Monday, August 5, 2013

အခြေခံဥပဒေ ဒီမိုကရေစီလူစဉ်မီမီ ပြင်ဖြစ်အောင်ကူညီ၊ ဒီချုပ်တို့ သမ္မတ အောင်လံထူမည် (ဟံသာဝတီ ဦးဝင်းတင်)

အားလုံးကြားလိုက်ကြမှာပေါ့။ သမ္မတကြီးကတော့ သွားပြီ။ သွားပြီဆိုတာက ခေါင်းပေါင်း ချွတ်မယ်။ နိုင်ငံရေးကုလားထိုင် ဂွတ်ဘိုင်တော့မယ် ပြောတာ။ နိုင်ငံကြီးတစ်ခုမှာ လူသိရှင်ကြား ပြောတာဗျ။ ဟုတ်လောက်ရဲ့ထင်ရသပေါ့ဗျာ။ သူ့လူချောတွေက ဘာတွေဘယ်လို နားလှည့်ပါးလှည့် ပြောဦးမယ်မသိ။ 

ထားပါတော့လေ။ ဦးသိန်းစိန်စကားကလည်း ယတိမပြတ်လှဘူး။ ဓာတ်တော့ ပေါက်လောက်ပါတယ်။ တာထွက်တန်းစီတဲ့အချိန်မှာ ဘယ်လိုလိမ်ဖည်လိမ်ဖည် ပါလာဦးမလဲတော့ မသိနိုင်ဘူးပေါ့။ လတ်တလောတော့ သူ့ကို မူးတင်းပဲတင်း သမ္မတလောင်းရယ်လို့ပဲ သတ်မှတ်ထားကြဗျ။ ဘယ်သူတွေ ကျန်သလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းပဲပေါ့။ သူတို့က ပါတီကြီးနှစ်ခုရဲ့ ဥက္ကဋ္ဌတွေလည်းဖြစ်တယ်။ လွှတ်တော်တွင်း ထိပ်တန်းခေါင်းဆောင်တွေလည်းဖြစ်တယ်။ 

ဦးရွှေမန်းက ပြောတယ်။ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို သမ္မတဆိုတဲ့ပုဂ္ဂိုလ် အလုပ်နိုင်ဆုံးဆိုရင် သမ္မတဖြစ်ချင်တယ်။ သမ္မတထက်ပိုပြီးလုပ်နိုင်တဲ့ ဌာနတွေ၊ ပုဂ္ဂိုလ်တွေရှိတယ်ဆိုရင်လည်း အဲဒါတွေ ဖြစ်ချင်တယ်တဲ့ဗျား။ သတင်းထောက်ကို ပြောတာ။ သူပြောပုံအရတော့ သမ္မတလုပ်ချင်လွန်းတာ သေချာတယ်။ သမ္မတထက်ပိုလုပ်နိုင်တဲ့ အလုပ်ရှိရင်လုပ်ချင်တယ်ဆိုတာက ဘာလဲ။ အကြံကြီးတာကို ပြောတာလား။ တခြားအလုပ်တစ်ခုခုကို မျက်စောင်းထိုးတာလား။ 


ဦးရွှေမန်းကို ဒုတိယသမ္မတ နံပါတ်ချိတ်နေတဲ့ သတင်းတွေကလည်း ရှိသေးသကိုး။ သတင်းတစ်ခုအဆိုအရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သမ္မတဖြစ်ကောင်းဖြစ်မယ်ဆိုပဲ။ ကာ/ချုပ်ကြီးသမ္မတဖြစ်ရင် ဦးရွှေမန်း ဒုတိယသမ္မတဖြစ်မယ် ဆိုတဲ့ တစ်ပေးသံသတင်းတွေကလည်း ထွက်နေသဗျ။ 

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြတ်ပါတယ်။ ရှင်းရှင်းပဲ။ သမ္မတလုပ်ချင်တယ် တဲ့။ ဦးရွှေမန်းက သူနဲ့ပြိုင်ရဲတယ်ဆိုရင် ကောင်းပါတယ် တဲ့။ အဲဒီလိုပြိုင်မယ်ဆိုရင်လည်း အခြေခံဥပဒေပြင်ဆင်ရေးကို ဖြစ်နိုင်အောင် ဦးရွှေမန်း ကြိုးစားပေးစေချင်တယ် တဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားက အပိုင်ချည်လွန်းတယ်လို့ ပြောသူတွေတော့ရှိတယ်ဗျ။ အခြေခံဥပဒေကို ပြင်ပေးသပဆိုကတည်းက ဒေါ်စုနိုင်ပြီပေါ့တဲ့။ 

နောက်ထပ် ပေါ်ထွက်လာတဲ့သတင်းတွေက ရှိသေး။ ဒေါ်စုက သမ္မတ၊ ဦးရွှေမန်းက ဒုတိယသမ္မတဆိုတဲ့ သတင်း။ ဦးရွှေမန်းက သမ္မတ၊ ဒေါ်စုက ဒုတိယသမ္မတဆိုတဲ့ သတင်း။ ရေပန်းအစားဆုံးကတော့ ဦးရွှေမန်းက သမ္မတ၊ ဒေါ်စုက လွှတ်တော်ဥက္ကဋ္ဌ။ နောက်သတင်းဆန်းတစ်မျိုးကတော့ သမ္မတကိစ္စ အခြေခံဥပဒေ မပြင်ဘူး တဲ့။ ဦးရွှေမန်းက သမ္မတ၊ ဒေါ်စုက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးတဲ့။ နောက်တော့ ဒေါ်စု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်မှာတဲ့။ 

စုံရောဗျာ စုံရော။ 

မှန်တာပြောရင် ကျုပ်က အဲဒီလို နိုင်ငံရေးကစားကွက်တွေ၊ ကျားကွက်တွေ၊ စကားကွက်တွေ၊ မျှားကွက်တွေကို နားလည်းမလည်ပေါင်ဗျာ။ စိတ်လည်းမဝင်စားပေါင်ဗျာ။ ကျုပ်က အိုးတိုးအတ ငနဲလေဗျာ။ အဲဒါမျိုးတွေ ရိုးတိုးရွတ သရုပ်မခွဲတတ်ဘူးပေါ့ဗျာ။ နိုင်ငံရေးဂုရုတွေ၊ ကဝိတွေ သိတဲ့အလုပ်တွေကိုး။ သူတို့လေကန်ရင်း ဝေဖန်ခြင်းပြုကြလိမ့်မပေါ့ဗျာ။ သူတို့သုံးသပ်ရင်း ဆုံးဖြတ်ခြင်းပြုကြလိမ့်မပေါ့ဗျာ။ 

ကျုပ်တို့ဒီချုပ်ဥက္ကဋ္ဌကြီးက သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူ့ရဲ့ နိုငံရေးသဘောထားတွေကို ရှင်းပြသွားတာ ကြားရတယ်။ တွေးစရာတွေ၊ ရေးစရာတွေ အများကြီးပဲ ရလိုက်သဗျာ။ ဒေါ်စုက စိတ်ထားဝတိံသမားဆိုတော့ နှလုံးကြီးကြီး၊ ဦးနှောက်ကျယ်ကျယ် သဘောထားတွေ ပြောသွားတယ်ဗျာ။ 

အတိုက်အခံဆိုတဲ့ အသုံးအနှုန်းကို သူ သိပ်မကြိုက်ဘူးတဲ့။ ဒီမိုကရေစီလွှတ်တော်စနစ်မှာ အတိုက်အခံသဘောတရား လိုအပ်တယ်တော့ ပြောသဗျ။ သူ့အနေနဲ့ တိုက်လည်း မတိုက်ချင်၊ ခံလည်း မခံချင်ဘူးတဲ့။ ပူးပေါင်းဆောင်ရွက်ခြင်းကို ပိုလို့ လိုလားတယ်တဲ့။ 

ကျုပ်က အငေးသမား၊ အတွေးသမားလေ။ ဥက္ကဋ္ဌကြီးစကားကို အောက်ခြေမှာကြားနေရတဲ့စကားနဲ့ ယှဉ်တွဲ စဉ်းစားနေမိသဗျ။ အောက်ခြေစကားက အဘရေ၊ ကျွန်တော်တို့ပါတီထဲမှာ ကြံ့ဖွံ့နဲ့ ခရိုနီ အနုတ်အဖွဲ အသေးအမွှားလေးတွေ အတော်ထွေးလားလုံးလား ဖြစ်နေသဗျတဲ့။ 

ကောင်းကင်ပါတီ နိုင်ငံရေးမှာ အတိုက်အခံစိတ်ဓာတ်မပြင်းဘဲ ပူးပေါင်းဆောင်ရွက်ခြင်းက သိပ်ကောင်းပေတာပေါ့ဗျာ။ မြေကြီးပါတီ စည်းရုံးမှာတော့ ‘ပူးပေါင်း’ မျက်နှာပဲ ကွက်ကြည့်ကွက်ကြည့်လုပ်နေရရင် မစွံဘူးဗျ။ ပါတီအောက်ခြေထုမှာ နိုင်ငံရေး ‘ခွင်’၊ စည်းရုံးရေး ‘ခွင်’တွေ ပျက်မှာ ပြိုမှာ စိုးရသဗျ။ 

သဘောတရားတွေ အသာထားလိုက်ကြပေါ့ဗျာ။ ဥက္ကဋ္ဌရဲ့ လက်တွေ့ကျတဲ့ စကားကိုပဲ မှတ်ထားလိုက်ကြစို့ရဲ့။ 

ဥက္ကဋ္ဌက မှန်မှန်ကန်ကန်ပြိုင်ရအောင် မျှမျှတတ လုပ်ပေးပါတဲ့။ ဒီစကားက သမ္မတရွေးကောက်ပွဲအတွက်သာ အရေးကြီးတာ မဟုတ်ဘူးဗျာ။၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးတစ်ခုလုံးအတွက်လည်း အရေးကြီးတယ်ဗျာ။ 

ကျုပ်တို့ပြည်ထောင်စုကြီး ဖွဲ့စည်းကြတဲ့အချိန်မှာ ကျုပ်တို့ရဲ့နိုင်ငံရေးဒဿနအခြေခံက ‘ခွင့်တူညီမျှ ဝါဒဖြူစင်’ ဗျ။ ‘တရားမျှတ လွတ်ခြင်းနဲ့မသွေ’ ဗျ။ နိုင်ငံတော်သီချင်းထဲက အဆိုအမိန့်၊ စကားအသုံးအနှုန်းတွေဗျ။ 

ခွင့်တူညီမျှရင်၊ တရားမျှတရင်၊ လွတ်လပ်ရင် (လက်ပြန်ကြိုး အမျိုးမျိုးချည်တဲ့ ၂၀၀၈ အခြေခံဥပဒေထဲ ကန့်သတ်၊ ပိတ်ပင်၊ ချုပ်ချယ်၊ ဖိနှိပ်၊ စိုးမိုး၊ ဟန့်တားချက်တွေက လွတ်လပ်ရင်- 

-၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ဒီချုပ် အောင်ပွဲကြီးခံမှာ ကျိန်းသေပေါ့ဗျာ။ 

- ၂၀၁၅ လွှတ်တော်သုံးရပ်ရဲ့ သမ္မတရွေးမြှောက်ပွဲမှာ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သမ္မတအောင်ပွဲခံ၊ အောင်လံစိုက်မှာ မြေကြီးလက်ခတ်မလွဲပေါ့ဗျာ။ 

- ဒီနေ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်က ၂၀၀၈ အခြေခံဥပဒေကြီးကို ချိုကျိုးနားရွက်ပဲ့ မသန်ချည့်နဲ့အဖြစ်ကနေ ဒေါင်ဒေါင်မြည် စစ်စစ်မှန်မှန် ဖက်ဒရယ်ဒီမိုကရေစီ ဥပဒေကြီးအဖြစ် ပြောင်းလဲပြင်ဆင်ဖြည့်စွက် ဖြုတ်ပယ်ရန် လိုအပ်တဲ့အချိန်မှန်သမျှကို ပြည့်ပြည့်စုံစုံ ကုန်ကုန်စင်စင် ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်နဲ့တကွ နိုင်ငံရေးအင်အားစု အားလုံးရဲ့တာဝန်ပဲ ဖြစ်ပေသပေါ့ဗျာ။ အဲဒါက ပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲပေါ့ဗျာ။ ။ 

ဟံသာဝတီ ဦးဝင်းတင် 

ဒီလှိုင်းဂျာနယ်။ အတွဲ(၂)၊ အတွဲ(၂၉)


 

No comments: