အခန်း - ၁၁
တခြားသူတို့၏ လွတ်လပ်ခွင့်ကို ငြင်းပယ်သောသူများသည် သူတို့ကိုယ်တိုင် လွတ်လပ်မှုနှင့် မထိုက်တန်သောသူများ ဖြစ်သည်။
အေဘရာဟင် လင်ကင်း
၁၉၈၈ ခု သြဂုတ်လ။ ဧရာဝတီမြစ်ကမ်းဘေးရှိ နယ်မြို့လေးတမြို့။
စိုးအောင်နှင့် ယဉ်ပါးနေသော လူထုလှုပ်ရှားမှုမှာ သူ့နောက်သို့ လိုက်လာပြန်လေသည်။
သြဂုတ်လ ၈ ရက်နေ့တွင် သူတို့နယ်မြို့ကလေးသည် လှုပ်လှုပ်ရွရွဖြစ်နေသည်။ သို့သော် ဘယ်သူက စမည်ကို မသိသေး။ သူ့အရိပ်အခြေအနေ ကိုယ်ကကြည့်၊ ကိုယ့်အရိပ်အခြေအနေ သူကကြည့်နှင့် သြဂုတ်လ ၈ ရက်နေ့မှာ ဘာမှဖြစ်မလာဘဲ ကုန်လွန်သွားသည်။ သို့သော် မြို့တချို့တွင်မတော့ အရေးအခင်းတွေ စတင်ပေါ်ပေါက်လာပေပြီ။ သည်နယ်မြို့ကလေးတွင် လှုပ်ရှားဆန္ဒပြမှု ဖြစ်မလာသေးသည့်အတွက် သူ အားမလိုအားမရ ဖြစ်နေမိသည်။ ပေါ်လာနိုး၊ ပေါ်လာနိုးနှင့်လည်း ရင်ခုန်လှုပ်ရှားနေမိသည်။ သူကိုယ်တိုင်ပင် အစပျိုးလှုပ်ရှားလိုက်ချင်စိတ်မျိုး ဖြစ်ပေါ်မိသည်။ သို့သော် သည်မြို့မှာ သူသည် သူစိမ်းဖြစ်သည်။ သည်မြို့က ခေါင်းဆောင်တွေကို သူ အကျွမ်းမဝင်။ သည်မြို့က လူထုသဘောကို သူ နားမလည်။ သို့နှင့် အရိပ်အခြေကိုသာ ကြည့်နေရသည်။
တကယ်တန်း စမည့်စတော့ အထက်တန်းကျောင်းသားတွေက စတင်ဖောက်ခွဲလိုက်ကြသည်။ ကျောင်းသား အနည်းငယ် လမ်းပေါ်ထွက် ဆန္ဒပြရာကနေ မြို့နေလူထုအားလုံး နောက်ကနေ စုရုံးလိုက်ပါလာကြလေသည်။ ဘယ်အာဏာပိုင်မှ တားဆီးကန့်ကွက် မလုပ်ရဲကြချေ။
နောက်နေ့တွေတွင် ရွာကလူတွေပါ အိုးစည်ဗုံမောင်းတွေနှင့် မြို့ပေါ်သို့ချီတက်လာကြသည်။
အလံ မလှဲစတမ်းဟေ့… ရဲတဲ့ သတ္တိတွေ၊ တပ်ဦးကို ကြည့်လိုက်စမ်း၊ ခွပ်ဒေါင်းနဲ့ သာသနာ့အလံတွေ၊ တလွင့်လွင့်ထူနေ တလွင့်လွင့်ထူနေ၊ အောင်ပွဲရတဲ့ သူရဲကောင်း၊ အပေါင်းဇာနည်တွေ၊ အများဆန္ဒနဲ့ ကိုက်ညီကြမယ့်၊ တို့ခေတ်ကိုတော့ ရောက်ပြီလေ၊ ဘာများလွန်ဆန်နိုင်မှာလေ၊ ဘာများလွန်ဆန်နိုင်မှာလေ။ တိုက်ပွဲ တိုက်ပွဲ တိုက်ပွဲခေါ်သံတွေ။
မြင်းခြံသပိတ်ကော်မတီမှ ဦးစောတင်အေး စပ်ဆိုသော တိုက်ပွဲခေါ်သံသီချင်းသည် အထက်ဗမာပြည်တခုလုံးကို လှုပ်သွားစေလေသည်။ ထိုသီချင်းဖွင့်သော နေရာတိုင်းတွင် လေထုသည် လှုပ်ခါသွားလေသည်။ တောတောင်ရေမြေတို့ လှုပ်ခါသွားကြလေသည်။ လူတို့၏ စိတ်နှလုံးကို သိမ်းကျုံးခေါ်ယူသွားလေသည်။ တိုက်ပွဲခေါ်သံကို ကြားရလေပြီ။ လူတိုင်းလူတိုင်း ကြက်သီးမွေးညှင်း ဖြန်းဖြန်းထကြသည်။ စိုးအောင်၏ သွေးတို့သည်လည်း ဆူဝေလည်ပတ်လာပြန်လေသည်။
မြို့တွေသာမက တောတွေပါ ဆန္ဒပြချီတက်ကြလေသည်။ တိုင်းပြည်တခုလုံး အုပ်ချုပ်ရေး ပျက်ပြားလေပြီတည်း။
နယ်မြို့ကလေး၏ သပိတ်ကော်မတီနှင့် ကျောင်းသားသမဂ္ဂတွင် စိုးအောင် ပါဝင်လှုပ်ရှားဖြစ်ပြန်သည်။ သန်လျင်က အဖေတို့ အမေတို့သည်လည်း စိုးအောင်ကို မတားကြတော့။ အဖေတို့ အမေတို့သည်ပင် ဝန်ထမ်းသမဂ္ဂတွင် တတပ်တအား ပါဝင်နေကြပြီ မဟုတ်ပါလား။ ဆရာမ နီလာသည် ဆရာများသမဂ္ဂတွင် တက်တက်ကြွကြွ ဦးဆောင် ပါဝင်သူတယောက်ဖြစ်လာသည်။ ဆရာများသမဂ္ဂ၏ ကြွေးကြော်သံဖြစ်သော ငြိမ်းချမ်းရေး ဂျာနယ်ကို ဦးဘမောင်၊ စိုးအောင်နှင့် နီလာတို့ ဦးစီး စီစဉ်ကြသည်။
ဖြစ်စဉ်တို့သည် အလွန်ပင် လျင်မြန်လှသည်။ သမ္မတတွေ တယောက်ပြီးတယောက် ပြုတ်ကျသွားသည်။ အုပ်ချုပ်ရေး ပျက်ပြားသွားသောနေရာတွင် သပိတ်ကော်မတီနှင့် သံဃာတွေက အစားထိုးဝင်ရောက် အုပ်ချုပ်ကြသည်။ သပိတ်ကော်မတီနှင့် သံဃာတွေမှာ တကယ်တော့ အရင်ကလည်း မြို့မိမြို့ဖတွေသာ ဖြစ်ကြလေသည်။ အစိုးရ အုပ်ချုပ်ရေးယန္တရားမရှိဘဲ တနိုင်ငံလုံးကို တလကျော်ကြာအောင် ပြည်သူတွေနှင့် သံဃာတွေက သူတို့ဖာသာ တိုင်းပြည်ကို အုပ်ချုပ်ထိန်းသိမ်းထားနိုင်ခဲ့သည့်အဖြစ်မှာ အံ့သြစရာကောင်းလှသည်။
သို့သော် ရုံးတွေပိတ်၊ အလုပ်တွေပိတ်၊ ဈေးတွေပိတ်သောကြောင့် စီးပွားရေးပျက်ပြားသောဒဏ်ကိုတော့ ပြည်သူတွေ ခံစားလာကြရသည်။ အောက်ဗမာပြည်က ဆန်တွေ အထက်ဗမာပြည် မပို့နိုင်တော့သောကြောင့် ဆန် ပြတ်လပ်လာသည်။ ထိုစဉ်က အထက်ဗမာပြည်သည် သူ့ဒေသအတွင်းမှာ ဆန်အလုံအလောက် မထွက်သေး။ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကလာသော ဆန်ကို မှီခိုနေရဆဲကာလ ဖြစ်သည်။ သပိတ်မတိုင်ခင်က ဆန်တပြီ ၅ ကျပ်ဈေးသာရှိရာမှ အရေးအခင်းအတွင်းတွင် ဆန်တပြီ ၈ ကျပ်အထိ ဈေးတက်လာသည်။ ထို့နောက် ၁၀၊ ၁၅ ကျပ်ဖြစ်လာသည်။ လူတွေ ဆန်ကိုမှန်မှန် ဝယ်မစားနိုင်ကြတော့။ သပိတ်ကော်မတီတွေက ဆန်ပြုတ် ဝေပေးရသည်။ တချို့လူတွေသည် ပြောင်းဖူးနှင့် စွန်တာနီပဲကို အတူရောပြုတ်ပြီး ထမင်းအစား အစားထိုး စားကြရသည်။
“ဟေ့… ဒီနေ့ မင်းတို့ ဘာဟင်းချက်လဲ”
“အို… တို့ကတော့ ဝါဝါဝင်းရွှေပဲဟေ့”
“အောင်မာ… ငါတို့က တင်နီလာဝင်းပါတောင် ပါသေး”
သူတို့ပြောနေကြသော ဝါဝါဝင်းရွှေနှင့် တင်နီလာဝင်းမှာ ပြောင်းဖူးနှင့် ပဲနီပြုတ်ကို ပြောနေကြခြင်းသာ ဖြစ်သည်။ အများစုက ဆန်ဖိုးမတတ်နိုင်တော့သောကြောင့် ပြောင်းဖူးနှင့်ပဲကို ချက်စားကြသည်။ တချို့လည်း ပြောင်းဆန်နှင့် ထမင်းကို ရောချက်စားကြသည်။ (ပြောင်းဆန်ဆိုသည်မှာ နှံစားပြောင်းဖြစ်သည်။) တချို့ကျတော့လည်း ဆန်ဖိုးတတ်နိုင်သေးသော်လည်း နောင်ရေးကိုမျှော်တွေးပြီး ဆန်ကိုချွေတာသည့်အနေနှင့် ပြောင်းဖူးနှင့် ပဲနီပြုတ် ရောစားကြသည်။
အခြေအနေသိပ်ဆိုးသူများမှာ စားစရာရှာမရတော့သောကြောင့် တောထဲသို့ထွက်၍ ဟင်းရွက် ခူးစားကြရသည်။ မြင်းခွာရွက်၊ မိုးနံရွက်လို၊ ကင်းမုံရွက်၊ မန်ကျည်းရွက်လို အခမဲ့ ရှာဖွေခူးဆွတ်၍ရသော အရွက်များကို ထမင်းမပါ သူ့ချည်းသာ ချက်ပြုတ်စားသောက်ကြရသည်။ အဆိုးဆုံးလူတချို့မှာ တိရစ္ဆာန်ကျွေးသော ပဲဘတ်၊ နှမ်းဘတ်ကို ရေစိမ်စားကြရလေသည်။
စိုးအောင်အဒေါ် ကျောင်းဆရာမကြီးကတော့ ရန်ကုန်ကလာသော တူကို ပြောင်းဖူးနှင့် ပဲနီ မကျွေးရက်သောကြောင့် ဆန်သန့်သန့် ချက်ကျွေးသည်။ အိမ်နီးချင်းတွေက သူတို့ထမင်းဝိုင်းကို မြင်သောအခါ… …
“ဟယ်… သူတို့ထမင်းပွဲက ထမင်းအဖြူလေးတွေ သန့်သန့်လေးတော့်”
ဟု တအံ့တသြဆိုကြသည်။ စိုးအောင်အဒေါ်က အိမ်နီးချင်းတွေကို ဆန်ဝေငှပေးပါသည်။ သို့သော် ဘာပဲဖြစ်ဖြစ် စိုးအောင် ရှက်လာသည်။
“ကြီးကြီးရာ။ ကျွန်တော်တို့လည်း ပြောင်းဖူးစေ့ ရောစားကြရအောင်ဗျာ။ သူများတွေငတ်နေကြချိန်မှာ ထမင်းသန့်သန့်စားရတာ ကျွန်တော် မြိုမကျဘူး”
သို့သော် လူတွေ၏ ခံနိုင်ရည်အင်အားမှာ အံ့သြစရာကောင်းလှသည်။ နေ့ခင်းတွင် မှန်မှန် ဆန္ဒပြကြသည်။ ညနေ ဆန္ဒပြရာကပြန်ရောက်လျှင် မှန်မှန် ချဲတွက်ကြလေသည်။ အားလုံး ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်ပြုံးပြုံးသာ ဖြစ်သည်။
မြို့တိုင်းမြို့တိုင်းတွင် စာစောင်တွေ ထုတ်ဝေကြသည်။ နိုင်ငံရေး စာရွက်စာတမ်းတွေ ပလူပျံနေလေသည်။ စာရွက်စာတမ်းတွေသာမက ရေဒီယို အသံလွှင့်ဌာနတွေပင် မြို့နယ်တချို့တွင် ပေါ်ပေါက်လာသည်။
နေရာတော်တော်များများတွင် သွေးထွက်သံယို သိပ်မဖြစ်အောင် မြို့မိမြို့ဖတို့က ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။ အစိုးရပယောဂ မပါဘဲ လူထုသက်သက်ကြောင့် ဘယ်နေရာတွင်မှ သွေးထွက်သံယိုမှု အများအပြား မဖြစ်ပွားခဲ့ပေ။
ထူးထူးခြားခြား အထိနာဆုံးမှာ စစ်ကိုင်းဖြစ်သည်။ စစ်ကိုင်းအဖြစ်အပျက်နှင့်ပတ်သက်၍ ယနေ့တိုင် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုဟူ၍လည်း မပေါ်ပေါက်သေး။ နယ်မြို့ကလေး၏ ညနေစောင်းအချိန်တွင် ဧရာဝတီမြစ်ကမ်း၌ သွားရောက် ငေးမောတတ်သော စိုးအောင်အဖို့မှာမူ အလှတရားနှင့် ရုပ်ဆိုးအကျည်းတန်မှုတို့ကို ဧရာဝတီကမ်းဘေးမှာပင် ယှဉ်တွဲ တွေ့မြင်ခဲ့ရလေသည်။
နေ့စဉ် ညနေဘက် သပိတ်ကော်မတီမှ စိုးအောင်ပြန်လာသောအခါ ဆရာမ နီလာကို ဆရာများသမဂ္ဂရုံးတွင် ဝင်ခေါ်တတ်သည်။ စိုးအောင်နှင့်နီလာတို့သည် စက်ဘီးအတူစီးပြီး အိမ်ကိုပြန်လာရင်း ဧရာဝတီမြစ်ကမ်းဘေးက လက်ဖက်ရည်ဆိုင်ကလေးမှာ ထိုင်ကြသည်။ တနိုင်ငံလုံးက သတင်းတွေကို ကြားသမျှ အပြန်အလှန် ဖလှယ်ကြသည်။
မြစ်ပြင်ကို လျှပ်ပြေးနမ်းရှိုက်သွားသော လေပြေဝယ် သူတို့ စီးမျောပါဝင်ကြလေသည်။ ဧရာဝတီ၏ ဆည်းဆာ ပန်းချီကားပေါ်တွင် သူတို့အရိပ်တွေ ထင်ဟပ်ခဲ့လေသည်။ နီလာနှင့်အတူ ဧရာဝတီဘေးတွင်ထိုင်ရသော ဆည်းဆာသည် အစစအရာရာ ပြစ်မျိုးမှည့်မတင်သော စင်းလုံးချော ဆည်းဆာဟု စိုးအောင် မှတ်ထင်ခဲ့သည်။
သို့သော် ရက်မကြာမီအတွင်းမှာပင် ဆည်းဆာအလှ စွန်းကွက်ခဲ့ရသည်။ မြစ်အထက်ဘက်မှလာသော လူသေအလောင်းများမှာ ဧရာဝတီမြစ်ထဲတွင် အများအပြားမျောပါလာကြသည်။ စိုးအောင်သည် စစ်ကိုင်းတွင် ကိုယ်တိုင် မရောက်ရသော်လည်း သည်အလောင်းတွေကိုကြည့်ပြီး စစ်ကိုင်းမြို့ကြုံတွေ့ခဲ့ရသော ကြမ္မာဆိုး၏အတိုင်းအတာကို ခန့်မှန်းတွက်ဆမိလေသည်။
သို့သော် သည်အလောင်းတွေကြောင့် စိုးအောင်နှင့်နီလာတို့ ဧရာဝတီမြစ်ကမ်းဘေးတွင် လက်ဖက်ရည်သောက် မပျက်ခဲ့ကြသလို ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုတွေလည်း မတုံ့ဆိုင်းခဲ့ကြ။ စိုးအောင်သည် ကျောင်းသားသမဂ္ဂ၊ သပိတ်ကော်မတီနှင့် ဆရာများသမဂ္ဂရုံးခန်းတို့တွင် နေ့စဉ် ကူးသန်းလှုပ်ရှားခဲ့သည်။
သို့သော် ၈၈ အရေးအခင်းကြီးသည် ကာလရှည်ကြာသည်နှင့်အမျှ တိုးတက်မှု နှေးကွေးလာသောအခါ စိုးအောင် စိုးရိမ်လာသည်။ ရန်ကုန်တွင် ရာဇဝတ်သားတွေကို ထောင်ခါလိုက်သော သတင်းတွေ ထွက်လာသည်။ လုယက်မှုတွေ ကြားလာရသည်။ မီးကွင်းပစ်သူများကို ဖမ်းဆီးမိသော သတင်းတွေထွက်ပေါ်လာသည်။ အဆိပ်ခပ်သည်ဟူသော သတင်းတွေ ထွက်ပေါ်လာသည်။ သူလျှိုသူလန်တွေ လုပ်ကြံဖန်တီးသူတွေ၊ အခြေအနေရှုပ်ထွေးအောင် ခြေထိုးနှောင့်ယှက်မှုတွေကို သိသိသာသာ တွေ့မြင်လာရသည်။
သို့သော် အဖြူအမည်း ခွဲခြားဖို့ခက်လှသည်။ ရန်သူ မိတ်ဆွေသိဖို့ ခက်လှသည်။ ပို၍ဆိုးသည်မှာ ခေါင်းဖြတ်သတ်ဖြတ်မှုသတင်းတွေ ကြားလာရခြင်းဖြစ်သည်။ ရေကန်တွေ ရေပိုက်တွေကို အဆိပ်ခတ်လုပ်ကြံမှုရှိသည်ဟူသော စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်တွင် ခေါင်းဖြတ်သတ်သော အမှုတွေကို ကြားလာရခြင်းဖြစ်သည်။ ထောက်လှမ်းရေး၏ ခိုင်းစေချက်ကြောင့် ဆောင်ရွက်ကြသည်ဟူသော စွပ်စွဲချက်တွေ သံသယတွေလည်း အများအပြား ထွက်ပေါ်ခဲ့သည်။ အမှန်တကယ် ထောက်လှမ်းရေး၏ ပယောဂ ပါမပါဆိုသည်ကိုကား သိရန်ခက်လှသည်။ သို့သော် ထောက်လှမ်းရေး ဗဟိုချက်ဖြစ်သော ရန်ကုန်မှတပါး ကျန်သော မြို့နယ်များတွင် အလားတူ ပဋိပက္ခမျိုးဖြစ်ပွားသည်ကိုတော့ မတွေ့ရချေ။
တကယ်တော့ ရန်ကုန်သည် ထောက်လှမ်းရေး ဗဟိုချက်သာဖြစ်သည် မဟုတ်။ အတိုက်အခံ ဗဟိုချက်လည်းဖြစ်သလို ပဋိပက္ခ၏ ဗဟိုချက်လည်းဖြစ်သောကြောင့် အဆိုးဝါးဆုံး ပေါက်ကွဲမှုတွေ ရန်ကုန်တွင် ပေါ်ထွက်ခဲ့ဟန်ရှိသည်။
မည်သို့ပင်ဆိုစေ၊ သန်းပေါင်းများစွာသော ပြည်သူလူထုကြီး၏ အချိန်အားဖြင့် လချီကြာသော တနိုင်ငံလုံး အတိုင်းအတာ လှုပ်ရှားမှုကြီးနှင့် နှိုင်းစာတွက်ချက်ပါမူ ထိုအကြမ်းဖက်မှုသည် သိပ်မများလှဟု ဆိုရပေမည်။ ပါဝင်လှုပ်ရှားကြသော လူထုပမာဏနှင့် ဖြစ်ပွားခဲ့သော ကာလအတိုင်းအတာ၊ ကြုံတွေ့ရသော စီးပွားရေး အကျပ်အတည်း၊ ကြားဝင် သပ်လျှိုခံရသော အမှောင့်ပယောဂတို့ကို ချင့်ချိန်တွက်ချက်ကြည့်လျှင် ၈ လေးလုံး လူထုလှုပ်ရှားမှုကြီးသည် ကမ္ဘာတွင် စည်းကမ်းအရှိဆုံး လူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့သည်။ ကမ္ဘာမှာပင် သည်လောက်ကြီးမားကျယ်ပြန့်သော လှုပ်ရှားမှုကြီးတခုအနေနှင့် သည်လောက် စည်းကမ်းနှင့် စိတ်ဓာတ် ကောင်းမွန်တာမျိုး နှိုင်းယှဉ်စရာ မရှိဖူးခဲ့ချေ။
သည်လိုနှင့် တနေ့သော ညနေစောင်းတွင် ဧရာဝတီမြစ်ကမ်းဘေး၌ နီလာနှင့်စိုးအောင်တို့ အတူထိုင်ဖြစ်ကြ ပြန်လေသည်။ သူတို့နှစ်ယောက်၏ သံယောဇဉ်မှာ ရင့်ကျက်ခိုင်မာလာပြီဖြစ်သော်လည်း သူတို့သည် သံယောဇဉ်စကားကို မဆို၊ ဒီမိုကရေစီအရေးကို မမောတမ်းဆွေးနွေးတိုင်ပင်နေကြလေသည်။ ထိုအချိန်က သူတို့နှစ်ယောက်သည် ဆရာများသမဂ္ဂအတွက် ငြိမ်းချမ်းရေးစာစောင် နောက်တအုပ်ထုတ်ဝေဖို့ တိုင်ပင်နေကြချိန်ဖြစ်သည်။ သူတို့ တိုင်ပင်နေကြစဉ်တွင် ရေဒီယိုမှ စစ်ချီသီချင်းသံများ တပုဒ်ပြီးတပုဒ် ပေါ်ထွက်လာလေသည်။
စိုးအောင်၏ခန္ဓာကိုယ်သည် ဆတ်ခနဲ တောင့်တင်းသွားလေသည်။
“ဘာလဲဟင်၊ ဘာလဲ”
နီလာသည် စိုးအောင်၏ အမူအယာကိုကြည့်ပြီး လန့်သွားသည်။ ပြာပြာသလဲပင် မေးလိုက်သည်။
“ရေဒီယိုက သီချင်းတွေလေ၊ နားထောင်ကြည့်စမ်း”
စစ်ချီသီချင်းတွေနှင့်အတူ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူလိုက်ပြီဖြစ်ကြောင်း ကြေငြာချက် ထွက်ပေါ်လာခဲ့လေသည်။
သူတို့နှစ်ယောက်လုံး ငိုင်သွားကြသည်။ သည်လိုအခြေအနေမျိုးဖြစ်လာနိုင်သည်ကို မှန်းဆထားခဲ့သော်လည်း ဖြစ်လာလျှင် ဘာလုပ်မည်ဆိုသည်ကို သူတို့ ဆုံးဖြတ်မထားကြရသေး။ ဖြစ်လာသော အခြေအနေကို ရင်ဆိုင်ဖို့ရာ သူတို့ဘက်က အဆင်သင့် မဖြစ်သေးချေ။
စစ်တပ်က အာဏာသိမ်းကြောင်း ကြေညာပြီး ညဘက်ရောက်သည်နှင့် မြို့တိုင်းမြို့တိုင်းကို စစ်ကားတွေ ဝင်ရောက်လာကြကာ သပိတ်ကော်မတီတွေကို ဝိုင်းကြဖျက်ကြသည်။ ကျောင်းသားသမဂ္ဂတွေကို ဖျက်ကြ ဖမ်းကြသည်။ ရပ်မိရပ်ဖနှင့် ရဟန်းသံဃာတို့ ထူထောင်ထားကြသော ကိုယ်ထူကိုယ်ထ အုပ်ချုပ်ရေးလည်း ပျက်ပြားလေသည်။
ရန်ကုန်မြို့က တိမ်းရှောင်ထွက်ပြေးလာသော ကျောင်းသားခေါင်းဆောင် စိုးအောင်သည်လည်း သပိတ်ခေါင်းဆောင် စိုးအောင်အဖြစ်နှင့် သည်မြို့ကလေးမှ ထပ်မံ တိမ်းရှောင်ရပြန်တော့သည်။
လူပေါင်းများစွာ ထပ်မံသေဆုံးခဲ့ကြသော ပစ်ခတ်နှိမ်နင်းမှုများ မြန်မာနိုင်ငံတဝန်းတွင် ထပ်မံဖြစ်ပွားခဲ့လေပြီ။
ရန်ကုန်တွင် ဆေးရုံကြီးရှေ့ ပစ်ခတ်မှုကြောင့် မဝင်းမော်ဦး အပါအဝင် အထက်တန်း ကျောင်းသားလေးများ သေဆုံးခဲ့ကြလေသည်။ ရန်ကုန်ဆေးရုံကြီးသည် အလောင်းတွေ လူနာတွေနှင့် ဒုတိယအကြိမ်မြောက် ပြည့်နှက်သွားပြန်လေသည်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment