Wednesday, July 3, 2013

“အကြမ်းဖက်ဝါဒကျင့်သုံးသူကို မေတ္တာ မပို့နိုင်ပါ”

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်မှာ ၂၀၁၃ ခုနှစ်တွင် ၆၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ၏အနာဂတ်ကို တစ်ဆစ်ချိုးကွေ့သွားစေခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများ အကြမ်းဖက် လုပ်ကြံသတ်ဖြတ် လုပ်ကြံခံရမှုနောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ သွေးစွန်းခဲ့သည့်ဖြစ်ရပ်များ အမြောက်အမြားပေါ်ပေါက်ခဲ့ပါသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့် အခြား မြန်မာ့နိုင်ငံရေးသမိုင်းရှိ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ ရနံ့သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား တွေ့ဆုံမေးမြန်းခဲ့သည်များကို အောက်တွင်ဖော်ပြအပ်ပါသည်။ 


ရနံ့သစ် ။ ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံရတာ ဒီနှစ်ဆို ၆၆ နှစ် ပြည့်မြောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့အနာဂတ်ကို တစ်ဆစ်ချိုးကွေ့သွားစေခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုနှင့်ပတ်သက်လို့ ဆရာ့အမြင်ကို သိပါရစေ။ 

ဦးဝင်းတင် ။ ။ အာဇာနည်နေ့နီးလာရင် အာဇာနည်နေ့နဲ့ပတ်သက်ပြီး သတိရမိတာ၊ စဉ်းစားမိတာရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အချိန်မှာ ကျွန်တော်က ကျောင်းသားဘဝပါ။ အသက် ၁၆ နှစ် ၁၇ နှစ်ပေါ့။ အာဇာနည်နေ့တစ်ဝိုက်မှာ ကျွန်တော့်ရဲ့ဘဝမှာ ပထမဆုံးအနေနဲ့ လူကြီးသူမတို့နဲ့ ပေါင်းသင်းဆက်ဆံရ၊ ပြောရဆိုရ၊ လုပ်ရကိုင်ရတာကို မှတ်မိနေပါတယ်။ စိတ်ထဲမှာလည်း ထိခိုက်ပါတယ်။ စိတ်ထိခိုက်တဲ့အလျှောက် ပြောတာဆိုတာများလည်း ရှိခဲ့ပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ကျွန်တော် လူကိုယ်တိုင် နီးနီးကပ်ကပ် တွေ့ခဲ့ဖူးတာကို ပြန်ပြောပြချင်ပါတယ်။ 

ရနံ့သစ် ။ ။ ဆရာကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်မှာ လူကိုယ်တိုင် တွေ့ခဲ့ဖူးတာလဲ။ 

ီးဝင်းတင် ။ ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ကျွန်တော် လူကိုယ်တိုင်တွေ့ခဲ့ဖူးတာက ကြို့ပင်ကောက်မြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ ရှမ်းစုကျေးရွာမှာပါ။ ၁၉၄၅ မတ် ၂၇ တော်လှန်ရေးနေ့နီးလာတော့ ဗိုလ်ချုပ်အောင်ဆန်း နယ်ဆင်းလာပါတယ်။ ကျွန်တော့်ဦးလေး ဗိုလ်မင်းခေါင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော်တပ်မှူးဖြစ်တာကြောင့် ပြည်လမ်းအတိုင်း ဆင်းလာတဲ့ ဗိုလ်ချုပ်တို့ကျွန်တော့်အိမ်ကို ရောက်လာပါတယ်။ တော်လှန်ရေးစစ်ဌာနချုပ်ကို အသွားခရီးမှာ ရွာမှာ တစ်ထောက်ဝင်နားတဲ့သဘောပါ။ အဲဒါ မနက်မိုးလင်းပိုင်းလောက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့ အိမ်ကို ရောက်လာပါတယ်။ ခဏနားပြုပြီး နေ့ခင်းဘက်ပေါ့ ဗိုလ်ချုပ် ရေချိုးပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့တွေ့တာပါ။ ကျွန်တော်က ဗိုလ်ချုပ်ရေချိုးဖို့အတွက် ရေခပ်ပေးရပါတယ်။ ရေခပ်ပေး ဘာညာလုပ်ပေးရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရေချိုးတဲ့နေရာနားမှာ ကျွန်တော် သွားရပ်၊ စကားပြောမိပါတယ်။ 

ရနံ့သစ် ။ ။ ဆရာက ဗိုလ်ချုပ်ကို ဘာသွားပြောတာပါလဲ။ 

ဦးဝင်းတင် ။ ။ ဗိုလ်ချုပ်ကို ကျွန်တော် စစ်ထဲဝင်ချင်တဲ့အကြောင်း သွားပြောတာပါ။ ဂျပန်တွေကို ကျွန်တော်လည်း ချချင်တယ်လေ။ 

ရနံ့သစ် ။ ။ ဗိုလ်ချုပ်က ဆရာ့ကို ဘာပြန်ပြောပါသလဲ။ 

ဦးဝင်းတင် ။ ။ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော့်ကို “မင်း ကျောင်းနေသလား” လို့ မေးပါတယ်။ ကျွန်တော်က ကျွန်တော်ကျောင်းနေပါတယ်လို့ ပြန်ဖြေတော့ ဗိုလ်ချုပ်က “တို့ စစ်တိုက်မဲ့လူတွေ အများကြီး ရှိတယ်ကွ။ မင်း ပညာသာ ဆက်သင်ပါ၊ တို့တိုင်းပြည် လွတ်လပ်သွားရင် ပညာတတ်တွေ အများကြီးလိုမှာကွ။ စစ်တိုက်မယ့်လူတွေက ရှိပါတယ်။ မင်း ပညာသာ ဆက်သင်ပါ” လို့ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က စာအုပ်တွေတော်တော်များများ ဖတ်ဖူးနေပါပြီ။ ကျွန်တော့်ဦးလေး ဗိုလ်မင်းခေါင်က စာအရမ်းဖတ်တာပါ။ သူ စုထားတဲ့စာအုပ်တွေ၊ သူဖတ်တဲ့စာအုပ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်ကလည်း သူစုထားတဲ့စာအုပ်တွေကို လိုက်ဖတ်တော့ အဲဒီအချိန်မှာ တော်တော်လေးကို စာဖတ်နာနေပါပြီ။ ဗိုလ်ချုပ်ကိုလည်း ကိုယ်တိုင်တွေ့လိုက်ရ၊ စာတွေကလည်း ဖတ်ထားဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုယ့်ဘဝမှာ လမ်းညွှန်တဲ့ပုဂ္ဂိုလ်၊ ကိုယ့်ရဲ့ခေါင်းဆောင်အဖြစ် စွဲစွဲလမ်းလမ်း ခင်ခင်မင်မင် ဖြစ်နေတာကိုး။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတယ်လည်းကြားလိုက်ရော စိတ်ထဲမှာအရမ်းကို ထိခိုက်ခဲ့တာပေါ့။ ကိုယ့်ဆွေမျိုးသားချင်းတစ်ယောက် အသတ်ခံရသလိုဖြစ်ပြီး တော်တော့်ကို စိတ်ထိခိုက် ကြေကွဲခဲ့ရပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး နောက်တစ်နှစ်မှာပဲ မဟတ္တမဂန္ဓီ လုပ်ကြံခံလိုက်ရပါတယ်။ အဲဒီအချိန် ၄၇-၄၈ ကာလတုန်းက ကျွန်တော်က အသက် ၁၇ နှစ်ကျော်ကျော်၊ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌတာဝန်လည်းယူထားတာဆိုတော့ မြို့က နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆက်ဆံရတာတွေ ရှိလာပါတယ်။ အထက်မှာပြောခဲ့သလို ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော့်ဘဝမှာ လူကြီးသူမတွေနဲ့ ဆက်ဆံခဲ့ရတာပါ။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးတဲ့နောက် ကျွန်တော်တို့မြို့မှာ ဟောပြောပွဲတွေ လုပ်ကြပါတယ်။ လူသတ်ဝါဒ ရှုတ်ချပွဲ၊ အကြမ်းဖက်ဝါဒရှုတ်ချပွဲတွေပေါ့။ အဲဒီပွဲတွေမှာ ကျွန်တော် တက်စကားပြောပါတယ်။ မြို့က နိုင်ငံရေးခေါင်းဆောင်တွေနဲ့အတူ တက်ပြောရတာပါ။ ခုအချိန်မှာ ပြန်စဉ်းစားလိုက်တော့ မလောက်လေးမလောက်စား ကျွန်တော်လိုကောင်က တက်ပြောခဲ့တာပဲလို့ တွေးမိပါတယ်။ ပြောစရာဆိုစရာကလည်း ရှားပါး၊ စာအုပ်စာတမ်းကလည်းရှားပါးနဲ့ မပြောတတ်မဆိုတတ်ပေါ့ဗျာ။ အဲဒီကြားထဲက ခံစားချက်နဲ့ ကျွန်တော် တက်ပြောခဲ့တာပါ။ 

ရနံ့သစ် ။ ။ ဟောပြောပွဲတွေက ဘယ်သူတွေက ဦးစီးပြီးကျင်းပတာပါလဲ။ 

ဦးဝင်းတင် ။ ။ ဖဆပလနဲ့ ကွန်မြူနစ်ပါတီ ပူးတွဲပြီးကျင်းပတာပါ။ အဲဒီအချိန်မှာ ကွန်မြူနစ်ပါတီကို ဖဆပလက ထုတ်ထားပြီးဖြစ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံလိုက်ရတော့ နှစ်ပါတီညီညွတ်ပြီး လူသတ်ဝါဒရှုတ်ချပွဲတွေကို တစ်နိုင်ငံလုံးမှာ ကျင်းပကြတာပါ။ ကျွန်တော်တို့ ကြို့ပင်ကောက်မြို့လည်း အပါအဝင်ပေါ့။ ဒါပေမယ့် ခုနကပြောခဲ့သလို ကျွန်တော်က နိုင်ငံရေးရယ် ဘာရယ် သိပ်နားလည်လို့ပြောတာ မဟုတ်ပါဘူး။ ရိုးရိုးပြောရရင် ခံစားချက်ကြောင့် ကိုယ့်သွေးရင်းသားရင်းထဲက လုပ်ကြံခံရလိုက်ရသလိုကို ခံစားရတာကြောင့် တက်ပြောတာပါ။ 

ဒီနေရာမှာ ကြုံကြိုက်လို့ပြောရရင် အဲဒီအချိန်က ကျွန်တော်တို့အိမ်မှာနေတဲ့ ဦးလေးဆင်ဆိုတဲ့ ပုဂ်္ဂိုလ်ကြီးတစ်ယောက် ရှိပါတယ်။ ကျွန်တော်တို့အိမ်မှာ သူရောက်နေတဲ့အချိန်မှာ သူ သိပ်စိတ်မမှန်တော့ပါဘူး။ ကျွန်တော်ကသာ ဦးလေးဆင် ခေါ်နေတာပါ။ သူ့ အသက်က တော်တော်လေးကြီးပါပြီ။ ကျွန်တော့်ဘွားအေကတောင် သူ့ကို ဦးလေးဆင် ဟု ခေါ်တာပါ။ အဲဒီဦးလေးဆင်က မြင်မြင်သမျှကို မေတ္တာပို့ပါတယ်။ အိမ်မှာထိုင်နေ အိမ်မှာမြင်တဲ့သူမှန်သမျှ သူ မေတ္တာပို့ပါတယ်။ လမ်းထွက်သွားလမ်းမှာ တွေ့သမျှလူကုန် သူ မေတ္တာပို့ပါတယ်။ အဲဒီလိုပဲ ဈေးထဲသွား ဈေးထဲတွေ့သမျှလူ အကုန် မေတ္တာပို့ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးပါ။ 

ကျွန်တော်တို့အိမ်မှာနေတယ်ဆိုပေမယ့်လည်း နေရုံလေးနေတာပါ။ ဘာမှစားသောက်တာမျိုး မရှိပါဘူး။ ရေသောက်တာလောက်ပဲ ရှိတာပါ။ သူက ဈေးထဲသွားပြီး ဈေးသူဈေးသားတွေ ခိုင်းတာမှန်သမျှ အကုန်လုပ်ပေး၊ ဈေးသူဈေးသားတွေကိုရော ဈေးလာဝယ်တဲ့သူတွေကိုပါ အကုန်မေတ္တာပို့၊ ခိုင်းတာတွေ အကုန်လုပ်ပေးဆိုတော့ တစ်ဈေးလုံးက သူ့ကို ကျွေးမွေးတာကအစ အကုန်စောင့်ရှောက်ထားပါတယ်။ ကျွန်တော်တို့အိမ်မှာ ရေလောက်ပဲ သောက်တာပါ။ နောက်တစ်ခုက ဦးလေးဆင်က ရုပ်ဆင်းအသွင်သဏ္ဌာန်မှာ မဟတ္တမဂန္ဓီကြီးနဲ့ တော်တော်ဆင်ပါတယ်။ ခေါင်းတုံးလည်း ခေါင်းတုံး၊ အင်္ကျီကလည်း အမြဲတမ်းချွတ်ထားတယ်။ ခပ်ပိန်ပိန် ခါးကိုင်းကိုင်းနဲ့ တောင်ဝှေးကြီးတစ်ချောင်း ဆောင်၊ အဲဒီတောင်ဝှေးနဲ့ အိမ်ကနေ ဈေးကိုသွား၊ ဈေးကနေ အိမ်ကိုပြန်လုပ်နေတာပါ။ ဂန္ဓီကြီးနဲ့ တော်တော်ကို ဆင်တာပါ။ 

ဦးလေးဆင်ဟာ ဘယ်လောက်တောင် မေတ္တာရှင်ပီသသလဲဆိုရင် လမ်းလျှောက်သွားရင်း လမ်းမှာ ကလေးတွေက မြွေကို ဝိုင်းရိုက်နေတာတွေ့တာနဲ့ ကလေးတွေကို အတင်းဝင်တား၊ မြွေကို အတင်းဝင်ကိုင်၊ မြွေက သူ့ကိုကိုက်၊ ကိုက်လည်း ကိုက်ကိုက်ပဲ၊ သူက မြွေကိုမေတ္တာပို့၊ ကလေးတွေလက်ထဲက အတင်းလုပြီး ဘေးကင်းရာကို သွားပို့တဲ့အထိ ဖြူစင်တဲ့သူတော်ကောင်းကြီးပါ။ အဲဒီအမြဲတမ်းမေတ္တာပို့နေတဲ့ ဦးလေးဆင်ကို ဂျပန်က သတ်သွားပါတယ်။ လှံစွပ်နဲ့ ထိုးသတ်သွားတာပါ။ ကျွန်တော်တို့မြို့မှာ ဂျပန်တော်လှန်ရေးကာလမှာ ဖက်ဆစ်တွေက လူလေးငါးဆယ် လောက်ကို လှံစွပ်နဲ့ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဦးလေးဆင်လည်း ပါသွားတာပေါ့။ သူ့အကြောင်းကို မြဝတီလား၊ ငွေတာရီလား အဲဒီမှာ ကျွန်တော် “မေတ္တာရှင်” ဆိုတဲ့ နာမည်နဲ့ ဆောင်းပါးတစ်စောင်ရေးပြီး မှတ်တမ်းတင်ဖူးပါတယ်။ 

အဲဒီမှာ ကျွန်တော် ဘာသွားတွေးမိသလဲဆိုတော့ ဦးလေးဆင်ဟာ သူ့ကိုသတ်တဲ့ ဂျပန်ဖက်ဆစ်ကို မေတ္တာများ ပို့သွားသလားလို့ တွေးမိပါတယ်။ လူတကာကို မေတ္တာပို့နေတဲ့ ဦးလေးဆင်ဟာ သူ့ကို လှံစွပ်နဲ့ ထိုးသတ်တဲ့ ဂျပန်စစ်သားကိုလည်း မေတ္တာပို့သွားမှာပဲလို့ ကျွန်တော် တွေးမိပါတယ်။ အဲဒီမှာ ကျွန်တော် ဆက်စဉ်းစားမိတာက ဦးလေးဆင်ဟာ လူသတ်သမားကို မေတ္တာပို့စရာမလိုဘူး။ ကျိန်ဆဲရမယ်၊ ဖက်ဆစ်ကို အကြမ်းဖက်သမားကို မေတ္တာပို့စရာ မလိုဘူး။ ကျိန်ဆဲရမယ်၊ ရှုတ်ချရမယ်လို့ စဉ်းစားမိပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းတို့ ဂန္ဓီတို့ လုပ်ကြံခံရပြီးတဲ့နောက် ကျွန်တော့်တို့မြို့မှာလုပ်တဲ့၊ ကြို့ပင်ကောက်မှာ ကျွန်တော်တို့ ဈေးနားမှာ ဘုရားထဲမှာ အကြမ်းဖက်မှုရှုတ်ချရေး ဟောပြောပွဲတွေလုပ်ပါတယ်။ အဲဒီဟောပြောပွဲတွေမှာ ကျွန်တော်က လူသတ်ဝါဒကို ရှုတ်ချပါတယ်။ အဲဒီ ဖက်ဆစ်တွေ၊ လူသတ်သမားတွေကို မေတ္တာပို့ဖို့ မကောင်းဘူး၊ မေတ္တာမပို့ရဘူး ရှုတ်ချရမယ်၊ ကျိန်ဆဲရမယ်။ 

ခုလို အာဇာနည်နေ့ နီးလာတဲ့အချိန်မှာ ကျွန်တော် ပြန်စဉ်းစားတော့ အဲဒီလိုပဲ စိတ်ထဲမှာ ပေါ်ပါတယ်။ ကျွန်တော် ထောင်ထဲမှာရှိနေတဲ့အချိန်မှာ ဒီပဲယင်းလုပ်ကြံမှုကြီးအကြောင်း ကြားရပါတယ်။ စုံစုံလင်လင် အတိအကျတော့ ကြားရတာ မဟုတ်ပါဘူး။ ထောင်ထဲကကြားရတာဆိုတော့ ဟိုတစ်စ သည်တစ်စပေါ့။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်တွေနဲ့ ထောက်ခံတဲ့ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်သတ်ဖြတ်တယ် ဆိုတာလောက်ကိုတော့ ထောင်ထဲက ကြားရပါတယ်။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတဲ့သူတွေကို ခွင့်လွှတ်တယ်လို့ ပြောပါတယ်။ 

ကျွန်တော်ကတော့ ခွင့်မလွှတ်နိုင်ပါဘူး။ ဘယ်တရားမှာလဲ။ အကြမ်းဖက် လူသတ်သမားတွေကို ကျွန်တော်တို့အားလုံးက ရှုတ်ချရမယ်၊ ခွင့်မလွှတ်ရဘူး။ ဒါ့အပြင် ဒီပဲယင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်ရမယ်။ ဘာလို့ မဖော်ထုတ်နိုင်ရမှာလဲ၊ ဘာလို့ ခွင့်လွှတ်ရမှာလဲ။ ကာယကံရှင်က လက်စားမချေချင်တဲ့စိတ်ဓာတ်နဲ့ ခွင့်လွှတ် သည်းခံနေမယ်၊ ခွင့်လွှတ်ရင် ခွင့်လွှတ်မယ်၊ ဒါပေမယ့် ကျွန်တော်က လက်မခံနိုင်ဘူး။ အကြမ်းဖက်သမားတွေ လူသတ်သမားတွေကို ခွင့်လွှတ်လို့ မရဘူး၊ သည်းခံနေလို့ မရဘူး။ 

ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကို လုပ်ကြံသတ်ဖြတ်တဲ့အချိန်မှာ စိတ်ထဲက အကြမ်းဖက်သမားတွေကို ခွင့်လွှတ်ရင် ခွင့်လွှတ်သွားလိမ့်မယ်၊ ဂန်္ဓီကြီးကလည်း သူ့ကို လုပ်ကြံသတ်ဖြတ်တဲ့ လူသတ်သမားကို မေတ္တာပို့ရင် ပို့သွားလိမ့်မယ်၊ ဦးလေးဆင်ကလည်း သူ့ကို လှံစွပ်နဲ့ထိုးသတ်တဲ့ ဖက်ဆစ်ဂျပန်စစ်သားကို မေတ္တာပို့သွားလိမ့်မယ်။ ကျွန်တော်ကတော့ သဘောမတူဘူး။ အဲဒီလူတွေဟာ မေတ္တာပို့သင့်တဲ့လူတွေ မဟုတ်ဘူး။ မေတ္တာတရားနဲ့ မထိုက်တန်ဘူး။ အဲဒီ အကြမ်းဖက်သမားတွေကို ကျိန်ဆဲရမယ်။ တုံ့ပြန်မှုနဲ့ ရှုတ်ချမှုနဲ့ အပြစ်တင်မှုနဲ့ အရေးယူမှုနဲ့သာ ထိုက်တန်တဲ့လူတွေ။ ဒါ ကျွန်တော် လူပုဂ္ဂိုလ်ရေးအရ ပြောနေတာ မဟုတ်ဘူး။ ဝါဒအရ ပြောတာ။ 

အကြမ်းဖက်လူသတ်သမားတွေကို သူတော်ကောင်းစိတ်ဓာတ်နဲ့ တုံ့ပြန်နေလို့ကတော့ နိုင်ငံရေးအကြမ်းဖက်မှုဟာ ဘယ်တော့မှ ပပျောက်မှာမဟုတ်ဘူးဆိုတာ ဒီနေ့လည်း ပြောချင်တယ်။ လွန်ခဲ့တဲ့ ကျွန်တော့်အသက် ၁၆ နှစ် ၁၇ နှစ်က ပြောခဲ့တဲ့အတိုင်းပဲ ဒီနေ့ အသက် ၈၀ ကျော် ၉၀ နီးပါးအရွယ်မှာလည်း အဲဒီအတိုင်းပဲ ပြောချင်တယ်။ နောင်လည်း ကျွန်တော် အသက်ရှိနေသရွေ့ အဲဒီအတိုင်းပဲပြောမှာပဲ။ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ အကြမ်းဖက် လူသတ်သမားတွေကို မေတ္တာပို့လို့ မရဘူး၊ ရှုတ်ချရမယ်။ ကျိန်ဆဲရမယ်၊ အပြစ်တင်ရမယ်၊ ဖော်ထုတ်ရမယ်၊ တိုက်ဖျက်ရမယ်၊ အရေးယူရမယ်။ လူမျိုးနဲ့ တိုင်းပြည်အတွက် အင်မတန်အဖိုးတန်တဲ့ ခေါင်းဆောင်တွေ နိုင်ငံရေးလုပ်ကြံမှုတွေကြောင့် မသေသင့်ဘူး။ ဒီနေ့လည်း ကျွန်တော်ဒီအတိုင်းပဲ ယူဆပါတယ်။ နောင်လည်း အဲဒီလိုပဲ ကျွန်တော် ယူဆသွားမှာပါ။ 

အယ်ဒီတာအဖွဲ့ 
၂၀၁၃၊ ဇူလိုင်လ၊ ရနံ့သစ် 

အာဇာနည်နေ့နှင့်ပတ်သက်၍ ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ဆုံမေးမြန်းခြင်း 


 

No comments: