Sunday, August 25, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁) - မင်းကျော်ခိုင်

ကျနော် ဆယ်တန်းအောင်ပြီး ဒေသကောလိပ်မတက်ခင် အိမ်နီးချင်းသူငယ်ချင်း ကိုကျော်ဇော(ကွယ်လွန်) တို့ ညီအကိုတွေနဲ့ ညဘက်တွေမှာ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေရှေ့ သီချင်းသွားဆိုကြတာ လိုက်လိုက်သွားတဲ့ အဆောင်ညတွေ ၁၉၇၉ ခုနှစ်။ 

ကိုကျော်ဇော အကိုက ကိုအုန်းမြင့် (ခိုင်ထူးနဲ့ တေးမြံငှက်အခွေမှာ လူစိမ်း သီချင်းဆိုတဲ့ ရီဇော်) ခု သူလည်း ကွယ်လွန်သွားပါပြီ။ ၁၉၇၉ ရဲ့ဆောင်းတညမှာ အင်ကြင်းဆောင်နောက်မှာ သီချင်းဆိုကြဖို့ရောက်သွားတော့ သက္ကလပ် ကောင်းဘွိုင်ဦးထုပ်ဆောင်းထားတဲ့သူတယောက်က ဂစ်တာတလက်ကိုကိုင်ထားရင်း ဟယ်လို... အိုင်ပီ... လို့ ကိုအုန်းမြင့်ကို နှုတ်ဆက်တယ်... ဟေး... ကိုတိုးလို့ ကိုအုန်းမြင့်ကပြန်နှုတ်ဆက်ရင်း ကျနော်နဲ့ ကိုတိုးကို မိတ်ဆက်ပေးပါတယ်။ နောက် သူနဲ့ပါလာတာ ကိုရဲ (ကိုရဲလွင်)။ အဲဒီကာလက စာရေးဆရာ ဆရာမင်းသိင်္ခ နာမည်ကြီးနေချိန်။ ကိုတိုးက ကိုအုန်းမြင့်ကို အိုင်ပီ လို့ အမြဲခေါ်တယ်။ ကိုရဲ နဲ့မိတ်ဆက်ပေးတော့ ကိုရဲက မင်းကျော်ခိုင်ဆိုတော့ မိုင်ကျော်ခင်းပေါ့ ဆိုပြီး စသိကျွမ်းခဲ့ကြတာ။ ကိုရဲက စကားတွေကို သူ့အထာနဲ့ ပြောင်းပြန်ယူယူပြီး ပြောတတ်တယ်။ အဲဒီကတည်းက ကျနော့်ကို ကိုရဲက မိုင်ကျော်ခင်းလို့ ခေါ်ခဲ့တာ။ လွဲချင်တာ့ ရဲလွင်နဲ့တွေ့တော့တာပေါ့။ မုတ်ဆိတ်ထားတာ မိတ်စုတ်တွေနဲ့မတွေ့ချင်လို့... ကျည်ဆံတွေနဲ့ ကြံစည်နေကြပြန်ပြီ... အဲလိုစကားတွေပြောတာ...။


အဲဒီကာလတုန်းက ကိုတိုးက သူ့ အဉ္ဇလီအတွက် ဂီတဉ္ဇလီ သီချင်းခွေအတွက် အင်ကြင်းဆောင်နောက်မှာ ညစဉ် လာဆိုနေကြ။ ရန်ကုန်လာရင် ကီလီလမ်းက သားထွေးတို့ အိမ်မှာအမြဲတည်းတယ်။ အဆောင်နောက်ကို သားထွေးလည်း လာလာဆိုတယ်။ ကိုယ်ပိုင်သံစဉ်တွေ စပ်ကြဆိုကြပေါ့။ ကျနော်က ဝေလေလေ... ဂစ်တာလည်း မတီးတတ်၊ ရတဲ့သီချင်းဆို ဝင်ဝင်အော်တာ၊ ပျော်စရာကာလတွေပါ။ 

နောက် ကိုနေဝင်းလည်းရောက်လာတော့ ဝိုင်းက ပိုစည်လာတယ်။ ကိုနေဝင်းကို မောင့်လပြည့်ဝန်း ကိုနေဝင်းလို့ လူသိများတဲ့အချိန်။ သူကလည်း သက္ကလပ် ကောင်းဘွိုင်ဦးထုပ်နဲ့ပဲ။ ကိုတိုးက စကားနည်းတယ်၊ သူ့သီချင်းပဲ စိတ်ထဲထားပြီးဆိုနေတာ။ အင်ကြင်းဆောင်နောက်မှာ တခြားမိန်းကလေး ကျောင်းသူအဆောင်တွေဖြစ်တဲ့ နှင်းဆီ၊ ကံ့ကော်ဆောင်တွေကိုကူးတဲ့ အမိုးနဲ့ ကော်ရဒါစင်္ကြန်လမ်းတွေ ရှိတယ်။ ကျနော်တို့၊ ကိုတိုးတို့အုပ်စုက အဲဒီစင်္ကြန်လမ်းအမိုးပေါ်တက်ထိုင်ပြီး တီးကြဆိုကြတာ။ ကိုတိုး၊ ကိုရဲတို့က အသက် ၃ဝ ကျော်၊ ကျနော်က ၂ဝ။

ကိုတိုးက ညဦးပိုင်းဆိုရင် အဉ္ဇလီအတွက် ဂီတဉ္ဇလီ၊ စိုးစိတ်စွေစံစားစေ၊ ဒို့ရင်ထဲ၊ လင်းပါလေ ရှင်နေမင်း။ ညဥ့်နက်လာမှ သဇင်ည၊ စောင်းကြိုးရှိုက်သံ၊ အရွယ်လွန်ရွေ့လျား... သီချင်းအေးလေးတွေဆိုတာ...။ ကိုတိုး ခဏနားလို့ ကိုရဲဆိုတော့မယ်ဆိုရင် ကိုရဲကို ကျနော် အမြဲဂျီကျတယ်၊ ကိုရဲ... အချစ်မဲ့တဲ့သဘော သီချင်းဆိုဗျာ... ပြီးရင် အင်္ဂလိပ်သီချင်း Let it Be၊ ကိုရဲက Let it Be သီချင်း အပါအဝင် Beatles သီချင်းတွေ ဆိုတတ်တယ်။ 

တခြားအဆောင်ကျောင်းသားတွေလည်း သီချင်းလာဆိုကြတယ်။ ကျောင်းသားလူငယ်တို့သဘာဝ ကြူကြတာ၊ ကြိုးစားနေဆဲသူတွေ၊ အဖြေစောင့်နေတဲ့သူတွေ၊ သမီးရည်းစားဖြစ်ခါစတွေ၊ အမျိုးမျိုးပေါ့။ ဒါပေမယ့် တဖွဲ့နဲ့တဖွဲ့ အလှည့်ကျဆိုကြတာ၊ စည်းကမ်းရှိကြတယ်။ တချို့ကျာင်းသားတွေကလည်း အပြင်မှာသောက်စားလာကြပြီး အဆောင်အပြန် မိန်းကလေးအဆောင်သူတွေကို လှမ်းအော်ပြီး စကြ နောက်ကြတာတွေရော အစုံပေါ့။ ကျောင်းသားတွေအများစုက ပုဆိုးတွေခြုံပြီး လွတ်လွတ်လပ်လပ် သွားလာနေနိုင်ကြတဲ့ကာလတွေ။ ကျောင်းသူအဆောင်တွေနဲ့ ကျောင်းသားအဆောင်တွေဖြစ်တဲ့ ခပေါင်း၊ ဒူးယား၊ အုန်းတော၊ ပုပ္ပါး အဆောင်တွေကြားမှာ မိုးလင်းဖွင့်တဲ့ စားသောက်ဆိုင်တန်းရှိတယ်။ ကိုတိုးတို့ ကိုရဲတို့က စက်မှုတက္ကသိုလ်ကဆရာ (နာမည် မမှတ်မိတော့ဘူး) ဖွင့်ထားတဲ့ ကန်သာယာ စားသောက်ဆိုင်မှာ ထိုင်ဖြစ်ကြတာ များတယ်။ 

ကိုတိုးတို့ကို အဲဒီတုန်းက လူသိနည်းသေးတယ်။ နာမည်မကြီးသေးခင်ကိုး။ ကိုရဲကိုတော့ ဘေ့စ်ကိုရဲလွင်၊ ကိုနေဝင်းကိုတော့ မောင့်လပြည့်ဝန်း၊ ကိုမောင်ကတော့ အဉ္ဇလီမောင်မောင် နာမည်တွေသိကြပေမယ့် သူတို့ဘယ်သူတွေဆိုတာ လူနဲ့နာမည် တွဲမသိတဲ့သူ များတယ်။ စိုင်းထီးဆိုင်ရဲ့ မောင့်လပြည့်ဝန်းပါတဲ့ စိတ္တဇအလွမ်း၊ ခိုင်ထူးရဲ့ အဉ္ဇလီ အခွေတွေထွက်ပြီးတဲ့ ကာလတွေပါ။ 

တည ကိုမောင်(အဉ္ဇလီမောင်မောင်) ရောက်လာတယ်၊ အဲဒီည စင်္ကြန်အမိုးပေါ် မတက်ဖြစ်ကြဘူး။ အမိုးအောက်ကနေပဲ သီချင်းဆိုကြတဲ့ည။ အင်ကြင်းဆောင်နောက်ဘက် အခန်းတခန်းက ကျောင်းသူတယောက်က သူ့အခန်းမီးပိတ်ပြီး တညလုံးနားထောင်တယ်။ ကျနော်က စာရွက်တရွက်မှာ စာရေးပြီး စက္ကူမြားလုပ်ပြီး သားရေကွင်းနဲ့ ပစ်တင်လိုက်တယ်။ ကျောင်းသားလူငယ်တို့ ဘာဝပေါ့။ အဲဒီမှာတင်ပဲ ကိုမောင်က ကိုရဲကို ရဲကြီး၊ အဆောင်ရှေ့သွားတီးရအောင်ဆိုပြီး ထ ထွက်သွားပါရော... ကိုရဲက ဘာမှ မပြောသေးဘဲ ကျနော့်ကိုကြည့်ပြီး မင်းကျော်ခိုင် ခုနက စာပစ်တင်လိုက်တဲ့ ကောင်မလေးက မောင်မောင့်ညီမ အရင်းပဲတဲ့...။

နောက်ပိုင်း ကျနော်တို့ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ ကိုမောင့်ညီမကို မျက်မှန်နဲ့မို့ ကျနော်က ပြာလောင်လို့ ခေါ်တယ်။ ကိုမောင်ကလည်း ဘိုင်ကျရင် သူ့ညီမဆီ သွားသွားပိုက်ဆံဆွဲလေ့ရှိတယ်။ အင်ကြင်းဆောင်က ဘာနဲ့တူသလဲဆိုတော့ ခုခေတ် ကွန်ပြူတာ Flat မော်နီတာနဲ့ တူတယ်။ အခန်းနံပါတ်တွေက ရှေ့မျက်နှာစာမှာဆိုရင် ဘယ်ဘက်ကစပြီး စုံ ဂဏန်းတွေ ၂, ၄, ၆, ၈ ... အဲလို စသွားတယ်။ နောက်ဘက်အခြမ်းကျတော့ မ ဂဏန်းတွေ၊ ဘယ်ဘက်ကစ ရင် ၁, ၃, ၅, ၇...။

ဆက်ပါဦးမည်။

မင်းကျော်ခိုင်


 

No comments: