Friday, August 2, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၁၁

အခန်း - ၁၃ 

ငါတို့ခေတ်ဟာ 
အမှောင်ခေတ်ကြီးပါ 
ရိုးရိုးမှန်မှန်ပြောလို့ မဖြစ်ဘူး။ 

မျက်မှောင်မကြုတ်တတ်တဲ့လူဟာ
ခတ်ရဲ့ဒုက္ခတွေကို မခံစားတတ်လို့ပဲ။ 

ရယ်မောနေတဲ့လူဟာလည်း 
ကြာက်စရာကောင်းတဲ့
ခတ်ရေစီးရဲ့ ဝါးမျိုဖို့တက်လာတဲ့အသံကို 
မကြားသေးသူသာဖြစ်လိမ့်မယ်။ 

(ဘားတော့ဗရက်၊ အနာဂတ်အတွက်ကဗျာ) 

သာစည်ဘူတာထဲသို့ ရထားဝင်လာချိန်သည် နေဝင်မိုးချုပ်အချိန်ဖြစ်သည်။ များစွာသော မီးရထားသံလမ်းတွေကြားတွင် ဝါကျင့်ကျင့် နီယွန်မီးလုံးကြီးများကို ထွန်းညှိထားလေသည်။ ထိုအရောင်ကို သူ မကြိုက်။ ထိုအရောင်မှာ စိတ်ချောက်ချားချင်စရာဖြစ်သည်။ 

ဘူတာနားနီးလာသည်နှင့် အသံတွေကလည်း တဝုန်းဝုန်းပြေးလာကြသည်။ ရထားက ဘူတာထဲဝင်ဖို့ ခြေလှမ်းပြင်ရုံသာရှိသေးသည်။ ဆိုက်ဆိုက်မြိုက်မြိုက် မရောက်သေး။ ဈေးသည်တွေ၏ အလုအယက် အော်ဟစ်သံတွေကို ကြားနေရသည်။ ခရီးများများ မထွက်ဖူးသော နီမင်းထွန်းအတွက် မြင်ကွင်းသည် ဆန်းသစ်နေသည်။ ဘူတာထဲတွင် ယူနီဖောင်းဝတ်ထားသော ရဲတွေ အများအပြားရှိနေသည်မှာလည်း သူ့အမြင်မှာ ထူးခြားနေသည်။ မန္တလေးဘူတာထဲမှာပင် ရဲတွေ ဒီလောက်များများ မမြင်ခဲ့ရ။ သာစည်ဘူတာသည် လမ်းဆုံဘူတာကြီးဖြစ်သောကြောင့် အစောင့်အကြပ် ပိုများလေသလားဟု သူ အတွေးပွားမိသည်။ 


“ဒီမှာ… ဒီမှာ၊ ငါ့တူ အဒေါ့်ကို တခုလောက်ကူညီစမ်းပါ” 

“ခင်ဗျာ” 

ဘးတွင် အိပ်ပျော်နေပြီဟု ထင်ထားခဲ့သော ဒေါ်သက်ထား၏စကားကြောင့် ရုတ်တရက် ကြောင်သွားသည်။ ဒေါ်သက်ထား၏ အမူအယာမှာ ရေးကြီးသုတ်ပျာ ဖြစ်နေပြန်သည်။ သူ့အသံမှာလည်း စိုးရိမ်ပူပန်မှုတို့ ရောယှက်နေသည်။ 

“ဟုတ်ကဲ့။ ဘာကူညီရမလဲခင်ဗျ” 

“ဒီ… ဒီစာအုပ်ကလေးကို ရန်ကုန်သယ်သွားပေးပါလားကွာ။ ကဗျာစာအုပ်ကလေးပါ။ ဒါပေမယ့် အန်တီ့အတွက် သိပ်အရေးကြီးလို့ပါ” 

“ဗျာ။ အန်တီကလည်း ရန်ကုန်သွားမှာပဲ မဟုတ်လား” 

“အန်တီ ဒီမှာ ဆင်းရတော့မယ်ကွ။ ကိစ္စတခုပေါ်လာလို့” 

“ဗျာ ကိစ္စပေါ်လာလို့” 

“အော်… ဒီလိုပါ။ အရေးတကြီးကိစ္စတခုကို သတိရလာလို့ပါ” 

“အော်… ဟုတ်ကဲ့။ ရပါတယ်။ ရပါတယ်။ ရန်ကုန်ကျရင် ဘယ်ပို့ပေးရမလဲဗျ” 

“နေဦးကွ။ နေဦး။ မင်း ပို့မပေးနဲ့။ ဒီလိုလုပ်။ မင်းတည်းမယ့်လိပ်စာကို ပေးခဲ့ပါလား။ မင်းဆီမှာ အန်တီ လာယူမယ်” 

“အာ… ကျနော်က အလုံက ဘုန်းကြီးကျောင်းမှာ နေမှာဗျ။ နေဦး… နေဦး။ ကျနော်က လိပ်စာကို အလွတ်မရဘူး။ စာအုပ်ထဲမှာ ရှာလိုက်ဦးမယ်” 

အမျိုးသမီးကြီး၏ ထူးခြားသော ဟန်ပန်ကြောင့် နီမင်းထွန်း ယောင်ယောင်ကန်းကန်း ဖြစ်နေသည်။ လိပ်စာ စာအုပ်ကို အလွယ်တကူ ရှာမရ။ လက်ဆွဲအိတ်ထဲတွင် ထည့်လိုက်မိသလား။ လွယ်အိတ်ထဲမှာလား။ 

“နေ… နေ။ ရှာမနေနဲ့တော့။ ကျောင်းနာမည်သာ ပြောခဲ့။ အန်တီ ရှာတတ်ပါတယ်” 

“ကျောင်းနာမည်က ဓမ္မ… အဲ… ဓမ္မဝေဘူ… အဲ… ဘာပါလိမ့်” 

“ဓမ္မ ဝေပုလ္လ ဟုတ်လား” 

“အဲ… ဟုတ်တယ်။ ဟုတ်တယ်။ အန်တီပြောတဲ့ ဓမ္မဝေပုံ… အဲ… အဲ… ဓမ္မဝေပုလ္လ” 

“ကျေးဇူးတင်တယ်ကွယ်။ ကျေးဇူးတင်တယ်။ အန်တီ လာယူလှည့်မယ်။ သေသေချာချာ ဂရုစိုက်ယူပေးပါနော်။ အန်တီ ကျေးဇူးမမေ့ပါဘူး။ အန်တီ့အတွက် သိပ်အရေးကြီးတဲ့ အမှတ်တရ ပစ္စည်းလေးမို့ပါ။ မပျောက်ပါစေနဲ့နော်” 

ပြောပြောဆိုဆိုနှင့်ပင် ဒေါ်သက်ထားသည် စလင်းဘက်ကိုလွယ်ပြီး မတ်တတ်ရပ်သည်။ မတ်တတ်ရပ်ပြီးကာမှ နောက်ဆံတင်းသည့်ဟန်ဖြင့် နီမင်းထွန်းဘက်ကို ခါးကိုင်းပြီး ခပ်တိုးတိုး ပြောလိုက်သေးသည်။ 

“သေသေချာချာ ယူသွားပေးနော် ငါ့တူ။ အန်တီ့အတွက် သေရေးရှင်ရေးလောက် အရေးကြီးတဲ့ပစ္စည်းမို့ပါ” 

နီမင်းထွန်း ဆွံ့အသွားသည်။ တခုခုမှားနေသည်ဟု သူ ထင်လိုက်သည်။ သို့သော် ဘာမှားနေမှန်း မသိ။ ဘာပြောရမှန်း မသိ။ သူ စကားရှာမရဖြစ်နေစဉ်မှာပင် ဒေါ်သက်ထားက လှည့်ထွက်သွားပြီဖြစ်သည်။ 

မီးရထားက အရှိန်မသေသေး။ ဘူတာထဲဝင်လာပြီဖြစ်သော်လည်း ဆက်လက်သွားနေဆဲဖြစ်သည်။ ဒေါ်သက်ထားသည် နောက်ဘက် ရထားတံခါးပေါက်ဆီသို့ ထွက်သွားသည်။ ထို့နောက် အရှိန်မသေသေးသော ရထားပေါ်မှ ဖျတ်ခနဲ ခုန်ဆင်းသွားသည်။ လူငယ်တယောက်လိုပင် ဖျတ်လတ် သွက်လက်လှသည်။ 

ရထားပြေးနေစဉ် ရထားတွဲပေါ် ခုန်တက်ဝင်ရောက်လာပြီး ရထားသွားနေဆဲမှာပင် ရထားပေါ်က ခုန်ဆင်း ထွက်ခွာသွားသော အမျိုးသမီးကြီးကို သူ အံ့သြမိသည်။ ရန်ကုန်အထိသွားမည်ဆိုသော ဒေါ်သက်ထားသည် အဘယ်ကြောင့် လမ်းတဝက် သာစည်ဘူတာတွင် ရေးကြီးသုတ်ပျာ ဆင်းရပါသနည်း။ ပို၍ အံ့သြမိသည်က သူဆင်းသွားသောအခြမ်းမှာ ဘူတာ ပလက်ဖောင်းရှိသောအခြမ်းမဟုတ်ဘဲ မီးရထားသံလမ်းများနှင့် တခြားရထားတွဲတွေ ရပ်ထားသော အခြမ်းဖြစ်နေသောအချက်ကို သတိထားမိလိုက်သောကြောင့်ပင်။ 

ဒ်ါသက်ထားသည် မည်သို့သောပုဂ္ဂိုလ်ပါနည်း။ သူသည် တရားဥပဒေနှင့် မညီညွတ်သော အလုပ်တခုခုကို လုပ်နေသူပေလော။ တစုံတရာကို စိုးရိမ်ထိတ်လန့်နေသလော။ 

ဒ်ါသက်ထားပေးသွားသော စာအုပ်ကလေးကို ငုံ့ကြည့်မိသည်။ စောစောက သူဖတ်နေသော ကဗျာစာအုပ်ကလေးမျှသာ။ ဘားတော့ဗရက်ရေးသည့် အနာဂတ်အတွက် ကဗျာ။ စာအုပ်ကလေးကို သူ လှန်လှောကြည့်သည်။ စာအုပ်ထဲတွင် တခုခုညှပ်ထားတာမျိုးရှိမလားဟု ရှာဖွေကြည့်မိခြင်းဖြစ်သည်။ သို့သော် စာရွက်တွေကြားမှာ ဘာမှမပါ။ ရိုးရိုး ကဗျာစာအုပ်ကလေးတအုပ်သာ ဖြစ်သည်။ သည်စာအုပ်ကလေးသည် ဘယ်လိုလုပ်ပြီး သေရေးရှင်ရေးတမျှ အရေးကြီးနိုင်ပါမည်နည်း။ အကယ်၍ သေရေးရှင်ရေးတမျှ အရေးကြီးသည်မှန်လျှင် ဘာ့ကြောင့် လမ်းတဝက်တွင် ရထားပေါ်မှ ခုန်ဆင်းသွားရသနည်း။ 

“မှတ်ပုံတင်” 

“ဗျာ” 

ရုတ်တရက် တင်းမာသောအသံတခုကို အနားကပ်ပြီးကြားလိုက်ရသောကြောင့် သူ လန့်သွားသည်။ 

“မှတ်ပုံတင်လို့ ပြောနေတာကွ။ မကြားဘူးလား” 

“ကြားပါတယ်ဗျာ။ ဖြည်းဖြည်း ပြောပါ။ ဒီမှာ ရှာနေတာဗျ” 

လက်မှတ်စစ်နှင့်တူသော ယူနီဖောင်းဝတ်ပုဂ္ဂိုလ်သည် သူ့ကို မကျေမနပ်ပုံစံမျိုးနှင့် ဘုကြည့်ကြည့်သည်။ သူ့စိတ်ထဲမှာလည်း ဇဝေဇဝါဖြစ်နေသည်။ သူ့ရှေ့ကလူတွေကို လက်မှတ်စစ်တာ သူ မတွေ့လိုက်။ သူ့ကို ရွေးစစ်သလားဟု စိတ်ထဲတွင် ထင်မိသည်။ သို့သော် သိပ်မသေချာ။ 

“မင်းကို ပြောနေတာ ကြာပြီကွ။ မင်းဖာသာ ငေးနေပြီးတော့။ အူကြောင်ကြောင်နဲ့” 

“ဘာအူကြောင်ကြောင်လဲဗျ။ ကောင်းကောင်းပြောနေတာပဲ။ အော်လားဟစ်လား မလုပ်ပါနဲ့” 

သူ့အသံခပ်ကျယ်ကျယ်ကြောင့် ဘေးလူတွေ ခေါင်းထောင်ကြည့်ကြသည်။ လက်မှတ်စစ်လည်း နည်းနည်းငြိမ်သွားသည်။ သို့သော် မျက်နှာထားကို တင်းထားသည်။ မျက်မှောင်ကြုတ်ထားသည်။ သူပေးသော မှတ်ပုံတင်နှင့် လက်မှတ်ကို စစ်ဆေးသည်။ သူ့နောက်က တခြားယူနီဖောင်းဝတ်တယောက်က ရှေ့တိုးလာပြန်သည်။ 

“မင့်ဘေးကလူရော ဘယ်မလဲ” 

“ဟာ… ဘယ်သိမလဲ။ ကျုပ်က တွဲစောင့်မှမဟုတ်တာ” 

“ဟေ့… ကောင်းကောင်းပြောပါကွ။ ငါတို့က တာဝန်အရ မေးနေတာနော်” 

သည်တယောက်၏အသံက ပိုမာသည်။ မောက်မာသော ဟန်ပန်ကိုလည်း အထင်းသားတွေ့ရသည်။ သို့သော် သူ့နောက်ကတယောက်က ရှေ့တိုးလာပြန်သည်။ ထိုသူမှာ အရပ်ဝတ်နှင့်ဖြစ်သည်။ လည်ကတုံးအင်္ကျီအဖြူနှင့် ပိုးတွဲလုံချည်ကို ဝတ်ထားသည်။ 

“နေနေ… ငါ မေးမယ်။ ဒီမယ် ညီလေး။ မင့်ဘေးကလူက ယောက်ျားလား၊ မိန်းမလား” 

အရပ်ဝတ်က ချော့ချော့မော့မော့ ဝင်မေးသည်။ 

“ခင်ဗျားက ဘယ်သူလဲ” 

တာဝန်ရှိတဲ့သူ တယောက်ပါ။ ကဲ… ပြောပါဦး ဘေးကလူက မိန်းမ မဟုတ်လား” 

“အမျိုးသမီးဗျ”  

အာ်… အော်… အသက်ငါးဆယ်လောက် အသားဖြူဖြူ၊ နည်းနည်းဖိုင့်ဖိုင့်၊ ရွှေကိုင်းမျက်မှန်နဲ့ ဟုတ်လား” 

“ရွှေကိုင်းမျက်မှန်တော့ မပါဘူးဗျ” 

“ပါတိတ်ဝမ်းဆက်နဲ့၊ ဟုတ်လား” 

“ခင်ဗျား သူ့ကိုသိလို့လား” 

သူ ပြန်မေးလိုက်သောမေးခွန်းသည် အလွန်တုံးသောမေးခွန်းဖြစ်ကြောင်းကို မေးခွန်းမဆုံးခင်မှာပင် သူ့ဖာသာ သတိထားလိုက်မိသည်။ သူတို့ဘာသဘောနှင့် မေးနေသည်ကိုလည်း တချိန်တည်းမှာပင် ရိပ်စားမိသလိုရှိလာလေသည်။ 

အရပ်ဝတ်နှင့်လူသည် နောက်ဘက်သို့လှည့်ပြီး မျက်ရိပ်ပြသည်။ 

“Target တွေ့ပြီဟေ့။ ဟေ့… ဒါနဲ့ သူဘယ်ထွက်သွားလဲ” 

“စားသောက်တွဲဘက် ထွက်သွားတာပဲဗျ။ ထမင်းသွားစားမလို့တဲ့” 

ရဲနှင့် လက်မှတ်စစ်များ အရပ်ဝတ်များသည် သူညွှန်ပြရာဘက်သို့ ကမန်းကတန်း ထွက်သွားကြလေသည်။ ဒီတခါတော့ သူ မတုံးတော့ပါ။ သူညွှန်ပြလိုက်သောဘက်မှာ ဒေါ်သက်ထားထွက်သွားသည့်ဘက်နှင့် ဆန့်ကျင်ဘက်အရပ်သို့သာ ဖြစ်လေသည်။ 

******** 

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: