ဖြစ်ချင်တာတွေ မဖြစ်ပေမယ့် မဖြစ်ချင်တာတွေလည်း ကြုံတွေ့ရသည့်ဘဝ။ အိမ်ထောင်ကျခါစ ကျနော်တို့ဇနီးမောင်နှံနဲ့ ထွန်းထွန်းလင်းတို့ကို ဒေါလယ်ခူရွာသို့ ပို့ပေးကြပြန်သည်။ ကျနော်တို့ရောက်ရှိသွားသည့်အဖွဲ့မှာ အမှတ်(၃) ခရိုင်တပ်ဖွဲ့ ဖြစ်သည်။ တာဝန်ထမ်းဆောင်သူအများစုမှာ ကယောလူမျိုးများ ဖြစ်ကြသည်။ ကရင်နီ(သို့) ကယားပြည်နယ်တွင် အဓိက မျိုးနွယ်စုများမှာ ကယား၊ ကယော၊ ကယန်း၊ ဂေခို၊ ဂေဘား၊ မနူး၊ မနော စသည့်မျိုးနွယ်စုများ စုပေါင်းနေထိုင်ကြသည်။ ကျနော်တို့ကို ဒေါလယ်ခူ သူကြီး ဦးရယ် တာဝန်ပေးအပ်ကာ နယ်စပ် ဗဟိုဌာနချုပ်သို့ ပို့ဆောင်စေခဲ့သည်။ လမ်းခရီးတွင် အထောက်အကူဖြစ်စေရန်အတွက် ထောက်ခံစာတစောင်လည်း ထည့်ပေးလိုက်သည်။ အခက်အခဲရှိက ထိုစာကိုပြပြီး ခရီးဆက်နိုင်ရန်ဖြစ်သည်။
နောက်တနေ့မနက် ဒေါလယ်ခူမှ ခရီးစတင်ထွက်ခွာခဲ့ကြသည်။ ဒေါတမကြီးရွာသို့ ညနေ နေမစောင်းမီ ရောက်ရှိခဲ့ကြသည်။ အိမ်ခြေအတော်များများတည်ရှိပြီး နှစ်ပေါင်းအတော်ကြာသော ရွာဟောင်းကြီးလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွာထိပ်တွင်တွေ့မြင်ရသော တံခွန်တိုင်များကို ကြည့်ရင်း ခန့်မှန်းရခြင်းဖြစ်သည်။ ကယားလူမျိုးများက တံခွန်တိုင်ကို တနှစ် တကြိမ် စိုက်ထူလေ့ရှိသောကြောင့်ဖြစ်သည်။ ဒေါတမကြီးနှင့် မနီးမဝေးတွင်း ဒေါညေးခူရွာ တည်ရှိလေသည်။ တရွာနှင့်တရွာ မဝေးလှသော်လည်း ဘာသာစကားပြောရာတွင် ကွာခြားကြသည်။ ဒေါညေးခူစကားမှာ မြန်သောကြောင့် လူမျိုး ဘာသာတူသော်လည်း တော်ရုံနှင့် နားလည်ရခက်ခဲသည်။ သံလွင်မြစ်အနောက်ဘက်ကမ်းရှိ ကယားလူမျိုးအများစုမှာ မိရိုးဖလာ နတ် ဗုဒ္ဓဘာသာများဖြစ်သည်။ ဒေါတမကြီးတွင် အဓိက အခက်အခဲဆုံးမှာ ရေ ပြဿနာပင်ဖြစ်သည်။
ရွာအရှေ့ရှိ ရေကန်ကြီးကိုသာ အားကိုးအားထားပြုရသည်။ ရေ၏ အရောင်အဆင်းမှာ ကြက်ဥနှစ်သဖွယ် ဖြစ်သည်။ လူနှင့်တိရစ္ဆာန်အပေါင်း သောက်သုံး လျှော်ဖွပ်ချက်ပြုတ်သည့် တခုတည်းသော ရေကန်ကြီး ဖြစ်လေသည်။ မိန်းမသားအများစုမှာလည်း လည်ပင်းကြီးဝေဒနာကို ခံစားနေကြရတာ တွေ့မြင်ရသည်။
နောက်တနေ့မနက် ဒေါတမကြီးမှစတင်ကာ တောင်တွေကို တလုံးပြီးတလုံး ဖြတ်ကျော်ရသည်။ တနေ့တာခရီး ပြီးဆုံးသောအခါ ပွန်ချောင်းသို့ရောက်ရှိသည်။ ပွန်ချောင်းရေမှာ ကြည်လင်အေးမြပြီး ငါးများ ဥဒဟို ကူးလူးသွားလာနေသည်ကိုပင် မြင်တွေ့နေရသည်။ ပွန်ချောင်းကိုလည်း ခက်ခဲစွာကျော်ဖြတ်ခဲ့ရသည်။ ပွန်ချောင်းကျော်သောအခါ အဓိက အတားအဆီးမှာ သခွတ်တောင်ပင် ဖြစ်သည်။ ကယားပြည်နယ်ရှိ အမြင့်ဆုံးတောင်ပင် ဖြစ်မည်ထင်သည်။ အတက်အဆင်း အလွန်ခက်ခဲသည်။ သခွတ်တောင်အောက်ရောက်သည်နှင့် သံလွင်မြစ်ကြီးက ဆီးကြိုနှင့်နေတော့သည်။ မြစ်ကမ်းနံဘေးတွင် ကရင်နီတပ်စခန်းများလည်း ရှိသည်။ ထိုတပ်စခန်းကိုရောက်တော့ တောပစ်ရာတွင်ရရှိလာသော ဂျီသားဖြင့် ချက်၍ ကျွေးမွေးကြသည်။ ဆာဆာနှင့် အားပါးတရစားလိုက်ကြသည်။ စားပြီးနောက် ပါးစပ်နှင့်လျှာတို့မှာ တလှပ်လှပ်နှင့် တုန်ခါနေတော့သည်။ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ။ အဆိပ်မိသလားဟု ထင်လိုက်မိသည်။ နောက်မှ သိရသည်က ပန်းခါးနှင့် မက်ခါသီး ရောချက်ထားသောကြောင့် ဖြစ်သည်။ ရိုးရာ အစားအစာ တခုပင်။
သံလွင်မြစ်ဘေးတလျှောက် ခုတ်လှဲထားသော ကျွန်းသစ်များကိုလည်း တွေ့ရှိရသည်။ အချို့သစ်တုံးကြီးများကို ဆင်များဖြင့်ဆွဲ၍ စုပုံနေကြသည်။ သစ်များမှာ ဖြောင့်တန်းပြီး လှပသော သစ်လုံးကြီးများဖြစ်သည်။ အချို့ သစ်ခွဲစက်များဘေး ပစ်ထုတ်ထားသောသစ်များကိုကြည့်ရင်း နှမြောတသ ဖြစ်ရပြန်သည်။ သံလွင်မြစ်ကို လှေဖြင့်ဖြတ်ကျော်ပြီး ခရီးဆက်ခဲ့ကြသည်။ လမ်းဘေး ဝဲယာတလျှောက် မဆုံးနိုင်သော ကျွန်းတောကြီးက နေရာယူထားသည်။ ဂျီ၊ ဆတ်၊ မျောက် စသည့် သားကောင်များကို မကြာခဏ တွေ့ရသည်။ သုံးရက်ခန့် ခရီးဆက်မိသောအခါ ရောင်းဝယ်ရေး စခန်းသို့ ရောက်ရှိခဲ့ကြသည်။
မြန်မာပြည်ဘက်မှ ထွက်သော ကျွဲ၊ နွား၊ ကျွန်းသစ် ကျောက်နှင့် အခြား ပစ္စည်းများကို ထိုနေရာတွင် ရောင်းဝယ်ဖောက်ကားကြသောကြောင့် ရောင်းဝယ်ရေး စခန်းဟု ခေါ်တွင်ကြခြင်း ဖြစ်သည်။ အိမ်ခြေ တရာဝန်းကျင်ရှိသည်။ ဈေးဆိုင်တန်းများတွင် အရက်၊ ဘီယာနှင့် စားသောက်ဖွယ်အစုံ ရောင်းချသည်။ အဓိက လက်ဝါးကြီးအုပ် စီးပွားဖြစ်နေသူများမှာ ထိုင်းနိုင်ငံသားများဖြစ်ကြသည်။ နေရာတကာတွင် သူတို့ကို တွေ့မြင်ရသည်။ ထိုည ရောင်းဝယ်ရေး စခန်းတွင် အိပ်စက်ဖြစ်ကြသည်။ ထမင်းချက်ပြန်တော့ အခက်အခဲ တွေ့ရပြန်သည်။ ကျနော်တို့က ဆန်နှင့်ရေ ရော၍သာ ချက်ကြသည်။ သူတို့စားသောဆန်မှာ ထိုသို့မဟုတ်။ ရေနွေးဆူမှ ဆန်ဆေးထည့်ရသည်။ မနားတမ်းမွှေပေးရသည်။ ရေခမ်းသွားလျှင် အဆင်ပြေသွားသည်။ ဒုက္ခသည်စခန်းမှာ ပေးသောဆန်များဟု သိလိုက်ရသည်။
မနက်မိုးလင်းတော့ နယ်စပ်သို့ ခရီးဆက်ရပြန်သည်။ ရောင်းဝယ်ရေးစခန်းမှ သုံးနာရီခန့်သွားသောအခါ အဓိက ခံစစ်ကုန်းဖြစ်သော ချက်ပွိုင့်သို့ ရောက်ကြသည်။ ထိုင်း-မြန်မာ နယ်စပ် တောင်ကြောကြီးပင်ဖြစ်သည်။ အဲဒီနေရာမှာ ပထမဦးဆုံး တော်လှန်ရေးခေါင်းဆောင်ကြီးတဦးနှင့် တိုးတော့သည်။ ကျနော်တို့ကို မြင်သည်နှင့် ‘တောခိုလာတဲ့ ကောင်တွေကလည်း ခွေးပစ်တဲ့ တုတ်လောက်ပဲရှိတယ်... ဘာလုပ်ရမှာလဲ... ဒုက္ခသည်စခန်းကိုသာ ပို့လိုက်’ ဟု ပြောတော့ … မခံချိမခံသာ မချင့်မရဲ ဖြစ်သွားသည်။ အသားတို့ပင် တုန်ယင်စပြုသွားမိသည်။ လိုက်ပါပို့ဆောင်သူ သူကြီး ဦးရယ်လည်း ကျနော်တို့ကို မလွှဲသာမရှောင်သာ ဒုက္ခသည်စခန်းရှိရာ နန်းဆွယ်ရွာသို့ ခေါ်ဆောင်သွားပြန်သည်။
ဒုက္ခသည်စခန်းအဝင် ပဒေါင်ရွာ (သို့) ပဒေါင်ကုန်းကို ဖြတ်ကြရသည်။ ဘဝတွင် ပထမဦးဆုံး မြင်ဖူးသော လူမျိုးဖြစ်သောကြောင့် ငေးမောကြည့်နေမိသည်။ ဥဒဟိုသွားလာနေသော မျက်နှာစိမ်းများ အသားအရေမျိုးစုံ၊ ဘာသာစကားမျိုးစုံ လူများကို တွေ့မြင်ရသည်။ သူတို့အား ပြပွဲသဖွယ် ရုံသွင်းပြသထားခြင်း ဖြစ်လေသည်။ လာရောက်လေ့လာသူများမှာ ဓာတ်ပုံတဖျတ်ဖျတ် ရိုက်ယူနေကြသည်။ လည်တွင်စွပ်ထားသော ကြေးကွင်း အထပ်ကြီး၊ လက်ခြေတို့တွင်လည်း ထိုနည်းလည်းကောင်း။ သူတို့ကိုရပ်ကြည့်နေရင်းပင် ကျနော် အသက်ရှူကျပ်လာသလို ခံစားရသည်။ ပဒေါင်ရွာမှ ၁၀ မိနစ်ခန့်လျှောက်လိုက်တော့ ဒုက္ခသည်စခန်းကို စတင်တွေ့မြင်လိုက်ရသည်။ တဲအိမ်အများစု ဖြစ်သည်။
ရွာအတွင်း လျှောက်လှမ်းလာသော ကျနော်တို့ကို မျက်လုံးစိမ်းများဖြင့် အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြသည်။ တချို့ကလေးတွေ အိမ်ထဲဝင်ပုန်းတာကိုလည်း သတိထားလိုက်မိသည်။ ရွာထိပ်ရှိ စခန်းအုပ်ချုပ်ရေးမှူးအိမ်သို့ ပို့ပေးကြသည်။ အုပ်ချုပ်ရေးမှူးက မြန်မာစကားကို ကောင်းမွန်စွာ ပြောဆိုဆက်ဆံတတ်သည်။ သူ့အိမ်တွင်သာ တည်းခိုစေခဲ့သည်။ အိမ်အလုပ်ဟူသမျှကိုလည်း ကျနော်တို့ဇနီးမောင်နှံမှ ဝိုင်းဝန်းကူညီပေးသောကြောင့် ယုံကြည်မှုရလာခဲ့သည်။ သနားဂရုဏာသက်ကာ အချစ်ပိုလာခဲ့သည်ဟု ဆိုရမည်။ မည်သို့နေ၊ မည်သို့ပြော၊ မည်သို့မလုပ်နှင့် စသဖြင့် သွန်သင်ဆုံးမကာ ရပ်တည်နိုင်ရေးအတွက် ကူညီပေးခဲ့သော ကျေးဇူးရှင်များလည်း ဖြစ်သည်။
ကျနော်တို့ရောက်ပြီး သိပ်မကြာခင် ကရင်နီတပ်မတော်နှင့် နဝတ အစိုးရတို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးကြသည်။ ထိုင်းနိုင်ငံပိုင်နက်ထဲရှိ ဒုက္ခသည်စခန်းကိုလည်း ကယားပြည်နယ်အတွင်းသို့ ပြန်လည်ပြောင်းရွှေ့စေခဲ့သည်။ ထို့ကြောင့် အုပ်ချုပ်ရေးမှူးအိမ်တွင် နေ၍မရတော့သောကြောင့် တနီးလဲရွာသို့ သွားရောက်အခြေချရန် ပြင်ဆင်လိုက်သည်။ အိမ်ဆောက်ရန် လိုအပ်သော သစ်ဝါးများကို ဇနီးသည်က ဦးဆောင်ပြီး ခုတ်သည်။ ကျနော်တို့ ၂ ယောက်က ဝါးကို ကောင်းစွာမခုတ်တတ်။ ဝါးများစည်းနှောင်ရန် နှီးပင်မထိုးတတ်။ မနီးမဝေး ဝါးခုတ်နေသော သူတယောက်ထံသွားပြီး နှီးထိုးပေးရန် မြန်မာလို ပြောသောအခါ ထွက်ပြေးသွားတော့သည်။
သူတို့က မြန်မာစကားကိုပင် ကြောက်နေပုံရသည်။ ဝါးပိုးဝါးများကို အပေါက်ဖောက်ကာ ဖြစ်သလို အိမ်လေးတလုံး ဆောက်ဖြစ်လိုက်ကြသည်။ ရိက္ခာအတွက် ဆန်နှင့်ဆားကို ဂိုဒေါင်က ထုတ်ပေးသောကြောင့် မပူပင်ရ။ ခက်နေသည်က ချက်စားရန်အတွက် အိုးခွက်ပန်းကန် မရှိ။ ၃ ယောက်ပေါင်း ဟန်းကောလေးတလုံးသာ ပိုင်ဆိုင်ကြသည်။ ထိုဟန်းကောဖြင့် ထမင်းချက်ပြီးသောအခါ ငှက်ပျောရွက်ထဲသို့ လောင်းထည့်ပြီး ဟင်းအတွက် ချက်ရပြန်သည်။ ဟင်းမှာ အထွေအထူးတော့ မဟုတ်။ ရေဆူဆူထဲ ငရုတ်ရွက်ထည့် ဆားခပ်၊ ငရုတ်သီးခပ်ရုံသာ ဖြစ်သည်။ ဆီ၊ အချိုမှုန့်ကား ဝေးစွ။ ကြာတော့ အဟာရပြတ်သလို ဖြစ်လာသည်။ ခင်းစရာ ဖျာမရှိ။ ဇနီးသည်က ဝါးခုတ် နှီးဖျာပြီး ဝါးဖျာယက်သည်။ ဘဝတွင် ပထမဦးဆုံး ဝါးဖျာအခင်းသက်သက်ဖြင့် အိပ်ခဲ့ရသောအဖြစ်ကို ယနေ့တိုင် အမှတ်တရရှိနေဆဲ ဖြစ်သည်။
နောက်ရက်များတွင် ထွန်းထွန်းလင်းကို မတွေ့ရတော့။ ခြေဦးတည့်ရာ ထွက်သွားပြီဟု ထင်လိုက်မိသည်။ ကျနော်လည်း တောထဲဝင်ကာ ထင်းရှူးဆီ အမြစ်များကို လိုက်လံခုတ်ယူရသည်။ ရရှိလာသော ထင်းရှူးဆီများကို စည်းနှောင်ကာ ရွာအတွင်း လှည့်လည်ရောင်းချရသည်။ ကယားဘာသာစကား မတတ်လေတော့ တဘတ်ပေးလည်း ယူရသည်။ ၅ ဘတ်ပေးလည်း ယူရသည်။ တနေ့ဝင်ငွေ ၂၅ ဘတ် ၃၀ ရလာတော့ အနည်းငယ် အသက်ရှူချာင်လာသည်။ လိုအပ်သော အသုံးအဆောင် ပစ္စည်းများ နည်းနည်းချင်း ဝယ်ယူ စုဆောင်းရသည်။
ကျနော်တို့အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေသည့်သူတဦးရှိသည်ကိုတော့ ကျနော်တို့ လုံးဝ မရိပ်မိ။ မသိ။
(ဆက်ပါဦးမည်)
အုပ်ကြီးဖေ
၂၉- ၇- ၂၀၁၃
No comments:
Post a Comment