Wednesday, August 21, 2013

ကျနော်နှင့် သောက်ကျင့်များ (ဆောင်းလူ)

အခန်း (၁) 

မကောင်းမှန်းသိသည်။ သို့သော် ... လက်တည့်စမ်းလို၏ ...။ ဖခင်၏ ဝီစကီပုလင်းထဲမှ ယစ်ရွှေရည်များအား ခိုးယူ စုတ်ကဲ့လိုက်သည် ...။ ရှိန်းတိန်းတိန်း မြတတနှင့် ...။ တဖြည်းဖြည်း လည်ချောင်းသည် နွေးကနဲ ... ထွေးကနဲ ...။ ခိုးလုပ်တတ်သည့် သောက်ကျင့်သည် မကောင်း ...။ 

ယမန်ဦးအစက သိပ်မကြိုက် ... ခါးသက်သက် ... ပူရှရှနှင့် မှီဝဲသူများအားလည်း အရူးတွေဟု သမုတ်မိလိုက်၏ ...။ မကြာပါ ... အရူး အမဲသား ကျွေးမိသည်ကမှ သာဦးမည်ထင်၏ ...။ အစွဲအလမ်းကြီးသည့် သောက်ကျင့်သည် မကောင်း ...။ 

နောင်တွင် ... အိမ်ရှိ ကျနော် အပိုင်စားရထားသည့် ကျွန်းသေတ္တာကြီးထဲတွင် ... ပုလင်းနှင့် ဖန်ခွက်သည် ကျောင်းဝတ်စုံ နှစ်စုံနှင့် လုံးလား ထွေးလား ...။ ဂါရဝတရားမရှိသည့် သောက်ကျင့်သည် မကောင်း ...။ 

++++++ 

အခန်း (၂) 

လွတ်လပ်ပြီ ... လွတ်လပ်ရေးရပြီ ...။ 

ရန်ကုန်ရွှေမြို့တော်ကြီးတွင် ပညာသင်ရန်တည်းဟူသော အကြောင်းပြချက်ဖြင့် ... နှစ်အတန်ကြာ နေလေသည့်အခိုက် ... ကျူရှင်ယောင်ယောင် ... ဝိုင်းယောင်ယောင်နှင့် အမိအဖတို့ ဆင်ပေးလိုက်သည့် ရွှေတည်းဟူသော တဆင်စာသည်လည်းကောင်း ... အနန္တောအနန္ဒဂိုဏ်းဝင်တို့အား ပူဇော်ပရန် ကျူရှင်လခတည်းဟူသည်လည်းကောင်း ... ည ... ည ၂ နာရီခန့်ထိဖွင့်တတ်သည့် ဥက္ကလာ ပဒေသာဈေးတွင် ငါးရှဥ့်ခြောက်စပ်နှင့် ယစ်ရွှေရည်တို့အား မိဘတို့ပေးပို့သည့် ချွေးနည်းစာ လုပ်စာဖြင့်ပေါင်းကာ နိစ္စဓူဝ ကိစ္စပြီးပစ်လိုက်တတ်၏ ...။ 

ကျွနု်ပ်နေထိုင်ရာ အိမ်ကြီးသခင် ဝမ်းကွဲနှမသည်ကား သူ့လင်ရှေ့တွင် မျက်နှာပန်းမလှ ...။ ရပ်ဝေးနေရာမှ အမိအဖတို့သည်ကား ... သူတို့ သားကလေး ... လူရည်လည် စာတတ်ပေတတ် ဖြစ်ပေလိမ့်မည်ဟု ကျူးရင့်ကုန်လတ္တံ့ ...။ အလွဲသုံးစားလုပ်သည်ဟူသည့် သောက်ကျင့်သည် မကောင်း ...။ 

++++++ 

အခန်း (၃) 

အနှီကိစ္စတို့သည် ကျွနု်ပ်၏ သောက်ကျင့်ပေါင်း သောင်းခြောက်ထောင်အနက်မှ မြူတမြူမျှသာရှိသော သောက်ကျင့်အသေးစားတို့သာဖြစ်သည်။ 

ယခု အသက်အရွယ်ကြီးလာသည်နှင့်အမျှ ကျွနု်ပ်၏ သောက်ကျင့်တို့သည်လည်း တနေ့ထက် တနေ့ တိုးပွားလာလျှက်ရှိသည် ...။ 

မေ့ချင်ယောင် ဆောင်တတ်လာသည် ...။ 
မသိချင်ယောင် ဆောင်တတ်လာသည် ...။ 
မဆိုင်သလို နေတတ်လာသည် ...။ 
ဘာသိဘာသာ နေတတ်လာသည် ...။ 
တတ်ချင်ယောင်ယောင် သိချင်ယောင်ယောင် အယောင်ပြတတ်လာသည် ...။ 

တခါတရံ တာဝန်ယူမှု .. တာဝန်သိမှုတို့ဘက်တွင် ...ကျွနု်ပ်၏ သောက်ကျင့်တို့သည် ပိုမို၍ ထကြွသောင်းကျန်းတတ်၏ ...။ 

ကျွနု်ပ်၏ သောက်ကျင့်တို့သည် မကောင်းသည့်ဘက်တွင်သာ များလေသည် ...။ 

၆၀ သန်းမျှသာရှိသော ကျွနု်တို့နိုင်ငံနှင့် ၆၀၀၀ သန်းမျှရှိသော ကမ္ဘာတွင် မကောင်သည့်သောက်ကျင့်မျိုးစုံရှိသည့် ကျွနု်ပ်တဦးတည်းအတွက်နှင့်မူ မည်သို့မှ ဘေးဥပါဒ်မဖြစ်နိုင်ဟု တွေးထင်နေမိသည် ...။ 

သို့သော်ကား ... ထိုထို ဤဤနေရာများတွင် ကျွနု်ပ်ကဲ့သို့ သောက်ကျင့်တူသူများ စုဝေးနေပါကမူ ..... 

ဆောင်းလူ 
သြဂတ်စ် ၂၁၊ ၂၀၁၃


 

No comments: