Wednesday, August 21, 2013

နှလုံးသား ဒိုင်ယာယီ (၉) - အုပ်ကြီးဖေ

တရွာမပြောင်း သူကောင်းမဖြစ်ဟူသော ဆိုးရိုးကဲ့သို့ နောက်တန်းတပ်စခန်းသို့ ပြန်ရောက်ပြီး တလခန့်အကြာ ကက(ကြည်း) ညွှန်ကြားချက်ဖြင့် တနယ်တကျေးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည်။ ဆရာကြီး ရွှေမောင်၊ ဒုတပ်ကြပ် အိုက်စံ (ရှမ်းလူမျိုး)၊ တပ်ကြပ် ဇိုဝါးနီ (ကယောလူမျိုး) နှင့် ကျနော်တို့ ခမရ(၅၃၀) (လောပိတ) သို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။ 

ခရီးသွားလာရေးအတွက် မီးရထားစီးဝရမ်းရရှိသော်လည်း အခြားလိုအပ်သော ငွေကြေးကိုတော့ ရရှိခြင်းမရှိ။ ရှေ့တန်းရောက်နေစဉ် ဟင်္သာတဘဏ်၌ စုဆောင်းထားသော ငွေကြေးကို သွားရောက်ထုတ်ယူရသည်။ ဘဏ်စုငွေအဖြစ် ၁၅၇၅ ကျပ် ရရှိသည်။ ကျနော်မှအပ ကျန်သူအားလုံးမှာ အိမ်ထောင်သည်များဖြစ်သောကြောင့် ပို၍ အခက်အခဲရှိနေကြသည်။ ဟင်္သာတမှ သာရဝေါ၊ ထိုမှတဆင့် ရန်ကုန်သို့ ဆင်းရသည်။ ရန်ကုန်မှ လော်ကယ်ရထားဖြင့် ရှမ်းပြည်နယ် ပင်လောင်းမြို့ထိ တက်ခဲ့ကြရသည်။ ပင်လောင်းမှ ကားဖြင့် လွိုင်ကော်မြို့ သို့ သွားရခြင်းဖြစ်သည်။ ခရီးကြမ်းသလို ဝေးလံခေါင်လွန်းသည်။ 


ထိုအချိန်က ကယားပြည်နယ်တွင် မီးရထားလမ်းပင် မရှိသေးပေ။ အဆိုးဆုံး ဖြတ်သန်းရသောမြို့များမှာ ဖယ်ခုံနှင့် မိုးဗြဲဖြစ်သည်။ ထိုအချိန်က ကေဘရယ်ပျံ ခေါ် တိုက်အောင်တို့အဖွဲ့က အတော်ကြီးစိုးသော ကာလလည်း ဖြစ်သည်။ အစစအရာရာ သတိအပြည့်ဖြင့် သွားလာလှုပ်ရှားကြရသည်။ နောက်ပိုင်း ထိုအဖွဲ့မှာ နဝတ အစိုးရထံ လက်နက်ချသွားပြီး ကယန်းအမျိုးသား လုံခြုံရေးတပ်အဖြစ် ရပ်တည်ခဲ့ကြသည်။ အခုတော့ ပြိုကွဲသွားကြောင်း သိရှိရသည်။ 

ကယားပြည်နယ် လွိုင်ကော်မြို့သို့ရောက်တော့ ဦးစွာပထမ ခလရ(၅၄) သို့ သတင်းပို့ကြရသည်။ ခရလ(၅၄) နှင့် ခလရ(၇၂) တို့မှာ ကယားပြည်နယ်တွင် ပထမဦးဆုံး ဖွင့်လှစ်ခဲ့သော တပ်များလည်း ဖြစ်သည်။ ခလရ(၅၄) တွင် တွဲဘက်တာဝန်ထမ်းဆောင်ကြရသည်။ ခမရ(၅၃၀) ကို လာရောက်အုပ်ချုပ်မည့် တပ်ဗိုလ် တပ်မှူးများ မရှိသေးသောကြောင့် တွဲဘက်တာဝန်ထမ်းဆောင်ရခြင်း ဖြစ်သည်။ 

ခလရ(၅၄) တွင် တလနီးပါး ကြာမှ ခမရ(၅၃၀) သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည်။ ခမရ(၅၃၀) မှာ လွိုင်ကော်မြို့နှင့် လောပိတ ရေအားလျှပ်စစ်စက်ရုံး သွားရာလမ်းတဝက်တွင် တည်ထားသော တပ်လည်း ဖြစ်သည်။ တပ်၏ဘယ်ဘက်တွင် မထောခူရွာ ရှိပြီး ရွာအရှေ့ဘက်တွင် ကျောက်ခွဲစက်၊ ရဲစခန်း၊ ရဲဘက်စခန်းတို့ ရှိကြသည်။ တပ်၏ အရှေ့ဘက် မျက်စောင်းထိုးမှာတော့ မိုက်ကန်းဟု ခေါ်ဆိုသည့် ပအို့ဝ်ရွာလေး တရွာရှိသည်။ အသစ်တည်သော တပ်ဖြစ်သောကြောင့် ရဲဘော်ဘားတိုက် ၃ လုံး၊ စားဖိုဆောင် တခု၊ ဆေးခန်း၊ ဗဟိုကင်းနှင့် အရာရှိများနေထိုင်ရန် အိမ် ၄ လုံးခန့်သာ ရှိသည်။ တပ်ခြံစည်းရိုးကား မရှိသေး။ ထို့ကြောင့် ရဲဘော်များမှာ ခြံစည်းရိုးသဖွယ် ကင်းစောင့်အိပ်ကြရသည်။ 

ထိုတပ်ကို အဓိကအုပ်ချုပ်သူများမှာ တပ်ရေးဗိုလ်ကြီး ဝင်းထွဋ်နှင့် ဗိုလ်ကြီးမင်းနောင်တို့ ၂ ယောက် ဖြစ်ကြသည်။ တပ်ရင်းမှူးက မရှိ။ နောက်တဦးမှာ ဗိုလ်ကိုကိုဦး ဟု ထင်သည်။ သူက ရိုးအေးပြီး ရဲဘော်များကို ညီရင်းအစ်ကိုသဖွယ် ဆက်ဆံတတ်သောကြောင့် အားလုံးကလည်း ချစ်ခင်လေးစားကြသည်။ ဗိုလ်ကြီးဝင်းထွဋ်မှာ တိုက်ရည်ခိုက်ရည်နှင့် အရာရှိဖြစ်လာသောကြောင့် သွေးနထင်ရောက်နေသည်။ ဗိုလ်မင်းနောင်က လက်သံပြောင်သည်။ အပြစ်ရှာ ရိုက်ပုတ်တတ်သည်။ သူတို့အုပ်ချုပ်စဉ်ကာလ တပ်ကို ထင်ရာစိုင်းခဲ့သည်။ အာဏာကို ခုံမင်တပ်မက်မောပြီး မောက်မာကြသည်။ ထို့ကြောင့် ရဲဘော်များမှာ အောင့်သက်သက်နှင့် ခံစားနေကြရသည်။ ကျနော်တို့နည်းတူ အခြားသောတပ်များမှ ပြောင်းရွှေ့လာသော ရဲဘော်များမှာလည်း မနည်းခဲ့ပေ။ 

တနေ့ တန်းစီနောက်ကျသည့် ရဲဘော်တဦးကို ဗိုလ်ကြီးမင်းနောင်နှင့် ဗိုလ်ကြီးဝင်းထွဋ်တို့က ဝိုင်းဝန်း ထိုးကြိတ်ကြသည်။ ဗိုလ်ကြီးမင်းနောင်က အဆိုးဆုံးဟု ဆိုရမည်။ ကန်သည်၊ ဝမ်းဗိုက်ကို ပင့်ကာပင့်ကာ အဆက်မပြတ် ထိုးသည်။ မည်သူမှ မတားရဲကြ။ စိတ်မကောင်း၍ ရဲဘော်များ မျက်နှာလွှဲနေကြသည်။ ရဲဘော်လေးမှာ စကားပင်မပြောနိုင်တော့။ မြေပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။ ဆေးခန်းတွင် တွဲဘက်တာဝန်ထမ်းဆောင်နေသော ကျနော်က တွဲ၍ ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့ရသည်။ ဆေးခန်းအတွင်းရောက်တော့ ရင်ညွန့် အောင့်သည် အောင့်သည်ဟု ပြောကာ အသက်ထွက်သွားတော့သည်။ 

အသက်မဆုံးမီ လွိုင်ကော် ဆေးရုံကြီးသို့တင်ပို့ရန် သတင်းပို့လိုက်သောအခါ ဗိုလ်မင်းနောင်မှ ‘မင်းတို့နဲ့ မဆိုင်ဘူး။ ဒါ စစ်တပ်ကွ၊ မင်းအမေ့ လင်အိမ်မဟုတ်ဘူး။ အထက်အမိန့်မရရင် ဘာမှ မလုပ်နဲ့ လုပ်လို့ကတော့ ငါတို့နဲ့ တွေ့ပြီသာမှတ်’ ဟု ကြိမ်းမောင်းကာ မောင်းထုတ်ခဲ့သည်။ ရဲဘော်လေး ဆုံးသွားတော့ အတော်တုန်လှုပ်သွားရသည်။ 

တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်သွားလျှင် ထိုသို့ခံစားမှုမျိုးဖြစ်လိမ့်မည် မဟုတ်။ အနိုင်ကျင့် ဗိုလ်ကျမှုကြောင့် နှလုံးမီးဟုန်းဟုန်း တောက်ခဲ့ရသည်။ ရဲဘော်လေး သေဆုံးသွားခြင်းမှာ သူတို့နှင့်မဆိုင်သလို ဆေးခန်းတာဝန်ခံ အရာခံဗိုလ် မင်းဒင်နှင့် ဒုတာဝန်ခံ တပ်ကြပ်ကြီး ထွန်းအောင်ဖြူတို့ကိုအမိန့်ဖြင့် ခြိမ်းခြောက်ပြီး သာမန် ဖျားနာ သေဆုံးသွားကြောင်း အထက်သို့ အစီရင်ခံ တင်ပြစေခဲ့သည်။ ထိုသို့ အာဏာရူးများကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်း အရုပ်ဆိုး အကျည်းတန်စေသည်။ 

ထိုအရာရှိဆိုးများကို လက်စားချေ တုန့်ပြန်လိုသည့်စိတ်က ထိန်းမရ။ ထို့ကြောင့် ရဲဘော်များဖြင့် တိုင်ပင်ကာ တောခို၍ ပြန်လည်တိုက်ထုတ်မည်ဟု ကြံစည်ခဲ့သည်။ မထောခူရွာရှိ မာရီယာနှင့် တိုင်ပင်ဖြစ်ကြသည်။ မာရီယာမှာ နယ်မြေခံဖြစ်သလို ဆွေမျိုးသားချင်းများလည်း တော်လှန်ရေးတွင်ရှိနေကြောင်း သိရှိရသောကြောင့် ဖြစ်ပေသည်။ တောခိုမည့်သတင်းမှာ မည်သို့ပေါက်ကြားသွားသည် မသိ။ ကျနော့်အား ဖမ်းဆီးရန် ပြင်ဆင်နေကြောင်း သတင်းရသည်နှင့် ကျနော် ၊ ထွန်းလင်း နှင့် မာရီယာ တို့ ၃ ဦး တပ်နှင့်ဝေးရာသို့ သုတ်ခြေတင်ကာ ပြေးခဲ့ကြရသည်။ ထိုမှာ ကျနော့်အား တောခိုရန်အတွက် တွန်းအားများပင်ဖြစ်သည်။ 

(ဆက်ပါဦးမည်) 

အုပ်ကြီးဖေ 
၂၁-၈-၂၀၁၃ 


 

No comments: