ရောက်သွားတော့ တပ်ရင်းမှူးကတော့ ထုံးစံအတိုင်း ပြုံးပြုံးချိုချို...။ အနားက တယောက်ကိုလည်း ဗဟိုကော်မတီဝင် လို့ မိတ်ဆက်ပေးတယ်။ စကားပြောကြရင်း “ဒီနေရာက ချင်းမိုင် တက္ကသိုလ်နဲ့ ကပ်လျက်လေ” လို့ ပြောတော့ “သိတယ်လေ၊၊ ကျနော်တို့ စောစောကတောင် အနားက ဖြတ်လျှောက်ပြီးပြီ” လို့ သူတို့ နှစ်ယောက်စလုံး ပြုံးစစနဲ့ ပြောပြတယ်။
“အရှေ့ဘက်က ခြံစည်းရိုတွေက မာလာဆောင်ဘက်က ခြံစည်းရိုးတွေနဲ့ တူတယ်ဗျ” လို့ တပ်ရင်းမှူး မိတ်ဆွေက ထပ်ပြောတယ်။ နှစ်အစိတ်တိတိရှိခဲ့ပြီဆိုပေမမယ့် သူတို့ရဲ့ တက္ကသိုလ်အလွမ်းက ပျယ်သေးပုံမရ။ ရန်ကုန်ခရီးဆိုတော့လည်း တက္ကသိုလ်ဝိညာဉ် ပြန်နိုးနေကြတယ်ထင်ပါတယ်။
တက္ကသိုလ်အကြောင်းမှာပဲ စကားတွေက တဝဲလည်လည်။ ဒေါက်တာသန်းထွန်းအကြောင်း၊ ဒေါက်တာ ကျော်သက်ရဲ့ ယူကျုက လက်ချာ အကြောင်း၊ နောက် ကျနော်မသိတဲ့ ဟားဗတ်တက္ကသိုလ်မှာ ထူးချွန်တဲ့ မြန်မာဆရာကြီးတယောက်အကြောင်း... နောက် ကျနော်မသိတဲ့ သူတို့ ဆရာတွေအကြောင်း ... သစ်ပုပ်ပင်အကြောင်းတောင် ပါသေး။
“သစ်ပုပ်ပင်က ရှမ်းပြည်ဘက်ကနေ မျိုးယူလာတာလို့ ကြားဖူးတယ်ဗျ” တပ်ရင်းမှူးက အာရ်အိုင်တီ ကျောင်းသားဆိုတော့ ဖုန်းမော် အရေးအခင်းမှာ ကိုယ်တွေ့ ဖြတ်သန်းခဲ့ရတဲ့သူ၊ နှစ်တိုင်း မတ်လ ၁၃ ရက်နေ့ဆိုရင် တော်လှန်ရေးနယ်မြေရောက် အာရ်အိုင်တီ ကျောင်းသားတွေ ဖုန်းမော်အတွက် အလှူလုပ် လုပ်ကြတယ်။ တပ်ရင်းမှူးရဲ့မိတ်ဆွေကတော့ ရန်ကုန်တက္ကသိုလ်မှာ နှစ်အတန်ကြာ ကျင်လည်ခဲ့ဖူးတယ်လို့ သူ့စကားထဲက သိရတယ်။ လူပုံက ပိန်ပိန်ပါးပါး၊ စကားပြောတော့ တိုးတိုးသက်သက်ဆိုတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ ပုံစံ။ စာသမား၊ ကဗျာသမားနဲ့ပိုတူတယ်လို့ ထင်တယ်။
စကားပြောလိုက် လုပ်လက်စ အလုပ်တွေကို လုပ်လိုက်နဲ့၊ တိကျသေချာတဲ့ လူတစ်ယောက်လို့ ကျနော့် စိတ်ထဲမှာ ထင်နေတယ်၊ “အထဲမှာ ရေကန်တကန် ရှိတယ်ဗျ၊ အင်းလျားကန်နဲ့ တူတယ်” လို့ ကျနော်က အသိပေးလိုက်တယ်၊ “ဟုတ်လား” လို့ သူတို့တွေ ပြိုင်တူ မေးကြတယ်။ အင်းလျားနဲ့တူတယ်ဆိုတော့ ကျောင်းသားသူပုန်တွေက စိတ်ဝင်စားနေပြန်ရော...။
ကျနော် တွေးကြည့်တယ်။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ လူတိုင်း မလုပ်နိုင်တဲ့ကိစ္စ။ ပြီးတော့ စာသင်ခန်းတွေကို ကျောခိုင်းပြီး နေ့ချင်းညချင်း လက်နက်ကိုင်တော်လှန်ရေးသမားဘဝကို ခံယူရတာက ပိုပြီး မလွယ်တဲ့ကိစ္စ။ ဒါကြောင့် ထင်တယ်၊ ကမ္ဘာလုံးမှာ ကျောင်းသားတပ်မတော်ဆိုလို့ ဘယ်မှာမှ မရှိ၊ မြန်မာပြည်မှာပဲ ABSDF ဆိုတာ ရှိတယ်။ ကျောင်းသားတပ်မတော်မှာ လက်နက်ကိုင်တယ်ဆိုတာက အခွင့်အရေးရဖို့ နေနေသာသာ စားဖို့တောင် အနိုင်နိုင်...။ ကျောင်းသားတပ်မတော်ပေါ်ပေါက်တဲ့အချိန်က လက်နက်ကိုင်တော်လှန်ရေးက အကျဘက်ကို ရောက်နေတဲ့အချိန်...။ ကိုယ်ပိုင်နယ်မြေ မရှိ၊ ကျွန်းသစ် မရှိ၊ ကျောက်စိမ်း မရှိ၊ မှောင်ခိုအခွန် မရှိ၊ အကြမ်းဖက်သမားအဖွဲ့လို့တောင် တံဆိပ်တပ်ခံခဲ့ရဖူးတယ်၊ ထားတော့။
ကျောင်းအကြောင်း ပြောနေတုန်း နောက်တစ်ယောက် ဝင်လာတယ်။ သူတို့တွေ အပြင်မှာ စားစရာဝယ်ပြီး ပြန်လာတဲ့ပုံပဲ။ ဆဲဗင်းအလဲဗင်းမှာ ရဲဘော်တယောက်က သူဝယ်ထားတဲ့ စားစရာကို ငွေရှင်းကောင်တာက ကောင်မလေးကို ထောင်ပြပြီး ထွက်သွားလို့ မနည်းပြန်ခေါ်ရတယ်တဲ့။ ကောင်တာရှေ့မှာ ရဲဘော်တွေထဲက တယောက်က ရပ်နေပြီဆိုတော့ အဲဒီ တယောက်ပဲ ရှင်းမယ်ပေါ့၊ ဘာယူသွားလဲဆိုတာကို သိရင်ရပြီဆိုတဲ့ သဘောပေါ့။ ပစ္စည်းပေါ်က ဘားကုတ်တွေကို ငွေရှင်းကောင်တာမှာ လေဆာနဲ့ ဖြတ်ပြီးမှ ငွေရှင်းရတယ်ဆိုတာကို သူ မသိ။ မြို့ပေါ်မရောက်ဖူး၊ ဆဲဗင်းအလဲဗင်းမှာ တခါမှ ဈေးမဝယ်ဖူး။ ရန်ကုန်သွားမယ်ဆိုတော့ ရှေ့တန်းကနေ တက်လာတာလေ။
နောက်တယောက်ကလည်း ရှေ့တန်းမှာစီးတဲ့ ဖိနပ်နဲ့ပဲတက်လာလို့ ဖိနပ်ဆိုင်တွေ့ရင် ကြည့်ပျော်ရှုပျော် ဖိနပ်တရံ ဝယ်ပေးရဦးမယ်တဲ့။
အိမ်ပြန်လာတဲ့အထိ အဲဒီအကြောင်းက ပါလာတယ်။ ညစာစားရင်း မဟေသီကို ပြောပြတော့ သူလည်း မျက်နှာမကောင်း။
ဒီနေ့ တာချီလိတ်ရောက်တဲ့ ဓာတ်ပုံကိုတွေ့တော့ အရင်ဆုံး ခြေထောက်တွေကို လိုက်ကြည့်မိတယ်၊၊ တချို့လည်း ခြေထောက်တွေ ကွယ်နေတော့ ဖိနပ်တွေကို မမြင်ရ၊ မျက်နှာတွေကို လိုက်ကြည့်တော့ အားလုံး ရွှင်ရွှင်လန်းလန်း၊ တချို့ကို နေကာမျက်မှန်တွေနဲ့ တွေ့တော့လည်း ဝမ်းသာသွားတယ်။
သူငယ်ချင်း ကဗျာဆရာတယောက် (သူလည်း အာရ်အိုင်တီကျောင်းသား၊ ထောင်ထွက်ပဲ) နယ်စပ်ရောက်ပြီး ဖိနပ်ဖိုး မရှိလို့ ငါးဖြစ်ချင်တယ်လို့ ကဗျာစပ်တာကို သတိရတယ်။
“ငါးဖြစ်တော့ ဖိနပ် မလိုတော့ဘူးပေါ့.. အမေ” တဲ့၊၊
အခုလည်း ခင်ဝမ်းရဲ့ ဆယ်လမွန် ငါးတွေ... သူတို့ အိမ်ပြန်သွားကြပြီ၊၊ ဧရာဝတီကို ဆန်ရင်း...။
“ရာသီလည်း တွက်ချက် မှန်ကန်စေ” လို့ ဆုတောင်းပါတယ်။ ။
ဆယ်လမွန်ငါးတို့ အပြန်... https://www.youtube.com/watch?v=VojsqiZXpfc
No comments:
Post a Comment