ခုတလော ကြားကြားနေရတာက
အားအားယားယား
ဖေ့ဘုတ်ခ်ပေါ်တက် အာနေတဲ့ ကျီးတွေအကြောင်း ...။
ခုတလော ဖြစ်နေတာက
လူမှုရေးအရ
ဧည့်သည်တော်တွေ များလာတဲ့
ငွေရတုအကြောင်း ...။
အခုတလော စဉ်းစားမိရတာက
အစီအစဉ်တကျ အကွက်ရွှေ့ခဲ့တဲ့
တပ်ချုပ်ကြီးအကြောင်း ...။
အခုတလော ပြောင်းလာတာက
အနုပညာသည်တွေ
လက်မှတ်ထိုးလေ့ကျင့်နေတဲ့အကြောင်း ...။
အခုတလော ဖြစ်နေရတာက
ကဗျာဆရာတွေ
ဘရိတ်ဒန့်စ် ကနေတဲ့အကြောင်း ..။
အခုတလော စဉ်းစားမိတာက
နားရွက်ဖြတ်ခံလိုက်ရတဲ့
ဒတ်ခ်ျ ပန်းချီဆရာတယောက်အကြောင်း ...။
ခုတလော တွေးမိတာက
ဘဝကို ခေါင်းစဉ်ထိုးပြီးမှ
မွေးဖွားတတ်လာတာလား ဆိုတဲ့အကြောင်း ...။
ခုတလော မြင်နေရတာက
တွေ့နေကျ မျက်နှာတွေမှာ
အတိတ်မေ့ရောင်တွေ တောက်နေတဲ့အကြောင်း ...။
အခုတလော ကိစ္စတွေဟာ
အခုတလောရေးတဲ့ ကဗျာတွေနဲ့
ဘာမှ မသက်ဆိုင်တဲ့အကြောင်း ...။ ။
ပန်းချီသည် Trina Hesson ရဲ့ face series ထဲမှ ...
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment