အခန်း - ၁၄
ဆွမ်းအုပ်နီနီ အမေရွက်တော့
နက်ဖြန်မနက် ကျောင်းတက်မယ်၊
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်။
မောင်မဆော့ပါ ဘုန်းတော်ကြီးလို
စိတ်ပုတီးနဲ့ နေပါ့မယ်။
လိုက်မယ်၊ လိုက်မယ်။
(မင်းသုဝဏ်၊ ဥပုသ်စောင့်)
ကျောင်းကို မမြင်ရသေးခင် သစ်ပင်ဝါးပင်တို့ကို မြင်ရသည်။ ပိန္နဲပင်နှင့် သရက်ပင်တို့က အများစုဖြစ်သည်။ ခရေပင်ကြီးတပင်နှင့် ညောင်ပင်ကြီးတပင်လည်း ရှိသည်။ ညောင်ပင်ကြီးခွဆုံတွင် နတ်စင်တစင် ရှိသည်။ ခရေပင်ကြီးအောက်တွင် အုတ်ခုံတခုံရှိသည်။ ဥသျှစ်ပင်တပင်လည်း ရှိသည်။ ပြီးတော့ သူ မသိသည့် အပင်တချို့လည်း ရှိသေးသည်။
ကျောင်းဆောင်ကြီးအမိုးစွန်းက ကနုတ်လက်ရာတို့က ဆန်းပြား၊ ကွန့်ညွန့်နေသည်။ အချွန်အတက် အခက်အလက်တို့သည် သူ့နေရာနှင့်သူ တန်ဆာဆင်ထားသောကြောင့် ထီးဟန်နန်းဟန်ဖြင့် ခန့်ညားလှပနေသည်။ ခေါင်မိုးကို ဘုံဆင့်ပြဿဒ်တို့ဖြင့် ဆောက်လုပ်ထားသည်။ ကျောင်းနံရံ ပျဉ်ထောင်သစ်သားတို့မှာ ရေနံချေးဝဝသုတ်ထားသောကြောင့် ညိုမှောင် ရွှန်းစိုနေသည်။ ကျောင်းသည် ခြေတံရှည်ကျောင်းဖြစ်သည်။ ကျောင်းအောက်ထပ်မှာ ဆယ်ပေလောက်မြင့်ပြီး ဆွမ်းစားဆောင်တခုသာ ခေါင်းရင်းခန်း သုံးခန်းတွင် ဖွဲ့ထားသည်။ ကျန်နေရာတို့မှာ မြေပြင်သက်သက်သာဖြစ်သည်။ ကျွန်းတိုင်လုံးကြီးများမှာ ရှားရှားပါးပါး ဧရာမ တိုင်လုံးကြီးများဖြစ်သည်။ လုံးပတ်မှာ လူကြီးလက်နှင့် အနိုင်နိုင် လက်ချင်းဆက်အောင် ဖက်ယူရသည်။ ကျောင်းအပေါ်ထပ်သို့တက်သော လှေကားလက်ရန်းတွင် ကျွန်းသား ပွတ်လုံးတိုင်များစိုက်ထူထားပြီး ပေါ်လစ်ဆီ ပြောင်အောင်သုတ်ထားသည်။
တိုက်အုပ်ဘုန်းတော်ကြီး ဦးကောသလ္လသည် သက်တော် ၆၀ လောက်ရှိပေပြီ။ သို့သော် အရွယ်နှင့်မလိုက်အောင် နုပျိုသွက်လက်နေသည်။
“အောက်ထပ်မှာ မြင့်စိုး ရှိတယ်။ သူ့ဆီသွား။ မင်းနေဖို့ သူက နေရာပေးလိမ့်မယ်”
“တင်ပါ့ဘုရား”
ဘဘုန်းကြီးကို ဦးချပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အောက်ထပ်ဆွမ်းစားဆောင်ပေါ်တွင် လျှစ်စစ်မီးဖိုနှင့် ဟင်းချက်နေသူတယောက်ကို တွေ့ရသည်။ အရပ်ခပ်ပုပု။ ငါးပေကျော်ကျော်သာရှိမည် ထင်သည်။ အနည်းငယ် ဝသည်။ အသားက နီမင်းထွန်းလိုပင် ခပ်ညိုညို။
“ကိုမြင့်စိုးလားဗျ”
“ကံကောင်းလို့ဟေ့၊ မင်း ငါနဲ့လွဲတော့မလို့။ နောက်ထပ် ဆယ်မိနစ်လောက်သာ နောက်ကျရင် မင်းနဲ့ငါနဲ့ လွဲပြီပဲ”
ဟင်းချက်နေသူက သူ့အမေးကို မဖြေ။ သူပြောချင်ရာကို ပြောသည်။ သူနှင့်လွဲလျှင်ပဲ ကမ္ဘာကြီးပျက်တော့မလိုလို မျက်နှာထိ မျက်နှာထားနှင့် ဆိုသည်။
“နောက်ဆယ်မိနစ်ဆိုရင် ခင်ဗျားက ဘယ်သွားမလို့လဲဗျ”
“ဝန်ကြီးရုံးကို သွားမလို့ကွ။ ကံကောင်းလို့ဟေ့... ခုပဲထွက်တော့မလို့ဟာ... မင်းရောက်လာတာနဲ့”
“နေပါဦးဗျ။ ခင်ဗျားက ဝန်ကြီးရုံးမှာ အလုပ်လုပ်တာလား”
မြင့်စိုးသည် တီကိုဆားနှင့်တို့လိုက်သလို တွန့်သွားသည်။ သူ့ကို မတန်မရာ စော်ကားလိုက်တာခံရသလိုမျိုး မျက်မှောင်ကြုတ်ကြည့်သည်။
“ဟ... ဟေ့ကောင်... မင်းနှယ်ကွာ... လူပုံကြည့်တော့... အမလိုလိုနဲ့ တော်တော်တုံးသေးတာကိုး။ ငါ့ပုံကိုကြည့်စမ်းပါကွ။ မင်းခယောက်ျား ကမ်းနားသစ်ပင် အဖြစ်ခံမယ့်လူမျိုးလားဆိုတာကို”
“မသိဘူးလေဗျာ။ ခင်ဗျားပြောတော့ ဝန်ကြီးရုံးကို သွားမလို့ဆို”
“ဟ... ဝန်ကြီးရုံးကို သွားတယ်ဆိုတာ... သွားနည်းကား အမျိုးမျိုးရှိတယ်ကွ။ ငါက ဝန်ကြီးရဲ့ လက်အောက်ဝန်ထမ်းအဖြစ်နဲ့သွားမှာ မဟုတ်ဘူးကွ။ ငါက ဝန်ကြီးကိုသွားတွေ့မယ့် ဧည့်သည်ကွ။ ဝန်ကြီးရဲ့ ဧည့်သည်”
ရှပ်အင်္ကျီကော်လာကို လက်နှင့်ဆွဲထောင်ပြီး ခပ်ကြွားကြွားပုံစံဖြင့် ပြောသည်။
“ခင်ဗျားက ဝန်ကြီးကို ဘာလုပ်သွားတွေ့မှာတုန်းဗျ”
“မင်း မသိပါဘူးကွာ။ ရှင်းပြလို့လည်း နားလည်ဦးမှာ မဟုတ်ပါဘူး။ မင်းက ခုမှ အညာကရောက်တဲ့လူ မဟုတ်လား”
အသားလွတ်ကြီး အနှိမ်ခံလိုက်ရသောကြောင့် နီမင်းထွန်း တင်းသွားသည်။
“ခုမှ အညာကရောက်တာနဲ့ဘာဆိုင်လို့တုန်းဗျ”
“ဟ... မင်းတို့အညာဆိုတာ ဖုံကထူ၊ နေကပူနဲ့ နောက်ချေးနဲ့ ကန္တာရပင်ပဲရှိတဲ့ဥစ္စာ။ ရန်ကုန်မှာက လေ့လာစရာတွေ အများကြီး ငါ့လူ”
ခက်ချေပြီ။ ရန်ကုန်ဆိုသော အရပ်သည် အညာသားဆိုတာနှင့်ပဲ အထင်သေး အမြင်သေး ဆက်ဆံတတ်သော မြို့ပေလားမသိ။
“နေပါဦးဗျ။ ခင်ဗျားကကော ရန်ကုန်သားလား”
“ငါက နတ်မောက်ကကွ”
“အော်… ဘာထူးလဲ။ ခင်ဗျားလည်း အညာသားပဲဥစ္စာ”
“အာ... တယ်ခက်တဲ့ကောင်ပါလား။ ငါက အညာသားဆိုပေမယ့် ဗိုလ်ချုပ်အောင်ဆန်းမွေးတဲ့မြို့ကကွ”
နီမင်းထွန်း စိတ်ညစ်သွားသည်။ ဘုန်းကြီးကျောင်းမှာတောင် အရင်လူက နောက်လူကို ပညာပြနေပါလားဟု တွေးလိုက်မိသည်။
“တော်ပါပေတယ်ဗျာ။ ကပ္ပိယထဲမတော့ ခင်ဗျားလောက် အဆင့်မြင့်တဲ့သူရှိမှာ မဟုတ်ပါဘူး”
နီမင်းထွန်း ရွဲ့ပြောလိုက်သည်။
“အောင်မာ ကပ္ပိယဆိုပြီး မင်းက ငါ့ကို အထင်သေးတာလား။ ဒီမှာကိုယ့်လူ ဘုန်းကြီးကျောင်းတကျောင်းမှာ တိုက်အုပ်ဆရာတော်ပြီးရင် ကပ္ပိယက အာဏာအရှိဆုံး ပုဂ္ဂိုလ်ကွ။ အဲဒါ မင်း သိလား”
“မဟုတ်တာဗျာ။ စာချဆရာတော်တို့၊ ပဓာနနာယကတို့ထက် ကပ္ပိယက ပိုပြီးအာဏာရှိမလား”
“ဟေ့ကောင်၊ မင်း ဒီနေ့မှ ဘုန်းကြီးကျောင်းရောက်ပြီး ကြားဖူးနားဝနဲ့ စွပ်မပြောနဲ့ကွ။ မှတ်ထား ရန်ကုန်မှာ ဘယ်နေရာဖြစ်ဖြစ် နံပါတ်တစ်ပြီးရင် နံပါတ်တစ်ရဲ့ပီအေက အာဏာအရှိဆုံးပဲ။ ငါက ဒီကျောင်းမှာ တိုက်အုပ်ရဲ့ပီအေကွ”
မြင့်စိုးဆိုသူကား အနိုင်မရမချင်း လျော့မည့်ဟန်မရှိချေ။ နောက် လူကို အကြောမခံချင်ဟူသော သဘောပေလားမသိ။ သူတို့နှစ်ယောက်ပုံစံမှာ ကပ္ပိယအချင်းချင်း ဗိုလ်လု ပညာစမ်းနေသည့်နှယ် ဖြစ်နေလေသည်။
“မြင့်စိုး”
“ဘုရား”
ဘုန်းတော်ကြီး၏ ကျောင်းပေါ်က အော်လိုက်သံကြောင့် နီမင်းထွန်း အသက်ရှူချာင်သွားသည်။
“စကားများမနေနဲ့။ ကောင်လေးကို ထမင်းလေးဘာလေး ကျွေးလိုက်”
“တင်ပါ့ဘုရား”
ထို့နောက် မြင့်စိုးသည် တဆက်တည်း သူ့ဘက်လှည့်၍ … ...
“ဆောရီးပဲကွာ မင်း ဗိုက်ဆာနေပြီလား။ စကားကောင်းနေတာနဲ့ ငါမေ့သွားတယ်။ ကဲ ကဲ… ဒီနေ့တော့ မင်းကို ဘုန်းကြီးကျောင်းက ဟင်းပေါင်းနဲ့ မိတ်ဆက်ပေးရမယ်ဟေ့”
ပြောပြောဆိုဆို သူကိုယ်တိုင် ဟင်းအိုးကို နွှေးလေသည်။ ပန်းကန်ခွက်ယောက်တို့ကိုလည်း ကိုယ်တိုင် ထဆေးသည်။ သည်လိုတော့လည်း မြင့်စိုးဆိုသူမှာ သဘောကောင်းပုံရနေပြန်လေသည်။ ဟင်းကျန်ပေါင်းစုံကို ရောနှောချက်ထားသော ဘုန်းကြီးကျောင်းဟင်းပေါင်းနှင့် သူတို့နှစ်ယောက် ထမင်းစားလိုက်ကြသည်။ ထမင်းစားရင်းနှင့် စကားစမြည်ပြောဆိုကြသောအခါ သူတို့ တဖြည်းဖြည်း လေပေးဖြောင့်လာသည်။ တယောက်အကြောင်း တယောက်သိလာသည်။
မြင့်စိုးသည် နီမင်းထွန်းထက် အသက်ကြီးသည်။ သို့သော် သူသည် ဆယ်တန်း မအောင်သေး။ ဆယ်တန်း စာမေးပွဲကို နှစ်နှစ်ဆက်တိုက်ကျထားသောကြောင့် ကျောင်းဆက်မတက်ရတော့။ ဒီနှစ်တော့ ကိုယ့်ဖာသာ စာကျက်ပြီး အပြင်ဖြေဖြေဖို့ ပြင်ဆင်နေသူ ဖြစ်သည်။
ထမင်းစားပြီးနောက် မြင့်စိုးသည် နီမင်းထွန်း၏ အထုပ်အပိုးတွေကို ဝိုင်းဝန်းကူသယ်ပြီး ဆွမ်းစားဆောင်ထောင့်ရှိ သုံးထပ်သားဖြင့် ကာရံဖွဲ့စည်းထားသော အခန်းကလေးအတွင်းသို့ နေရာချထားလိုက်သည်။ သည်အခန်းသည် နီမင်းထွန်းနှင့် မြင့်စိုးတို့အိပ်ကြရမည့် အခန်းဖြစ်သည်။
********
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment