အရင်တပတ်က (Consolidated Democracy) ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ အခြေအနေ သုံးရပ်အကြောင်း ပြောခဲ့တယ်။ ဒီတပတ်မှာ ဒီမိုကရေစီတည်ဆောက်ရေးမှာ အရေးကြီးတဲ့မဏ္ဍိုင်ကြီး ၅ ရပ် (တနည်း) အုတ်မြစ်ကြီး ၅ ခု အကြောင်းကို ဆက်ပြောဖို့ပါပဲ။ ဒါပေမယ့် ဒီစာရေးတဲ့အချိန်မှာပဲ အီဂျစ်နိုင်ငံကလမ်းပေါ်မှာ လူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးတဲ့သတင်းနဲ့ တူနီးရှားမှာ လုပ်ကြံခံရတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ဈာပနသတင်းကိုကြည့်ရင်းနဲ့ ပြောစရာပေါ်လာလို့ ပြောခွင့်ပြုပါဦး။
အာရပ်နွေဦးကိုကြည့်ရင် ဒီမိုကရေစီတည်ဆောက်ရတာ ဘယ်လောက် ခက်ခဲသလဲဆိုတာကို မြင်နိုင်ပါတယ်။ အရင် တပတ်ကပြောခဲ့သလိုပဲ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲလောက်ပဲ ကွက်မြင်နေလို့မဖြစ်ဘူးဆိုတာကို ထပ်ပြောချင်ပါတယ်။ ဥပမာ အီဂျစ်မှာ မူဘာရတ် ပြုတ်ကျသွားတယ်၊ ရွေးကောက်ပွဲ ကျင်းပနိုင်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရသက်တမ်းက တနှစ်ပဲ ခံပါတယ်။ အခုဆိုရင် တတိုင်းပြည်လုံးမှာလည်း စိတ်ဝမ်းကွဲမှုတွေက ဆိုးရွားနေတော့ ဒီမိုကရေစီအနာဂတ်က မရေမရာပါပဲ။ တူနီရှားမှာလည်း ဒီသဘောပါပဲ။ ၆ လအတွင်းမှာ လုပ်ကြံခံရတဲ့ အတိုက်အခံပါတီက ခေါင်းဆောင်နှစ်ယောက် ရှိသွားပြီ။ ဒါကိုမကျေနပ်လို့ တနိုင်ငံလုံး အုံကြွတော့မယ့် အခြေအနေ ပေါ်ပေါက်နေတယ်။
အီဂျစ်နဲ့ တူနီးရှားနှစ်နိုင်ငံမှာ တူညီတဲ့အချက်နှစ်ချက်က လစ်ဘရယ်တွေနဲ့ အစ္စလာမ္မစ်တွေကြားထဲမှာ ညှိမရအောင် စိတ်ဝမ်းကွဲနေတယ်။ နောက်တချက်က လူတွေက မျှော်လင့်ချက်မြင့်မားသလောက် စီးပွားရေးက ဒုံရင်း ဒုံရင်း ဖြစ်နေတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နိုင်ငံတွေမှာ လူတွေရဲ့မျှော်လင့်ချက်တွေ မြင့်မားနေတတ်တာက အန္တရာယ်တရပ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။ ဒါပေမယ့် ပေါကိုလီယာဆိုတဲ့ ပညာရှင်ရဲ့ သုတေသနပြုချက်အရ ဒီမိုကရေစီထူထောင်ခါစနိုင်ငံ၊ ပြည်တွင်းစစ်က ရုန်းထွက်ခါစနိုင်ငံကို စီးပွားရေးအရ ထူထောင်ဖို့ဆိုတာ အနည်းဆုံး ၁၀ နှစ်တော့ကြာမှာပဲတဲ့။ အဲဒီတော့ စီးပွားရေး ရုတ်တရက်နဲ့မထူထောင်နိုင်ခင်မှာ ပြည်သူတွေမှာ အနာဂတ်အတွက် မျှော်လင့်ချက်တွေကတော့ ရှိနေဖို့လိုနေတာပေါ့။
နောက်ထပ်အရေးကြီးကတော့ စောစောကပြောသလို နိုင်ငံရေးအယူအဆမတူတဲ့ အုပ်စုတွေအချင်းချင်းအကြားမှာ ပြသနာတွေ ကြီးကြီးမားမားမပေါ်အောင် ညှိနှိုင်းနိုင်မှ တော်ကာကျပါတယ်။ အီဂျစ်မှာ အခုလို အခြေအနေမျိုးတွေ မပေါ်ပေါက်ခင် (၂၀၁၁ ကတည်းက) နိုင်ငံရေး သိပံ္ပပညာရှင်နှစ်ယောက်ဖြစ်တဲ့ Juan J. Linz နဲ့ Alfred Stepan တို့က သတိပေးခဲ့ဖူးတယ်။ အချုပ်ကတော့ ဒီမိုကရေစီတည်ဆောက်ရေးဆိုတာ အာဏာရှင်ဖြုတ်ချနိုင်ရုံနဲ့ ပြီးတာမဟုတ်ဘူး။ အာဏာရှင်အလွန်မှာ အရေးကြီးတဲ့ လူမှုအုပ်စုတွေအချင်းချင်း ညှိနှိုင်းပြီးတော့ ဒီမိုကရေစီခရီးအတွက် အများသဘောညီတဲ့ လမ်းပြမြေပုံတခုလိုတယ်လို့ သတိပေးခဲ့တယ်။
ဒါပေမယ့် အီဂျစ်နိုင်ငံရေးမှာ အရေးကြီးတဲ့ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့နဲ့ လစ်ဘရယ်တွေဟာ တကြိမ်မှ တွေ့ဆုံဆွေးနွေးတာမျိုး မလုပ်ခဲ့ကြဘူး။ အများသဘောညီတဲ့ လမ်းပြမြေပုံမရှိဘဲနဲ့ ရွေးကောက်ပွဲကို မဲခဲ့ကြတယ်။
ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်လို့ ပညာရှင်နှစ်ယောက် သတိပေးတာကလည်း အီဂျစ်လို နိုင်ငံမျိုးမှာ သမ္မတကို တိုက်ရိုက်ရွေးချယ်တဲ့စနစ်ကိုကျင့်သုံးရင် နိုင်ငံရေးတည်ငြိမ်မှာ မဟုတ်ဘူးတဲ့။ နိုင်ငံရေးအုပ်စုတွေက များလွန်းတာကြောင့် ရွေးချယ်ခံရတဲ့ သမ္မတက အများစုကို ကိုယ်စားပြုမှာမဟုတ်ဘူးလို့ သတိပေးခဲ့တယ်။ လူတွေကလည်း စိတ်လှုပ်ရှားမှု အမျိုးမျိုးဖြစ်နေတဲ့အခြေအနေမှာ ဒီနေ့ အရွေးခံရတဲ့ သမ္မတဟာ တနှစ်တောင်ခံမှာမဟုတ်ဘူးလို့ နိမိတ်ဖတ်ခဲ့တယ်။
တကယ်တမ်း ရွေးကောက်ပွဲကျင်းပတော့လည်း ပထမအကျော့မှာဝင်ပြီး အရွေးခံဖို့စာရင်းတင်တဲ့ သမ္မတလောင်းက ၂၃ ယောက်တောင် ရှိခဲ့တယ်။ မဲပေးတဲ့ လူရာခိုင်နှုန်းကလည်း အလွန်နည်းခဲ့တယ်။ နောက်ဆုံးအကျော့မှာ မော်စီက အနိုင်ရတာကလည်း ၅၁ ရာခိုင်နှုန်းဆိုတော့ မော်စီဟာ ရွေးကောက်ပွဲစနစ်အရ သမ္မတဖြစ်လာပေမယ့် အီဂျစ်ပြည်သူအများစုကို ကိုယ်စားပြုတယ်လို့ ပြောဖို့ ခက်ပါတယ်။
ပိုဆိုးသွားတာက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ မွတ်စလင်သွေးသောက်အဖွဲ့က ဘာသာရေး အယူအဆတွေကို နိုင်ငံရေးထဲကို ဆွဲသွင်းလာတဲ့အခါ လစ်ဘရယ်တွေနဲ့ ထိပ်တိုက်တွေ့တယ်။ စစ်တပ်က အားကောင်းနေတဲ့နိုင်ငံဆိုတော့ စစ်တပ်ဝင်လာတော့ အခြေအနေတွေ ပိုရှုပ်ထွေးကုန်တာပါပဲ။ ရွေးကောက်ပွဲစနစ်ဟာ နိုင်ငံရေးတည်ငြိမ်ရေးအတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာကိုလည်း အီဂျစ်ကပဲ မီးမောင်းထိုးပြလိုက်ပါတယ်။
ဒီမိုကရေစီဆိုတာကိုပြောရတာ အလွန်ကျယ်ဝန်းပါတယ်။ သဘောကျစရာကောင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တခုကတော့ ဒီမိုကရေစီဆိုတာ “the only game in town” လို့ ဆိုတာပါပဲ၊ စောစောက ပညာရှင်နှစ်ယောက်ရဲ့ အကျဉ်းရုံး အဓိပ္ပာယ် ဖွင့်ဆိုချက်ပါ။ “မြို့ပြင်မထွက်တမ်း ကစားပွဲ” လို့ဆိုရင် ရမယ်လို့ထင်ပါတယ်။
တိတိကျကျပြောရရင် နိုင်ငံရေးအရအရေးပါတဲ့ ဘယ်လိုအုပ်စုကမှ ဒီမိုကရေစီနည်းကျ အာဏာရနေတဲ့ အစိုးရကို ဒီမိုကရေစီ မကျတဲ့နည်းလမ်းနဲ့ ဖြုတ်ချဖို့အထိ အားကြိုးမာန်တက် လုံးပမ်းနေတာမျိုး မရှိတော့ဘူး။ တောထွက်ပြီး သူပုန်လုပ်တဲ့နည်းလမ်း၊ ဒါမှမဟုတ် တခြားနည်းလမ်းတွေနဲ့ ပြည်တွင်းကနေ ကြိုးပမ်းတာဖြစ်ဖြစ်၊ ပြည်ပကနေ ကြိုးပမ်းတာဖြစ်ဖြစ်၊ နိုင်ငံခြားတနိုင်ငံရဲ့ အကူအညီကိုယူတဲ့ နည်းလမ်းဖြစ်ဖြစ် အားလုံး အကြုံးဝင်ပါတယ်။ ဒါက လုပ်ပုံကိုင်ပုံ နည်းလမ်းအရ Behaviorally ပါ။
စိတ်နေစိတ်ထားအရ (Attitudinally) လည်း နိုင်ငံရေးနဲ့ပတ်သက်တဲ့ အင်အားစုတွေ၊ ပြည်သူတွေထဲမှာ အာဏာရ အစိုးရကို သဘောမတွေ့တဲ့အခါ၊ တိုင်းပြည်ထဲမှာ စီးပွားရေးပြသနာတွေ ဒုက္ခပင်လယ်ဝေနေတဲ့ အခြေအနေမှာတောင် နိုင်ငံရေးအပြောင်းအလဲတွေကို ဒီမိုကရေစီ မူဘောင်ထဲကနေပဲလုပ်ရမယ်ဆိုတဲ့ စိတ်နေစိတ်ထားတွေက အသားကျနေရမယ်။
နောက်ဆုံးတခုကတော့ လုပ်ထုံးလုပ်နည်းပိုင်းအရ (Constitutionallly) နိုင်ငံရေး ပဋိပက္ခတွေရှိလာတဲ့ အခြေအနေမျိုးမှာ အခြေကျပြီးသား စံနှုန်းတွေ၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်း မူဘောင်ထဲကနေ ဖြေရှင်းတာက တခြားနည်းထက် ဖြေရှင်းတာထက် ပိုပြီး ထိရောက်တယ်။ ပိုပြီး အထိအခိုက်နည်းတယ်လို့ ယုံကြည်မှု ရှိရမယ်။ ဆိုလိုတာကတော့ လုပ်ထုံးလုပ်နည်းတွေအပေါ်မှာ ယုံကြည်မှုရှိတာကို ဆိုလိုပါတယ်။
ဒီမိုကရေစီကို အုတ်မြစ်ချတယ်ဆိုတာ နိုင်ငံရေးအရ အရေးပါတဲ့ လူမှုအုပ်စုတွေရဲ့ လုပ်ပုံကိုင်ပုံ၊ စိတ်နေစိတ်ထား၊ စည်းမျဉ်းစည်းကမ်းတွေကို ဒီမိုကရေစီယဉ်ကျေးမှုနဲ့ အသားကျအောင်လုပ်တာလို့ ဆိုနိုင်ပါတယ်။ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ ဆောင်ရွက်တာကလည်း တခြားနည်းလမ်းထက် ပိုပြီးအကျိုးရှိတယ်ဆိုတဲ့ incentives နဲ့ တခြားနည်းလမ်းက လုပ်ရင် မထိရောက်နိုင်ဘူး၊ လူထုထောက်ခံမှု မရနိုင်ဘူး စသဖြင့် disincentive တွေကို အများစုက လက်တွေ့အရ သဘောပေါက်သွားအောင် လုပ်တာပါပဲ။
အဲ့သလို ဒီမိုကရေစီယဉ်ကျေးမှုမထွန်းကားရင် ဘယ်လောက်အန္တရာယ်များသလဲဆိုတာကို ဆီးရီးယား၊ အီဂျစ်၊ တူနီးရှား၊ လစ်ဗျားတို့ရဲ့အဖြစ်အပျက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။
ဒီတပတ်တော့ ဒီလောက်ပါပဲ။ နောက်တပတ်ကျမှပဲ ဒီတပတ်မပြောဖြစ်တဲ့ မဏ္ဍိုင်ကြီး ၅ ခု အကြောင်းကို စပြောတော့မယ်။ ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment