အပိုင်း (၂)
ခရစ်နှစ် ၂၀၀၇ ခုနှစ်။
အခန်း - ၁၂
ငါရပ်ဖို့ တနေရာသာ ပေးစမ်းပါ။
ကမ္ဘာကြီးကို ရွှေ့ပြမယ်။
(အာခိမိဒိ)
ခရစ်နှစ် ၂၀၀၇ ဇွန်လ။
သုံးနာရီ ခွဲတော့မည်။ ညနေ သုံးနာရီထွက်ရမည့်ရထားသည် အခုထက်တိုင် မထွက်သေး။ ဘာကြောင့် မထွက်သေးသည်ကို မသိရ။ ဘယ်သူကမှလည်း အရေးတယူ ကြေညာခြင်းမပြု။ ခရီးသည်တွေကလည်း နောက်ကျနေကျမို့သာ နောက်ကျသည်ဟု မှတ်ယူထားကြလေသလား မသိ။ ဘယ်အာဏာပိုင် ဘယ်တာဝန်ရှိသူကိုမှ သွားရောက်စောဒက တက်သူမရှိကြ။ ဗမာလူမျိုးတို့သည် သည်းခံတတ်လွန်းကြသည်။ မိမိအခွင့်အရေးကို ဆူဆူပူပူလုပ်ပြီး အရေးဆိုတတ်သော အလေ့အထ သိပ်မရှိကြ။
သို့သော် ညည်းတော့ ညည်းညူကြသည်။ မညည်းညူပဲလည်း နေနိုင်စရာမရှိ။ လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မဟုတ်ပါလား။ ဒီလောက်ပြင်းသည့် အပူဒဏ်ကို မညည်းမညူခံနိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ ပါရမီမျိုးနှင့်တော့ လွယ်အံ့မထင်။
သံမဏိဖြင့်ပြုလုပ်ထားသော ရထားတွဲဝါဝါကြီးသည် မီးလို ခြစ်ခြစ်တောက်ပူလောင်သော နေရောင် ကျဲတောက်တောက်အောက်တွင် ကိုယ်လုံးတီး စင်းစင်းကြီး ရပ်နေလေသည်။ သည်ရထားတွဲထဲမှာ နာရီဝက်ကြာအောင် ငုတ်တုတ်ထိုင်စောင့်ဆိုင်းနေရသော ခရီးသည်တို့အဖြစ်မှာ ရေနွေးအိုးထဲ ထည့်ပြုတ်ခံထားရသည့်ပမာ ရှိလေသည်။
နီမင်းထွန်းဘေးက ထိုင်ခုံမှာ လစ်လပ်နေသည်။ သုံးနာရီခွဲကာနီးအထိ ရောက်မလာပုံထောက်လျှင် သည်ထိုင်ခုံကလူသည် သူ့ခရီးစဉ်ကို အကြောင်းတစုံတရာကြောင့် ဖျက်လိုက်ပြီဟု ထင်ရသည်။ သို့မဟုတ် လမ်းဘူတာ တခုခုကနေစီးမည့်သူလည်း ဖြစ်နိုင်သည်ဟု သူ တွေးမိသည်။
သုံးနာရီခွဲတိတိတွင် ရထားဥသြဆွဲသံကို ကြားရလေသည်။ ထို့နောက် တမိနစ်အကြာတွင် ရထားဘီးတွေ စတင်လိမ့်လေသည်။ ရထားဘီးတွေလိမ့်သည်နှင့် လေပြေလေး တိုးဝင်လာသည်။ နည်းနည်း အပူသက်သာသွားသည်။
ထိုအခိုက်တွင် ပြူတင်းပေါက်မှ ပစ္စည်းတခု ဝုန်းခနဲ ကျလာလေသည်။ ရုတ်တရက် နီမင်းထွန်း လန့်သွားသည်။ ငုံ့ကြည့်လိုက်တော့ အမျိုးသမီးကိုင် စလင်းဘက်အိတ်တလုံး။
“ဆောရီး၊ ဆောရီး”
အမျိုးသမီးတဦး၏ အသံ။ နေကာမျက်မှန် အညိုတစ်လက်ကို တပ်ထားသည်။ ရထားဘေး ပလက်ဖောင်းပေါ်တွင် ရထားနှင့်အမီ ပြေးလိုက်ရင်း အလွန်အမင်း ပျာယာခတ်နေသည့်ကြားကပင် နီမင်းထွန်းကို လက်ပြ တောင်းပန်နေသေးသည်။ ပြူတင်းတံခါးမှ နီမင်းထွန်း ခေါင်းထွက်ကြည့်လိုက်သည့်အခါ အမျိုးသမီးမှာ နောက်တွင် ကျန်ရစ်လေပြီ။
သို့သော် အမျိုးသမီးသည် အရှိန်ရနေပြီဖြစ်သော ရထားနှင့်အတူယှဉ်ပြီး ပြေးလိုက်နေဆဲဖြစ်သည်။ ရထားတွဲ နောက်ပေါက်အနားသို့အရောက်တွင် တံခါးလက်ကိုင်ကို လှမ်းဆွဲသည်။
“မလုပ်နဲ့။ မလုပ်နဲ့”
နီမင်းထွန်း အော်ဟစ်တားမြစ်လိုက်သေးသည်။ သို့သော် သူအသံမဆုံးခင်မှာပင် အမျိုးသမီးသည် ရထားတွဲပေါ်သို့ သွက်လက်စွာ ခုန်တက်လိုက်ပြီ ဖြစ်လေသည်။ တော်သေးသည်။ ရထားပေါ်သို့ ချောချောမောမော ရောက်သွားလေသည်။
ရထားနောက်ပေါက်မှ လျှောက်လာသော အမျိုးသမီးကို လှမ်းကြည့်လိုက်တော့ သူ့အရွယ်သည် ငယ်ငယ်ရွယ်ရွယ် မဟုတ်တော့။ အနည်းဆုံး အသက်ငါးဆယ်လောက်တော့ ရှိပေရော့မည်။ ကိုယ်လုံးကိုယ်ထည်ကလည်း သေးသေးကွေးကွေး မဟုတ်၊ ဝသည်ဟု မဆိုသာသော်လည်း ခပ်ဖိုင့်ဖိုင့်ပင်။ သည်အရွယ် သည်ခန္ဓာကိုယ်မျိုးနှင့်ပင် မျောက်လွဲကျော်တကောင်လို ဖြတ်ဖြတ်လတ်လတ် လှုပ်ရှားနိုင်သောသူမို့ နီမင်းထွန်း တအံ့တသြငေးမောမိသည်။
“ဟူး… မောလိုက်တာ။ မီမှမီပါ့မလားလို့… တော်ပါသေးရဲ့”
အမျိုးသမီးကြီးသည် နေကာမျက်မှန် ခပ်ညိုညိုကိုဖြုတ်ပြီး လက်ကကိုင်ထားရင်း သူ့ဘေးကထိုင်ခုံတွင် ဝင်ထိုင်လေသည်။ ထိုအမျိုးသမီးကြီးသည် သူနှင့်တခရီးထဲသွားမည့် ခရီးဖော်ပါတကား။
“အန်တီကလည်းဗျာ။ ဘာလို့ခုန်တက်လိုက်ရတာလဲ။ ရထားက အရှိန်ရနေပြီဗျ။ မတော်တဆများ ပြုတ်များကျလိုက်ရင်ဖြင့်။ ကျနော်တော့ လန့်တောင် လန့်သွားတာပဲ”
“ဟဲ… ဟဲ… ဟဲ… ဒီလောက်တော့ အန်တီက အပျော့ပါကွ။ ဂျိမ်းစဘွန်းကား ၂၂ ကားတွဲ ဒီဗွီဒီကို ကြည့်ထားတာ သိပ်မကြာသေးပါဘူး”
အမောမပြေသေးသည့်ကြားက ရယ်ရွှန်းပတ်ရွှန်းနှင့် ဟာသလုပ်နေသော အမျိုးသမီးကြီးကို သူ ငေးကြည့်မိလေသည်။ အမျိုးသမီးကြီးပုံစံမှာ အကြောက်အလန့်မရှိသလိုပါတကား။
“အင်း… ဂျိမ်းစဘွန်းကား ကြည့်ထားပေလို့သာပဲဗျာ။ တာဇံကားများကြည့်ထားရင် တံခါးပေါက်ကနေ နွယ်ကြိုးနဲ့များ ခုန်ဝင်မလား မသိဘူး”
သူ ရွဲ့ပြောလိုက်သည်ကို သဘောကျဟန်ဖြင့် အမျိုးသမီးကြီးက တဟီးဟီး ရယ်နေလေသည်။
အမျိုးသမီးကြီးသည် အင်ဒိုနီးရှားပါတိတ်ကို အထက်အောက် ဝမ်းဆက်ဝတ်ဆင်ထားသည်။ မျက်နှာတွင်လည်း မိတ်ကပ်ပါးပါး လူးထားသည်။ ဒါတွင် မကသေး။ အရောင်ခပ်ဖျော့ဖျော့ နှုတ်ခမ်းနီကိုလည်း ဆိုးထားလိုက်ပြန်သေးသည်။ သူ့အသက်အရွယ်နှင့်စာလျှင် တော်တော် ခေတ်ဆန်သလိုရှိသည်။ သို့သော် သိပ်သတိထားမိလောက်အောင် ထူးထူးခြားခြား ပေါ်ပေါ်လွင်လွင်ကြီးတော့ မဟုတ်လှ။ အမျိုးသမီးကြီးတွေ ထုံးစံဖြစ်သော ခရီးဆောင်အိတ်ကြီးများနှင့် ခြင်းတွေ၊ ချိုင့်တွေလည်း ပါမလာ။ စောစောက ရထားစထွက်စဉ် အောက်မှပစ်တင်လိုက်သော စလင်းဘက်အိတ် ခပ်ကြီးကြီးတအိတ်သာ ပါလေသည်။
“ဒါနဲ့ မင်းက ရန်ကုန်အထိသွားမှာလား”
အမျိုးသမီးကြီးသည် မိန်းမပီပီ စပ်စုလေသည်။
“ဟုတ်ကဲ့ဗျ။ ရန်ကုန်အထိပါ။ ကျနော်က ရန်ကုန်မှာ ကျောင်းသွားတက်မှာပါ”
“အော် အော် … မင်းက တက္ကသိုလ် ကျောင်းသားကိုး”
“မဟုတ်ဘူးဗျ။ ကျနော်က ခုမှ ဆယ်တန်းအောင်တာပါ။ ရန်ကုန်မှာ ကွန်ပြူတာသင်တန်းလေး ဘာလေး သွားတက်မလို့ပါ။ တက္ကသိုလ်ကတော့ … အင်း… တက်ဖြစ်ချင်မှ တက်ဖြစ်မှာပါလေ”
“အော်… အော်”
အမျိုးသမီးကြီးသည် ခေတ္တငြိမ်သွားလေသည်။ ထို့နောက်တွင်မှ တစုံတခုကို တွေးမိသလို ဟန်ပန်မျိုးဖြင့်…
“ဘာဖြစ်လို့လဲကွ။ တက္ကသိုလ်တက်တာ မကောင်းဘူးလား”
“ကျနော်က နိုင်ငံခြား သွားချင်တာဗျ။ အဲဒါ ရန်ကုန်မှာ အင်္ဂလိပ်စာသင်တန်းလေး၊ ကွန်ပြူတာသင်တန်းလေးတက်ရင်း လမ်းစ ရှာကြည့်မလားလို့…”
“အင်း… ဒါလည်း ကောင်းတာပါပဲလေ။ နိုင်ငံခြားသွားတော့လည်း အမြင်ကျယ်တာပေါ့။ ဟုတ်ဖူးလား”
“ဟုတ်တယ်ဗျ။ ဖြစ်နိုင်ရင် ကျနော်က ကမ္ဘာတောင် ပတ်လိုက်ချင်တာဗျ”
“အင်း… အင်း… အင်း ကောင်းတာပေါ့။ ကောင်းတာပေါ့။ သွားနိုင်လေ အမြင်ကျယ်လေပေါ့။ နို့မို့ဆိုရင် ကိုယ့် နွားခြေရာခွက်လေးကိုပဲ ကမ္ဘာကြီးထင်နေမှာ”
အမျိုးသမီးကြီးက ခေါင်းတညိတ်ညိတ်နှင့် မှတ်ချက်ပေးလေသည်။ သူ့ကို လှောင်နေသလားဟု အမျိုးသမီးကြီးမျက်နှာကို စူးစမ်းမိသည်။ လှောင်ပြောင်သော အရိပ်အယောင်မျိုးတော့ မတွေ့ရ။ သို့သော် အလေးအနက် စဉ်းစားနေပုံရသော အမျိုးသမီးကြီး၏ ဟန်ပန်ကိုလည်း သူ နားမလည်။
နီမင်းထွန်းသည် လူငယ်တယောက်ဖြစ်သည်။ ကမ္ဘာလောကကြီးထဲသို့ တောင်ပံစုံခတ် ပျံသန်းလာသော အပျံသင်စ ငှက်တကောင်ဖြစ်သည်။ လောကကြီးသည် သူ့အတွက် ကျဉ်းမြောင်းလွန်းသေးသည်ဟုပင် သူ ထင်သည်။ သူသည် ကမ္ဘာကြီးကို ရွှေ့ပစ်ချင်နေသူလည်း ဖြစ်သည်။ သူခြေချစရာ တနေရာရှိလျှင် ကမ္ဘာကြီးကိုပင် ရွှေ့ပစ်နိုင်မည်ဟုလည်း သူ ထင်သည်။
“အန်တီကရော ရန်ကုန်ထိပဲလား”
“အင်း… ဆိုပါတော့လေ။ ဆိုပါတော့”
“အန်တီက ရန်ကုန်သူ ထင်တယ်”
“ဟားဟားဟား… အန်တီက မြန်မာနိုင်ငံသူကွ။ မြန်မာနိုင်ငံအနှံ့ လျှောက်သွားနေတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်မြို့သူလို့ ခေါ်ရမှန်းတောင် မသိတော့ဘူး။ ဟဲ… ဟဲ… ဟဲ”
အမျိုးသမီးကြီးပြောပုံက တမျိုးဖြစ်သည်။ ရိုးရိုးရှင်းရှင်း မဟုတ်။ သူ့ဆီက အကူအညီတောင်းမှာစိုးလို့ ဆင်ဝှေ့ရန်ရှောင်စကားကို ဆိုလေသလားဟု နီမင်းထွန်း စဉ်းစားမိသည်။ အောက်သူအောက်သားတွေ၊ ရန်ကုန်သူ ရန်ကုန်သားတွေများ ဒီအတိုင်းချည်းဟု သူ တွေးလိုက်မိသည်။ ထို့ကြောင့် ဘာစကားမှမဆက်ဘဲ ငြိမ်နေလိုက်သည်။
အမျိုးသမီးကြီးကလည်း စကားမဆက်တော့။ စာအုပ်တအုပ်ကို ထုတ်ဖတ်နေလေသည်။ သူ့စာအုပ်က ခပ်ပါးပါးသာ ဖြစ်လေသည်။ ထိုခပ်ပါးပါးစာအုပ်ကိုပင် ကတ်ထူအဖုံးအစိမ်းရောင်နှင့် ဖုံးထားသည်။ ကတ်ထူဖုံးပေါ်တွင် စာအုပ်နာမည်ကို ရေးထိုးထားသည်။ စာအုပ်နာမည်က အနာဂတ်အတွက် ကဗျာ။ နာမည်အောက်တွင် ဘားတော့ဗရက် ဟု ရေးထားသည်။ နိုင်ငံခြားကဗျာဆရာ၏အမည် ဖြစ်ပုံရသည်။ ဘာသာပြန်သူက တင်မောင်အေး ပခုက္ကူဖြစ်သည်။
“အန်တီ့နာမည်က ဘယ်လိုခေါ်တုန်းဗျ”
“ဟေ”
ဒီတခါ စပ်စုလိုက်သူက နီမင်းထွန်းဖြစ်သည်။ အမျိုးသမီးကြီးက ကောင်းကောင်းကြားလိုက်ပုံမရ။ စာအုပ်ကို မျက်နှာကခွာပြီး အာလုတ်သံ ပြုသည်။
“အော်… အန်တီ့နာမည်မေးတာပါ။ ဟို… ခရီးသွားချင်းဆိုတော့…”
ဘာဆက်ပြောရမှန်းမသိဘဲ သူ့စကားက တို့လို့တန်းလန်းနှင့် ရပ်သွားသည်။ သူစပ်စုရခြင်းအကြောင်းကို ဆင်ခြေ ခိုင်ခိုင်မာမာပေးဖို့ရာ သူ့မှာ စကားရှာမရ။ တကယ်တော့ နီမင်းထွန်းသည် အပြောအဆို မကျင်လည်လှသေး။ သူသည် လူတောမတိုးဘူးသေးသော လူငယ်လေးဖြစ်သည်။ သူသည် သိုက်မြုံမှ ထွက်လာခါစသာ ဖြစ်သည်။ သို့သော် အမျိုးသမီးကြီးက နားလည်မှုရှိရှိနှင့် ပြုံးလိုက်သည်။
“အန်တီ့နာမည်က ဒေါ်သက်ထားတဲ့ကွ။ မင်းနာမည်ကရော”
“နီမင်းထွန်းပါ”
“မန္တလေးကပဲလား”
“မဟုတ်ဘူးဗျ။ မြင်းခြံက”
“အင်း… ထင်တော့ ထင်သား။ မင့်လေသံက နည်းနည်းကွဲပါတယ်လို့။ မြင်းခြံကနေ ရန်ကုန်ကို ရထားမရှိဘူးလား”
“ရှိတော့ရှိတယ်ဗျ။ ဒါပေမယ့် စာပို့ရထားဆိုတော့ သိပ်ကြာလို့…”
“တော်တော်ကြာလား”
“အင်း၊ ကြာတယ်။ စိတ်ပေါက်မှ လိပ်လောက်သွားတယ်ဆိုတာမျိုး”
“အင်း… အင်း”
အင်းလိုက်ရင်းနှင့် ဒေါ်သက်ထားက ပြုံးလေသည်။
“ဒါတင်မကသေးဘူး။ သစ်ပင်ရိပ်ကောင်းကောင်းတွေ့ရင် နားချင်သေးတယ်။ တခါတလေများ တရေးတမောတောင် အိပ်လိုက်သေးတယ်”
ဒေါ်သက်ထားသည် တခွိခွိနှင့်ရယ်လေသည်။ ခဏနေတော့ သူတို့ စကားစပြတ်သွားပြန်သည်။ ထို့နောက် ဒေါ်သက်ထားသည် အသက်ပြင်းပြင်းရှူပြီး အိပ်မောကျသွားလေသည်။
********
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment