Tuesday, July 30, 2013

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၂၄


မနက်မိုးမလင်းခင် မိုးသည်းသည်းကြားမှာ ညို ထ၍ ဖေသောင်းကို နှိုးရသည်။ 

ကိုမြင့်ဇော်တို့နှင့်ချိန်းဆိုရာ တောရကျောင်းသွားရာလမ်းဆုံသို့ ဖေသောင်းထွက်သွားမှ သက်ပြင်းချကာ အိပ်ရာသိမ်းရ၏။ ဒန့်သလွန်ရွက်ဟင်းခါး သောက်ချင်လို့ ဟုအော်ကာ နေ့လည်ဘက်တွင် မခင်အေး ရောက်လာသည်။ ညိုနှင့်အတူ ဒန့်သလွန်ရွက်ခူးကြရင်း ဝဲထူဖေသောင်းအား ကိုမြင့်ဇော်တို့က လယ်သမားတယောက်၏ လယ်စောင့်တဲတွင်ပင် နေရာချပေးလိုက်ပြီဖြစ်ကြောင်း မခင်အေး သတင်းပေး၏။ ဝဲဆေးလိမ်းပေးရသည့်တာဝန်ကို မစွန့်ချင်ဘဲ ညို စွန့်လိုက်ရတော့သည်။ 

“သူ ထမင်းစားဖို့ကော” 

ညို၏ပူပန်ချက်ကို မခင်အေး စိတ်မရှည် ။ “ဟာ ... ဟိုက လုပ်ပေးရမှာပေါ့နင် အသာနေစမ်းပါ။ ငါတို့ မသူဇာနဲ့ပဲ ဆက်သွယ်ကြရမယ် အဲဒါပဲ နည်းနည်းပိရိတယ်” ဟု ပြန်ပြော၏။ 

ရက်ပိုင်းတွင်းမှာပင် ညိုတို့ တောမြို့ကလေး လှုပ်လှုပ်ရွရွဖြစ်လာသည်။ 

ဈးကြီးအနီး ကုက္ကိုပင်တွင်ကပ်ထားသော လှုံ့ဆော်ပိုစတာတချပ်ကြောင့်ပင်ဖြစ်၏။ အုန်းသိန်း၏ဖခင်မှာ ငါ့ခွင်ထဲတော့ လာမလုပ်နဲ့ မျိုးကန်းကုန်မယ်ဟု ကြိမ်းဝါးရင်း လူစုစုတွေ့တိုင်း မသင်္ကာမျက်လုံးများဖြင့် ခြိမ်းခြောက်နေသည်။ မကြာမီပင် သူတို့ကောင်စီရုံးရှေ့ ပိုစတာတချပ် အခန့်သားရောက်လာ၏။ 

လူတွေ ဝိုင်းအုံကြည့်နေစဉ်ပင် အုန်းသိန်းဖခင်မှာ ကတုံးပေါ် ဒက်ပေါက်သည့် မျက်နှာဖြင့် အော်ဟစ်မောင်းထုတ်ပြီး ဖြုတ်ယူသွား၏။ မခင်အေး ပါးစပ်ပိတ်၍ တခွိခွိ ရယ်သည်။ အုန်းသိန်း မကျေမချမ်းကြည့်နေ၍ အိမ်ထဲဝင်ပြီး ပုနေရ၏။ 

xxxxx xxxxx xxxxxx 


ညို ... 

သိပြီးရောပေါ့၊ ရှစ်ရက်နေ့ စမယ် … ကိုယ့်ဘက်မှာ အားလုံးနီးပါး အဆင်ပြေပါတယ်။ အရေးကြီးတာက အစီအစဉ်အသေးစိတ်ချဖို့ ကိုယ်တို့အဖွဲ့တွေ ဆုံကြမယ်။ စည်းဝေးဖို့အချိန်နဲ့ နေရာကို ကိုမြင့်ဇော်တို့ ရွေးနေတယ်။ ညိုနဲ့ မခင်အေးက မသူဇာတို့နဲ့တွေ့ပြီး ဆက်လုပ်ရမှာတွေ ရှိတယ်။ အဲဒီကျရင် သိလိမ့်မယ်။ 

ကျမ်းမာ ချမ်းသာပါစေ။ 

‘ဝဲထူ ဖေသောင်း’ 

ညို စာကိုဖတ်ပြီးပြီးချင်း ဝါးစားလိုက်သည်။ 

ဝါးဖတ်ခမောက် ကိုယ်စီရှာထားကြပြီး ယောင်္ကျားတို့က ကချင်လုံခြည်ကိုယ်စီနှင့် လည်ကတုံး အဖြူရှပ်အင်္ကျီလည်း အသင့်။ ရှစ်ရက်နေ့အတွက် အသေးစိတ်တိုင်ပင်ရန်သာ လိုတော့သည်။ ညို့ ရင်ခုန်နေသော်လည်း တက်ကြွခြင်းအပြည့်။ 

xxxxx xxxxx xxxxx 

အခန်းတံခါးပိတ်ထားပါလျှက် မခင်အေးမှာ တုံတုံချိချိ။ ညိုယူလာသော ပိတ်စနီကို မသူဇာကဖြန့်ခင်း၍ မြေဖြူဖြင့် အကြမ်းခြစ်နေသည်။ ရွှေဝါရောင်ပိတ်စဖြင့် ညှပ်ထားသော ခွပ်ဒေါင်းရုပ်ကိုခင်း၍ ကပ်ကြည့်ချိန် မခင်အေးထ၍ ရေတခွက်ခပ်ကာ တခွပ်ခွပ် သောက်နေရ၏။ 

ညိုနှင့် မသူဇာနှစ်ယောက်သာ တည်တည်ငြိမ်ငြိမ်ပင် လက်ချုပ် ချုပ်နေလိုက်သည်။ 

ညိုတို့အိမ်နောက်ဘက် လယ်ကွင်းကိုသာ စုဝေးရန်ဆုံးဖြတ်ကြသည်။ မိုးညသည် အမှောင်ထုထဲ ရေသံ မိုးသံ တစိမ့်စိမ့်ဖြင့် အေးမြလျှက်။ ညို့ရင်ထဲတော့ ဆူပွက်နေသည်။ 

ည၏ မိုးအမှောင်ရိပ်မှာပင် စက်ဘီးတစီး ဖြတ်သွားတိုင်း ဒါ ကိုခင်မောင်လတ်၊ ဒါ ကိုမြင့်ဇော်ပဲ ဟု ညို အတတ်သိနေသည်။ ခြံစည်းရိုးနားကပ်၍ ခြံတွင်းမှ ချောင်းမြောင်းကြည့်နေရသည့်အရသာမှာ တသက်နှင့်တကိုယ် မကြုံစဖူး ရင်ခုန်ထူးပါဘိ။ မခင်အေးမှာ ကြောက်ဒူးတုန်ရင်း “ငါ အိမ်ရှေ့မှာ လူလုံးသွားပြထားဦးမယ်၊ တော်ကြာ အုန်းသိန်းတို့သားအဖ လာကြည့်ချင်ကြည့်နေမှာ” ဟုဆိုကာ ဘူတာရှေ့ဘက် ပြန်ထွက်ပြန်၏။ 

ဘူတာဝင်းတွင်း လက်ဆွဲမှန်အိမ်တလုံးနှင့်ထိုင်လျှက် ငိုက်မြည်းနေသော အဘမောင်အား အုန်းသိန်း ဖခင်က “အစောကြီးရှိသေးတယ် ငိုက်နေပြီလား” ဟုမေးပြီး လက်နှိပ်ဓာတ်မီးဖြင့် ဟိုဟိုသည်သည် ထိုးကြည့်နေသည်။ 

အဘမောင်က ပျင်းရိခြင်း လွမ်းသံဖြင့် “အေးဗျာ … မိုးအေးအေးနဲ့ ကွေးနေဖို့ပဲ အကောင်းဆုံး” ဟု တုံ့ပြန်၏။ 

“မအိပ်နိုင်ပါဘူးဗျာ ရပ်ရေး ရွာရေး ရှိသေးတယ် လှည့်နေရမှာပဲ” ဟု အုန်းသိန်းဖခင် အသံကျယ်ကျယ်ပြောရင်း နောက်တော်ပါး ကောင်စီဝင်များနှင့် အရံမီးသတ်အဖွဲ့အား ဦးဆောင်ထွက်သွားသည်။ အရံမီးသတ်ဝတ်စုံနှင့် လှချင်တိုင်းလှနေသော အုန်းသိန်းကလည်း ဖအေတူသားပီပီ လက်နှိပ်ဓာတ်မီးတဖက်၊ တုတ်တဖက်ဖြင့် မည်းမည်းမြင်တိုင်း လိုက်ထိုးကာ တက်ကြွနေသည်ကို မခင်အေးကြည့်ရင်း ညို့ကို လက်ကုတ်သည်။ 

“မကြောက်ပါနဲ့ မမအေးကလည်း ညိုတို့အိမ်ရှေ့မှာ လူလုံးပြတာပဲ၊ လယ်ကွင်းဘက်တော့ သူတို့သွားဖို့ စိတ်ကူးရမှာ မဟုတ်ပါဘူး”ဟု ညို အားပေးလိုက်ရ၏။ 

ညို ချက်ချင်း အိမ်နောက်ဖေးပြန်ဆင်း ခြံထောင့်မှ ချောင်းကြည့်နေ၏။ ကိုမြင့်ဇော်တို့ ကင်းချထားတာ လုံပါ့မလား။ ကားလမ်းသည်ဘက်မှာ ဘယ်သူမှမရှိဘူး ထင်တယ်။ ဟိုဘက်ကုန်းလျှောကြားက လာကြည့်ရင် ဒုက္ခရောက်မယ်ဟုတွးရင်း ပူပန်လာ၏။ 

လယ်ကွက်ထဲရှိ ကုက္ကိုပင်အောက် မိုးညအမှောင်ဝယ် ဖေသောင်းတို့ စုမိကြပြီဟု ညို နားလည်လိုက်သည်။ ဖားရိုက်ချင်ယောင်ဆောင်၍ ကင်းစောင့်ပေးနေသော လယ်သမားသားလေးများက မီးအုပ်ဆောင်းလေးများဖြင့် အချက်ပြနေကြသည်။ လူစုံပြီ ထူးခြားမှုမရှိဟူသည့် သင်္ကေတ။ 

ညိုသည် အနွေးထည်ထဲ ထည့်ထားသော လေးခွနှင့် လောက်စာလုံးများကိုစမ်းရင်း ဒါတွေ ကိုဖေသောင်းတို့ကို ပေးလိုက်ရရင် အကောင်းသား သူတို့ ပါမှပါကြပါ့မလား ဟု ပူမိပြန်၏။ ကြေးနန်းတိုင်ဘက် လယ်ကန်သင်းတွင် ကိုခင်မောင်လတ်၏ညီနှင့် လူငယ်များ ခွကိုယ်စီဖြင့် ရှိကြမည်ကို ညိုသိသော်လည်း ကုန်းလျှောကြား ဆူးချုံပေါသည့်နရာမှာ လပ်နေသည်ကိုတွေ့၍ ညို့စိတ်ထဲ မသိုးမသန့် ဖြစ်လာပြန်၏။ ရထားလမ်းတလျှောက်ထွက်သွားသော အုန်းသိန်းတို့အဖွဲ့လည်း ဘယ်ပျောက်သွားပါလိမ့်၊ ညို ထိတ်ခနဲဖြစ်ကာ အမှောင်ထဲ အားယူကြည့်မိ၏။ 

စာအုပ်ဆိုင်ဘက် လမ်းသွယ်သို့ ချိုးမသွားတာ သေချာသည်။ ဒါဆို ဘယ်ရောက်သွားလဲ။ ညို တွေးရင်း ရင်တထိတ်ထိတ် ခုန်လာ၏။ အိမ်ပေါ်ပြန်တက်ကာ ကြည့်သည်။ အဖေနှင့်မခင်အေးက ရေဒီယိုနံဘေး နားထောင်ရင်း အာရုံစိုက်နေကြသလို အမေက ဘုရားရှိခိုးနေပြီ။ လိုရမယ်ရဟုတွေးကာ အဖေငယ်စဉ်က သိုင်းကစားသည့် ရှမ်းဘောင်းဘီကို ညို ယူဝတ်လိုက်၍ ဆံပင်ကို ကျစ်ကျစ်စီးပြီး ဝါးခမောက်ဆောင်းကာ လေးခွကိုင်လျှက် ခြံနောက်ဖေး တံခါးကိုအသာဖွင့်ထား၍ ချောင်းနေလိုက်သည်။ 

ကြည့်စမ်း … ကုန်းလျှောအတိုင်း ဝပ်ပြီးဆင်းသွားတာ အရံမီးသတ်တွေ မဟုတ်လား။ မိုးဖွဲဖွဲအောက် လျှပ်စီးလက်လိုက်စဉ် လက်နှိပ်ဓာတ်မီးမှ သတ္ထုရောင်ပြန်သွားတာ ညို အသေအချာ မြင်လိုက်ရသည်။ 

‘သူတို့ သွားဝိုင်းကြတော့မယ် ထင်တယ်။ မသင်္ကာလို့လား … သတင်းရလို့လား … တခုခုပဲ ငါ ဘာလုပ်ရမလဲ’ 

သူမ အတွေးမဆုံးဖြတ်နိုင်သည်ထက် ပိုကြာလျှင် လယ်ကွင်းစပ်မှတဆင့် ဖေသောင်းတို့ရှိရာ ရောက်သွားတော့မည်။ ခရာဆူးချုံကြားနေရာမို့ ကင်းလွှတ်ထားသည့်ပေါ့ဆမှုကို ညို မကျေမချမ်း တွေးနေစဉ်ပင် ... 

ခရာဆူးချုံနှင့် ဓားလွယ်ခုတ်ကျသည့် ဝါးပုံအကွယ်မှ ရိပ်ခနဲ လှုပ်ရှားမှုတခုကို ညို မြင်လိုက်၏။ ချုံတိုးနေသော အုန်းသိန်းတို့အဖွဲ့ ကားလမ်းအနီးမရောက်ခင်ပင် အော်ဟစ်သံ ဆဲဆိုသံများ ထွက်လာပြီး ဖရိုဖရဲ ဖြစ်ကုန်သည်။ ဝါးပုံအကွယ်မှ ဒလစပ်ထွက်လာသော လောက်စာလုံးများကြား အလူးအလဲခံနေရခြင်းပင်။ 

ဆူးချုံတွင်းမှ လယ်ကွက်ဆီရောက်အောင်ပြေးရင်း ကျွံထွက်လာသော အုန်းသိန်းကို ညို တွေ့သည်။ ဘာမှ တွေးမနေတော့။ ခြံတံခါးဖွင့်ပြီး အမှောင်ရိပ်ထဲပြေးသွားကာ ချုံပုတ်ကောင်းကောင်းရှာ၍ ဝပ်ကွယ်လိုက်သည်။ အုန်းသိန်းမှာ “ဟေ့ကောင်တွေ … မပြေးနဲ့ ငါတို့အရံမီးသတ်တွေ ...” ဟုသာ အော်ရသေးသည်။ လေးခွတကမ်းစာက အုန်းမှုတ်ခွက်ကို မှန်အောင်ပစ်နိုင်နေပြီဖြစ်သည့် ညို့လက်ချက်ဖြင့် ဂေါက်ခနဲ ညို့သကျည်းကိုမှန်ကာ တဝင်းဝင်း ထိုးနေသော လက်နှိပ်ဓာတ်မီးကြီး လွတ်ကျသည်။ 

ကုန်းလျှောတလျှောက် ဆင်းလာသမျှ ဝါးပုံအကွယ်မှ ကယ်တင်ရှင်နှင့် ချုံအကွယ်မှ ညိုက နှစ်ဖက်ညှပ်၍ ဒလစပ် ပစ်သည်။ ထိတာရော မထိတာရော အားလုံးထိရောက်သည်ပင်။ ကိုခင်မောင်လတ်၏ညီများဘက်မှ ခံပစ်သံများ ကြားရသည်။ မီးအုပ်ဆောင်းကလေးများ အလန့်တကြား အန္တရာယ်အချက်ပေး ပြကြကုန်ပြီ။ စည်းဝေးမှု ပြီးမပြီးတော့ ညို မသိ၊ အချိန်မှီကာကွယ်ပြီး လွတ်ရာပြေးနိုင်ကြပြီဆိုတာတော့ ညို ခန့်မှန်းနိုင်ခဲ့သည်။ 

လောက်စာလုံးကုန်သည်နှင့် အမှောင်ရိပ်ထဲ စွက်ခနဲပြန်ပြေးပြီး ဗွက်အိုင်များကြားမှပင် ခြံတံခါးရှိရာ တဗွမ်းဗွမ်းရုန်း၍ ပြန်တက်လာခဲ့သည်။ “ဟဲ့ ... ညို … အမလေး အားလုံးတော့ ဒုက္ခရောက်ကုန်ပြီ မှတ်တာ” ဟု မခင်အေး ခြံတွင်းမှ တဆတ်ဆတ်တုန်၍ခုန်ကာ ကြိတ်အော်နေ၏။ 

ညိုက အားပါးတရအသံဖြင့် လွတ်သွားကြပြီ သေချာတယ်ဟုပြောကာ အိမ်ခေါင်းရင်းဘက်ပြေး၍ ခြံစည်းရိုးထဲမှ ချောင်းပြန်၏။ ဝါးပုံအကွယ်မှ အရိပ်တခု သုတ်ခနဲ ပေါ့ပါးစွာ ရွှေ့ပြေးလာပြီး ဖတ်ခနဲ ဖတ်ခနဲ သစ်ပင်ရိပ်များကြား ခုန်ကူးလာသည်။ 

“အိုး … အဘမောင် ... ဟုတ်လိုက်လေ ဒါမှ တို့အဘမောင်” 

ညိုသည် ကလေးတယောက်လို ခုန်ပေါက်ကာ ခြံဝင်းအမှောင်ထဲက ပစ်လိုက်၏။ အဘမောင်ကား လှစ်ခနဲ ရေစည်နားကပ်ကာ ခြေဆေးနေသည်။ ညို ပုဆိုးဟောင်းတထည် အသင့်တွေ့၍ အဘမောင် ရော့ ... ကန်တော့ပါရဲ့ဟု ပစ်ပေးလိုက်၏။ အဘမောင်ဖမ်းယူရသုတ်ပြီး ဘူတာရုံထဲရှိ ပက်လက်ကုလားထိုင်သို့ ပြန်လစ်၏။ 

မရှုမလှ တပ်ပျက်၍ပြန်လာကြသော အုန်းသိန်းတို့သားအဖနှင့်အဖွဲ့ ဘူတာရှေ့သို့ မကျေမချမ်း ဆူပွက်လျှက် ပြန်ရောက်လာချိန်၌ကား သပြေပန်းဖြင့် ကြိုသူမရှိ။ ပက်လက်ကုလားထိုင်ပေါ် ခွေစောင်းစောင်းနှင့် တခူးခူး ဟောက်နေသော အဘမောင်သာရှိ၏။ 

ညို ပြတင်းဝမှကွယ်ကာ ဗိုက်ကိုနှိပ်၍ ရယ်ချင်စိတ် မြိုသိပ်ထားရသည်။ 

xxxxx xxxxx xxxxx 

ဆက်လက်ဖော်ပြပါမည်။ 


No comments: