Thursday, August 8, 2013

နှလုံးသား ဒိုင်ယာယီ (၅) - အုပ်ကြီးဖေ

‘ဘာသာမတူ လူမျိုးမတူလို့ ရန်မဖြစ်ကြနှင့်’ ဆိုသည့် ဆရာတော်ကြီးဟောသည့် စကားကိုမှတ်သားမိသောအခါ ဘဝဖြတ်သန်းမှုတွင် တွေ့ကြုံဆုံစည်းခဲ့ရသည့် အဖြစ်တို့ကိုလည်း တဖန်ပြန်လည် သတိရစေပြန်သည်။ ကျနော်နှင့် ဇနီးသည်က လူမျိုးဘာသာ မတူကြ။ 

ဇနီးသည်က ကယောအမျိုးသမီးဖြစ်သလို မိရိုးဖလာ ခရစ်ယာန် ဘာသာဝင်လည်း ဖြစ်သည်။ ဘာသာစကား အတော်များများနှင့် လက်မှုပညာများကိုလည်း ဘဝပေးအခြေအနေအရ တတ်မြောက်ခဲ့သည်။ ကယား၊ ကယော၊ ကယန်း၊ ဂေပါး နှင့် ကရင် ဘာသာစကားများကို ကောင်းစွာပြောဆိုတတ်သည်။ ကလေးများဝတ်ဆင်ရန်အတွက်လည်း ကိုယ်တိုင်ဂျပ်ခုတ်သည်။ နှီးဖြာ၊ ပလိုင်းထိုး လက်မှုပညာအတော်များများကို တတ်မြောက်ထားလေသည်။ 

ကျနော်နေထိုင်ရာဒေသမှာ အဓိက ခရစ်ယာန်ဘာသာဝင်က အများစုဖြစ်သည်။ တနင်္ဂနွေနေ့တိုင်း ဇနီးနှင့်အတူ ဘုရားကျောင်းသို့လည်း ရောက်ဖြစ်သည်။ ဘာသာခြား ကျနော့်ကိုယူထားသောကြောင့် ကျနော့်ဇနီးသည်က ဘုရားသခင်ထံ အပြစ်ဝန်ခံခွင့်မရှိ။ လက်ထပ်ခြင်းမင်္ဂလာရှိမှသာ အပြစ်ဝန်ခံခွင့်ရရှိသည်။ ထို့ကြောင့် မဖြစ်မနေ လက်ထပ်ခြင်း မင်္ဂလာပြုရန် ကျနော့်အား တိုက်တွန်းလေသည်။ ကျနော်လည်း ငြင်းဆိုခြင်းမပြု။ ကြည်ကြည်သာသာနှင့် လိုက်လျောခဲ့သည်။ သူ၏ဆန္ဒကိုမျက်ကွယ်ပြုရန် ကျနော့်တွင် ဆန္ဒမရှိသောကြောင့်လည်းဖြစ်သည်။ 


ကျနော်တို့ သတိုးသား သတိုးသမီး မိဘများအဖြစ် ဂျိုဝါးနီ နှင့် ဆရာမ မာရိယာတို့မှ ဦးစီးဦးဆောင်ပြု ဆောင်ရွက်ပေးပါသည်။ ဘုန်းတော်ကြီး ဖဲပြားရှေ့မှောက်တွင် သမီးငယ်လေးကို ရင်ခွင်ပိုက်ရင်း ကျနော်တို့ နှစ်ဦး လူသိရှင်ကြား မင်္ဂလာဆောင်ဖြစ်လိုက်ကြသည်။ ဘာသာရေးအရ ကန့်သတ်ချက်များတော့ ရှိသည်။ ထိုအချက်များကို ကျနော်ကိုယ်၌ကလည်း သဘောတူသည်။ အခြားမဟုတ်။ ကျနော်တို့နှစ်ဦးမှ မွေးဖွားလာသော ရင်သွေးငယ်များမှာ မိခင်ဘာသာသို့သာ ဝင်ရောက်ရမည်ဟူ၍ ဖြစ်သည်။ ကျနော်တို့စခန်းတွင် ဗုဒ္ဓဘာသာဝင်ဟူ၍ အနည်းသာ ရှိလေသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးမှာ ရှားရှားပါးပါး တစ်ပါးသာ။ ဘွဲ့အမည်ကိုတော့ ကောင်းစွာ မမှတ်မိ။ လူအများက ဦးဇင်း ဖိုးဆိတ်ဟုသာ အခေါ်များကြသည်။ သူကလည်း သူပင်။ လပြည့်လကွယ်တရားဟောမည်ဆိုလျှင် အလွတ်မရသောကြောင့် ဗလာစာအုပ်ကိုင်ပြီး တလုံးချင်း လိုက်ဖတ်စေသည်။ ထိုမှာ သူ၏ ပင်ကိုယ်စတိုင် တရားဟောနည်းပင်ဖြစ်သည်။ သူ့ကျောင်းနှင့် ကျနော့်အိမ်မှာ တောင်ပေါ်တောင်အောက် မြင်နိုင်ကြားနိုင်သည့် အကွာအဝေးတွင်သာ ရှိသည်။ ရသမျှ ဆွမ်းကွမ်းတို့ကိုလည်း ကျနော်တို့မိသားစုအား မျှဝေကျွေးမွေးတတ်သည်။ 

မည်သူပင်ဖြစ်စေ ရှိသောဘုန်းကြီးသာလျှင် ကိုးကွယ်ရာ ဖြစ်ခဲ့ရလေသည်။ ကျနော့်အိမ်တွင်လည်း ဘုရားကျောင်းဆောင်အတွက်လိုအပ်သော ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း အစ ဇနီးသည်က တာဝန်ယူပြီး ကပ်လှူသည်။ နှစ်ဦးအကြား ဘာသာရေးအရ ခွဲခြားဆက်ဆံမှု မရှိကြ။ တနင်္ဂနွေနေ့ရောက်သည်နှင့် ကျနော်တို့ ဇနီးမောင်နှံ ဗျာများရသည်။ ဘုရားကျောင်းရှိ လူငယ်မောင်မယ်များ အိမ်တွင်လာရောက်၍ ဘုရားရှိခိုး ဆုတောင်းပေးလေ့ရှိသည်။ ထို့ကြောင့် တနင်္ဂနွေနေ့ရောက်ပြီဆိုလျှင် ကျနော့်ဘုရားက ကြွပ်ကြွပ်အိတ်ထဲဝင်ကာ အိမ်တွင်းပုန်းရသည်။ သခင်ယေရှုက ကျောင်းဆောင်ပေါ်သို့ ပြန်လည်နေရာယူပြန်သည်။ ဆုတောင်း ထောပနာပြုပြီး လူငယ်မောင်မယ်တို့ ပြန်သွားသည်နှင့် ကျနော့်ဘုရားက မူလနေရာပြန်ရလေသည်။ ကျနော်တို့နှစ်ဦးအကြား ဘုရားများလည်း အလုပ်ရှုပ်ခဲ့ဖူးလေသည်။ 


ဇနီးသည်က မိသားစု စားဝတ်နေရေးအတွက် တဖက်တလမ်းမှ ဝင်ငွေရရန်အတွက် ရှာကူသည်။ နံနက် ၃ နာရီထိုးသည်နှင့် အိပ်ရာမှထပြီး ထမင်းများ ချက်ပြုတ်သည်။ ကလေးများစားရန်နှင့် ကျနော်စားရန် ခွဲပေးပြီးသည်နှင့် ခြင်းကြားကိုလွယ်ကာ အင်ဖက်ကောက်ရန်အတွက် တောထဲသို့ဝင်ရလေသည်။ နံနက် ၉ နာရီကျော်မှသာလျှင် ပြန်ရောက်လေသည်။ ရရှိလာသော အင်ဖက်အရိုးများကို ကျနော်က ခုတ်သင် ရှင်းလင်းပေးရသည်။ ဖက်ထိုးရန်လိုအပ်သော နှီးနှင့် တုတ်တံကိုတော့ သူကိုယ်တိုင် ဖြာလေသည်။ ထိုအလုပ်မှာ နေ့စဉ်ရက်ဆက်။ ဒုတိယ သမီးလေး ကိုယ်ဝန်ရှိလာတော့ စိတ်သွားတိုင်း ကိုယ်မပါတော့ အလုပ်ကိုလည်း ကောင်းစွာမလုပ်နိုင် စားဝတ်နေရေးက ကျပ်တည်းလာပြန်သည်။ 

ကျနော်ရရှိသော ကျောင်းလခ သုံးရာကလည်း အခြေအနေအမျိုးမျိုးကြောင့် လစဉ် ပုံမှန်မရ။ ကိုယ်ဝန်ရင့်လေ ငွေမှာပို၍ လိုလာလေသောကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ မိတ်ဆွေတယောက် ချေးထားသော ငွေတရာ့ငါးဆယ်ဘတ်ကို သတိရလိုက်သည်။ ထိုမိတ်ဆွေ နေထိုင်ရာ နန်းဆွယ်ရွာနံဘေးရှိ လယ်ကွင်းထဲတွင် ငွေအနည်းငယ် ပြန်မျှရန် ပြောလိုက်သောအခါ စကားပြန်မရ။ ဓားဆွဲကာ ကျနော့်ကို ခုတ်တော့သည်။ 

ရှောင်နိုင်သမျှ ရှောင်တိမ်းရင်း အသက်လုနေရသည်။ လုံးထွေးသတ်ပုတ်ကြရာ ကျနော့်လက်ထဲ ဓားရောက်သွားတော့ ရန်သူကြီးသဖွယ် သဲသဲမဲမဲ ခုတ်လိုက်မိသည်။ မိတ်ဆွေဖြစ်သူနှင့် ဇနီးသည်တို့ ဓားဒဏ်ရာ ဗလပွနှင့် သွေးရူးသွေးတမ်းပြေးနေသော်လည်း ကျနော်က လိုက်ခုတ်နေမိသေးသည်။ ရွာသို့ပြန်သောအခါ ရပ်ရွာလုံခြုံရေးအဖွဲ့များက ကျနော့်ကို ဖမ်းဆီးလိုက်ကြသည်။ အုပ်ချုပ်ရေးမှူး ခူးခဲလေ အိမ်ရောက်သည့်တိုင် ဒေါသတို့က အထွတ်အထိပ်သို့ ရောက်နေသည်။ ချုပ်နှောင်ထားရန်အတွက် ကြိုးတုပ်ကာ ဆန်ဂိုဒေါင်ထဲ ထည့်ထားလိုက်သည်။ 

ထိုအချိန်တွင် ရပ်ရွာအတွက် အချုပ်ခန်းမရှိ။ အချုပ်ခန်းဆောက်ပြီးသောအခါ ကျနော့်အား အချုပ်ခန်းသို့ ပို့ဆောင်လိုက်ကြသည်။ အချုပ်ထဲတွင် ၄၅ ရက်တာကာလတခုကို ဖြတ်သန်းလိုက်ရသည်။ ကိုယ်ဝန်အရင့်အမာနှင့် ဇနီးသည်က တနေ့ နှစ်ကြိမ် ထမင်းပို့ပေးရသည်။ ကျနော် သိပ်ကြိုက်သော ‘လှကျော်’ တံဆိပ် ဆေးပေါ့လိပ်ကိုလည်း မဖြစ်မနေ ရှာကြံဝယ်လာရသေးသည်။ ဒုက္ခကြီးစိုးသော ကာလလည်း ဖြစ်လိမ့်မည်။ အချုပ်ခန်းထဲရှိနေစဉ် မိတ်ဆွေတဦးနှင့် တရက်တာ ဆုံစည်းလိုက်ရသေးသည်။ ဘဝကို ကြံ့ကြံ့ခံတိုက်ပွဲဝင်တတ်ရန်အတွက် ခွန်အားများကိုလည်း သူက လက်ဆောင်ပေးသွားခဲ့သေးသည်။ 

ထိုနေ့ည စကားလက်ဆုံကျနေစဉ် မည်သည့်အဖွဲ့အစည်း မှန်းမသိ နန်းဆွယ်ရွာတွင်း ဝင်ရောက်ပစ်ခတ်သည်မှာ အချိန်အတော်ကြာလေသည်။ ထိုပစ်ခတ်မှုဖြစ်စဉ်နှင့် ကျနော့်မိတ်ဆွေကြီး ပတ်သက်နေသည်ဟု အားလုံးက သံသယဝင်နေကြသည်။ မနက်မိုးသောက် အလင်းရောက်တော့ မိတ်ဆွေကြီးလည်း မရဏလမ်းသို့ ကြွမြန်းသွားခဲ့ရသည်။ သူ့အကြောင်းကိုတော့ ကျနော့်ရေးသားဖူးသော ‘လူမိုက်ကြီး၏ သံဝေဂ’ ဆောင်းပါးတွင် ဖတ်ရှုနိုင်လေသည်။ 

(ဆက်ပါဦးမည်) 

အုပ်ကြီးဖေ 
၎- ၈- ၂၀၁၃ 


 

No comments: