ယောက်မိခင်ဖြစ်ခဲ့ပြီ။ ညနေ နေခြည်တွင် အသက်ဝင်နေသော တောဘူတာတခုခုတွင် ရေချမ်းစင်တည်ကာ ရှိကောင်းရှိဦးမည်။ ထိုအနီးတွင် တစုံတရာကို စိတ်အားပြင်းပျ မျှော်နေသော မိန်းကလေးတဦးရှိချင်လဲရှိဦးမည်။ မခင်အေး ရထားစီးခရီးကြုံတိုင်း ရှာဖွေကြည့်နေမိဆဲ။
တကယ်တော့ ရှာဖွေနေသူမှာ ဖေသောင်းကိုယ်တိုင်ဖြစ်သင့်သည်ဟု မခင်အေး ထင်သည်။ ဖေသောင်းကိုယ်တိုင်ရှာနိုင်သည့်အချိန် ဘယ်ခါရောက်နိုင်ပါ့။ ထိုအချိန်ရောက်ခဲ့သော် ရေချမ်းစင်နှင့်အတူ ရှဥ့်အမြီးနှင့်တူသော ဆံပင်ပိုင်ရှင် မိန်းကလေးက တမ်းတမ်းတတ ကြိုနေနိုင်ပါ့မလား။ မခင်အေး စိတ်မောလူမော ထိုင်ခုံကို မီထိုင်လိုက်သည်။ အမြန်ရထားကတော့ တောဘူတာလေးများစွာကို အိနြေ္ဒမပျက် ဖြတ်မောင်းသွားလျက်။ ။
မင်းကိုနိုင်
No comments:
Post a Comment