စီးပွားရေးသမားများ၏ ငွေကြေးထောက်ပံ့မှု အကူအညီမပါဘဲ ယနေ့ကျင်းပသည့်ပွဲတွင် နယ်စပ်အခြေစိုက်ကျောင်းများမှ လူငယ်ကျောင်းသားအများစု တက်ရောက်ခဲ့ကြပြီး ရှစ်လေးလုံးသမိုင်းနှင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို နောင်တော်ကြီးများက လက်ဆင့်ကမ်း ပြောဆိုဆွေးနွေးခဲ့ကြသည်။
၁၀ တန်းကျောင်းသား မောင်ညီညီက "ရှစ်လေးလုံးကိုမမီခဲ့ပေမယ့် နောင်တော်ကြီးတွေရဲ့ ကိုယ်ကျိုးစွန့် အသက်သွေးချွေးပေးဆပ်ခဲ့မှုတွေကို ကျွန်တော်တို့ခေတ်မှာလည်း ဆက်ပြီး တိုက်ပွဲဝင်သွားရမှာပါ၊ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ မြန်မာနိုင်ငံမှာ အရေးကြီးဆုံးပဲ" ဟုပြောသည်။
ငွေရတု ဆိုသည့်အသုံးအနှုန်းကို ရှောင်ထားသော ယခုအောက်မေ့ပွဲ တက်ရောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနိုင်က "လက်ရှိမြန်မာ့နိုင်ငံရေးစနစ်က ပွင့်လင်းမြင်သာမှုမရှိတဲ့ အရေခြုံဒီမိုကရေစီဖြစ်တယ်၊ ဒါကြောင့် အများနည်းတူ ကျွန်တော်တို့ မိုးခါးရေ မသောက်ဘူး၊ အုတ်ရောကျောက်ရောလည်း အဖြစ်မခံနိုင်ဘူး၊ တလမ်းပဲရှိတယ်၊ မြန်မာနိုင်ငံမှာ အများဆန္ဒဖြစ်အောင် ဆက်လုပ်ရမှာဘဲ" ဟုပြောသည်။
မြန်မာအတိုက်အခံများ၏ လှုပ်ရှားမှုများကို အထူးကန့်သတ်ပိတ်ပင်ထားသည့် မဲဆောက်တွင် ယနေ့ကျင်းပသည့်ပွဲကို ဒေသခံအာဏာပိုင်များ တစုံတရာ အနှောက်အယှက်မရှိဘဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်တဦးက ပြောသည်။
အခမ်းအနားတွင် သံဃာတော်များကို ဆွမ်းကပ် တရားနာခဲ့သော်လည်း ရေစက်ချ အမျှဝေခြင်းမပြုကြောင်း တွေ့ရသည်။
သတင်းနှင့်ဓာတ်ပုံ - မန်းမျိုးမြင့်(မီဒီယာ)
No comments:
Post a Comment