Tuesday, July 2, 2013

အာဏာရှင်တွေ သူပုန်ထလို့ (ပထမပိုင်း) - ကိုညို

ဇူလိုင်ရက်လ ရောက်ခဲ့ရတိုင်း 
စိတ်ကျရောဂါ ဝင်လာတယ်...

ဇူလိုင်မိုးဖွဲ သည်းချေပျက်အောင် 
ရက်စက်မှုများ ကြုံခဲ့တယ်… 

ဇူလိုင်မှာ ဖွားရက်များစွာဟာ 
အင်အားချိနဲ့သွားခဲ့တယ်… 

ဇူလိုင်မှာ မွေးရက်လေးတွေလည်း
သွးနံ့ညှီတုန်း ရှိသေးတယ်။ 

(ဇူလိုင်ဝေဒနာ ကဗျာမှ) 

လွန်ခဲ့တဲ့ ၂၂ နှစ်လောက်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီရောက် မြန်မာကျောင်းသားတွေထုတ်ခဲ့တဲ့ ဇူလိုင် လက်ကမ်းစာစောင်လေးတခုမှာ ရေးခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးတခုကို ကောက်နှုတ်ဖော်ပြလိုက်တာပါ။ အဲဒီတုန်းက ဇူလိုင်ဟာ မြန်မာပြည်အတွက် အိပ်မက်ဆိုးတွေရှိခဲ့ဖူးတဲ့ ခံစားချက်နဲ့ တွေးခဲ့ ရေးခဲ့ဖူးတယ်။ တိုင်းပြည်ရဲ့ အတိတ်ဖြစ်ရပ် အကျိုးဆက်တွေပြန်ကြည့်တော့ ဇူလိုင်မှာ လွတ်လပ်ရေးရပြီးခေတ်မန်မာ့အနာဂတ်အတွက် ဧရာမဆုံးရှုံးမှု ၂ ခု ပေါ်ထွက်ခဲ့ဖူးတယ်။ 


ပထမဆုံး ဆုံးရှုံးမှုက ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇)နဲ့ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံတော်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ ၁၉၄၇ဇူလိုင် ၁၉ (အာဇာနည်နေ့) ဖြစ်တယ်။ ဗိုလ်ချုပ်တို့ကျဆုံးခဲ့တဲ့အကျိုးဆက်က အမျိုးသားညီညွတ်ရေး၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ပါ လုံးပါးပါးခဲ့ရတဲ့အထိ နောက်ပိုင်းမှာဖြစ်ခဲ့တယ်။ 

ဒုတိယဆုံးရှုံးမှုက ၁၉၆၂မတ်လ ၂ ရက် စစ်အာဏာသိမ်းပြီးနောက် ဇူလိုင် ၇ ရက် ရန်ကုန်တက္ကသိုလ် သွေးချောင်းစီးမှုရယ်၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းနဲ့ အဆောက်အအုံကိုပါ ဖြိုခွဲဖျက်ဆီးခဲ့တာဖြစ်တယ်။ အဲဒီအကျိုးဆက်က တက္ကသိုလ်ရဲ့ အစဉ်အလာအရမွေးထုတ်ပေးတဲ့ ပညာတတ် နိုင်ငံရေးမျိုးဆက် ပြတ်တောက်မှုနဲ့ တရားဝင် ကျောင်းသားနိုင်ငံရေး ယဉ်ကျေးမှု ချိနဲ့သွားသလို၊ ပညာရေးမဏ္ဍိုင်တခုလုံး လဲပြိုသွားခဲ့တယ်။ အဲဒီဇူလိုင်လ သွေးစွန်းမှုတွေဟာ ခေတ်သစ်မြန်မာ့သမိုင်းရဲ့ အကြီးကျယ်ဆုံး၊ အရက်စက်ဆုံး၊ ဆုံးရှုံးမှုအကြီးမားဆုံး၊ အနာဂတ် အကျိုးဆက် အဆိုးရွားဆုံးတွေဖြစ်ခဲ့တယ်။

ဖြစ်ရပ်နှစ်ခုစလုံးဟာ လူပုဂ္ဂိုလ်တဦး ဒါမှမဟုတ် အဖွဲ့အစည်းတခုရဲ့ နိုင်ငံရေးအာဏာရလိုမှုနဲ့ အာဏာခိုင်မြဲလိုမှုတို့ တဆက်တစပ်တည်း ရှိခဲ့တယ်။ အဲလို အာဏာရယူလိုမှု အာဏာမြဲမြံလိုမှု ဆိုတဲ့ မဆင်မခြင်လုပ်ဆောင်မှု ကွက်ကွက်လေးကြောင့် နောင်လာမယ့် မြန်မာပြည်သူ တိုင်းရင်းသားမျိုးဆက်တွေကြားမှာ အမျိုးသားညီညွတ်ရေးပျက်ပြားခဲ့မှုနဲ့ ပညာတတ်တွေ၊ နိုင်ငံရေးအသိပညာရှင်တွေ မျိုးကန်းသွားခဲ့တဲ့ အနေအထားတွေကို ကျနော် တွေးမြင်မိသလို ဖော်ပြချင်ပါတယ်။ 

အကြောင်းမသိတော့ 

လွတ်လပ်ရေးတိုက်ပွဲကာလကနေ ၁၉၄၇၊ ဇူလိုင် ၁၉ လုပ်ကြံမခံရခင်အထိ ဗိုလ်ချုပ်အောင်ဆန်း (ဖဆပလ ခေါင်းဆောင် ဦးအောင်ဆန်း)ဟာ မြန်မာ့နိုင်ငံရေးလောကမှာ ဘုန်းမီးနေလတောက်နေသူဖြစ်တယ်။ သူ့ရဲ့ရိုးသားမှုနဲ့ ကိုယ်ကျင့်တရား၊ တိုင်းပြည်အပေါ် စေတနာမှန်မှု၊ ဉာဏ်အမျှော်အမြင်ကြီးမားမှုကို ပြည်သူတွေက လေးစားမြတ်နိုးခဲ့တယ်။ ဒီအတွက်လည်း အာဏာကို ဖြတ်လမ်းကရလိုသူရဲ့ မလိုမုန်းထားမှုကို ခံရတယ်။ လုပ်ကြံသူခေါင်းဆောင် လင်္ကျာနိုင်ငံရေးသမား ဂဠုန်ဦးစော(၁၉၀၀-၁၉၄၈) ဟာ ဦးအောင်ဆန်းရဲ့ အဓိက အားပြိုင်ဘက်ဖြစ်တယ်။ ပညာတတ်တယောက်လည်းဖြစ်တဲ့ ဦးစောဟာ သူရိယသတင်းစာကို ထူထောင်သူလည်းဖြစ်ပြီး မျိုးချစ်ပါတီခေါင်းဆောင်လည်း ဖြစ်တယ်။ 

ဗိုလ်ချုပ်ထက် ၁၅ နှစ်ကြီးပြီး နိုင်ငံရေး သဘာရှိတဲ့ ဦးစောဟာ ၁၉၄၀ ကနေ ၁၉၄၂ ထိ နန်းရင်းဝန်ရာထူးရခဲ့ဖူးပေမယ့် ဒုတိယကမ္ဘာစစ်တလျှောက်လုံးနဲ့ လွတ်လပ်ရေးအကြိုကာလ လူငယ်နိုင်ငံရေးသမား တော်လှန်ရေးသမားတွေ အင်္ဂလိပ်နဲ့ ဂျပန် နယ်ချဲ့ကျွန်ဘဝကနေ ကျားကုပ်ကျားခဲ ရုန်းကန်လှုပ်ရှားနေတဲ့အချိန် (၁၉၄၂-၁၉၄၆) မှာ ဦးစောဟာ ယူဂန်နာနိုင်ငံမှာ ထိမ်းသိမ်းခံနေရတယ်။ မြန်မာ့နိုင်ငံရေး ရေစီးကြောင်းနဲ့ အဆက်ပြတ်နေတော့ အဲဒီတုန်းက နိုင်ငံတကာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲနဲ့အညီ မြန်မာ့လွတ်လပ်ရေးအတွက် ဟန်ချက်ညီလှုပ်ရှားနေတဲ့ မြန်မာ့မျိုးချစ် ပညာတတ် နိုင်ငံရေးသမားတွေ ဦးမော့လာတာကို မျက်ခြေပြတ်နေတယ်။ 

သခင်အောင်ဆန်းအပေါ် ပြည်သူတွေ ဘယ်အထိ ထောက်ခံအားပေးနေတယ်ဆိုတာကို သတိမထားမိတဲ့ ဦးစောဟာ အတက်အကျ နိုင်ငံရေးရဲ့တရားသဘောကို မဆင်ခြင်နိုင်ခဲ့ဘူး။ တိုင်းတပါးနယ်ချဲ့အောက်မှာပဲ ရာထူးလက်ခံခဲ့သူတယောက်အဖို့ သူနဲ့ အတွေးအခေါ်ချင်း ကွာဟနေပြီး လူငယ်ခေါင်းဆောင်တွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမှု ခေတ်သစ်နိုင်ငံရေးအပြောင်းအလဲကို နားမလည်နိုင်ခဲ့ဘူး။ သူ့ခေတ်ရှိနေတယ်လို့ပဲ မှတ်ထင်ယူဆပုံရတယ်။ ဒါကြောင့်လည်း ရာဇဝင်ရိုင်းတဲ့ လုပ်ကြံမှုကြီးကို အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်။ 

မတူညီတဲ့ နိုင်ငံရေးအမြင်နဲ့ ပန်းတိုင် 

၁၉၃၆ ဖေဖဝါရီလ ဒုတိယအကြိမ် ကျောင်းသားသပိတ်ကနေ နိုင်ငံရေးတက်ကြွတဲ့ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ်တို့ကို ခေါင်းဆောင်တွေအဖြစ် မွေးထုတ်ပေးလိုက်တယ်။ (သမဂ္ဂ မဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းရဲ့ အယ်ဒီတာကျင့်ဝတ် ခိုင်မာမှုကြောင့် ဖြစ်တယ်။ အိုးဝေညိုမြက တက္ကသိုလ်အာဏာပိုင်တွေကို ပြက်ရယ်ပြုထားတဲ့ Hellhound at Large (ငရဲခွေးကြီး လွတ်နေသည်) ဆောင်းပါးရှင်နာမည်မဖော်လို့ အယ်ဒီတာကို ကျောင်းထုတ်ရာက သပိတ်စတင်တယ်) အဲဒီနောက် All Burma Student’s Union ( ဗကသ)ကို ဖွဲ့စည်းခဲ့ပြီး ကျောင်းသားနိုင်ငံရေးကနေ တက္ကသိုလ်ပြင်ပအသင်းအဖွဲ့တချို့နဲ့ချိတ်ဆက်ပြီး အမျိုးသားနိုင်ငံရေး (လုံးဝ လွတ်လပ်ရေး) အထိ ခြေဆန့်သွားတယ်။ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ဖိနှိပ်မှု မတရားခေါင်းပုံဖြတ်မှုကို အံတုဆန့်ကျင်ကြတဲ့ အလုပ်သမားနဲ့ လယ်သမားသပိတ်၊ ကျောင်းသားသပိတ်တွေကို ဦးဆောင်လာတယ်။ အသက်ငယ်ပေမယ့် နိုင်ငံရေးလှုပ်ရှားမှုနယ်ပယ်ကနေ ရင့်ကျက်မှုတွေရခဲ့တယ်။ 

စစ်ကြိုခေတ်ကာလ လူငယ်နိုင်ငံရေးသမားတွေက တို့ဗမာအစည်းအရုံးကို ဖွဲ့စည်းပြီး လွတ်လပ်ရေးအတွေးအခေါ်တွေ ဖြန့်ကျက်နေချိန်မှာ ဦးစောတို့လို လူကြီးနိုင်ငံရေးသမားတွေက ကိုလိုနီ အုပ်ချုပ်ရေးယန္တရားအောက်က အာဏာခွဲဝေမှုနဲ့ အာဏာချိန်ခွင်လျှာညှိမှု နိုင်ငံရေးပဋိပက္ခတွေကြား နစ်မြုတ်နေကြတယ်။ ဦးစောကိုယ်တိုင် နန်းရင်းဝန်ဖြစ်နေစဉ်ကာလမှာ ဗြိတိသျှ အာဏာပိုင်တွေက သူ့ရဲ့ ကိုလိုနီရုပ်သေးအစိုးရတွေကို အထူးအာဏာကုန် လွှဲအပ်ထားတဲ့ Defence of BurmaRules (မြန်မာ့စည်းမျဉ်းဥပဒေသများကို ကာကွယ်သည့်ဥပဒေ) ကို အခွင့်ကောင်းယူပြီး တို့ဗမာအစည်းအရုံးလှုပ်ရှားမှုတွေကို တရားမဝင်ကြောင်းကြေငြာပြီး သခင်နိုင်ငံရေးသမားတွေ၊ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီးပြီး တိုင်းပြည် ဆူပူလှုံ့ဆော်မှုနဲ့ တရားစွဲ ထောင်ချတယ်။ 

အဲဒီတုန်းက အာဏာရှင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဦးစောဟာ သူ့နဲ့နီးစပ်ပြီး သူ့ကိုထောက်ခံခဲ့တဲ့ စီးပွားရေးသမား၊ နိုင်ငံရေးသမားတွေကို ဘွဲ့ထူး၊ ရာထူးနဲ့ အခွင့်အရေးတွေပေးပြီး ဆုချစည်းရုံးခဲ့တယ်။ ဗြိတိသျှ ဘုရင်ခံ ဆာရယ်လ်ဂျီနယ်လ်ဒေါ်မန်စမစ် (Sir Reginal Dorman- Smith) ထက် အသက်တနှစ်ထဲငယ်တဲ့ ဦးစောတို့ မိတ်ဆွေရင်းတွေလို ဆက်ဆံခဲ့ပြီး ဦးစောရဲ့ ဘုရင်ခံသက်တမ်း ၅ နှစ် တိုးပေးခဲ့တယ်။ လန်ဒန်ကိုဖိတ်ပြီး ဆာဝင်စတန်ချာချီ (Sir Winston Churchill) နဲ့ ခေါင်းဆောင်ကြီးတွေကို တွေ့ပေးဖို့ ဖိတ်ခဲ့တယ်။ ဗြိတိသျှတွေ စစ်နိုင်ရင် မြန်မာပြည်ကို လွတ်လပ်ရေးကြေညာပေးဖို့ တောင်းဆိုမယ်လို့ ကြံရွယ်ထားတဲ့ ဦးစောဟာ လက်တွေ့မှာတော့ ဝန်ကြီးချုပ် ချာချီရဲ့ အနောက်နဲ့ ဥရောပ မဟာမိတ်တပ်တွေ အောင်ပွဲရရေးအတွက် အလုပ်ရှုတ်နေသလို ချာချီရဲ့ ကိုလိုနီနိုင်ငံများအပေါ်ထားရှိတဲ့ တင်းမာတဲ့ ရပ်တည်ချက်တွေကို မြင်လိုက်ရတော့ မူလစိတ်ကူးထားတဲ့ လွတ်လပ်ရေးပေးဖို့ ပြည်သူ့ဆန္ဒတွေပြောဖို့ နတ်ဆွံ့ပြီး ပန်လာခဲ့ရတယ်။ 

ဦးစောက ဗြိတိသျှ ဓနသဟာရနိုင်ငံအတွင်းက ဒိုမီနီယံအဆင့်လောက်သာရှိတဲ့ အုပ်ချုပ်ရေးကိုတောင်းဖို့ ပြင်နေတဲ့အချိန် သခင်အောင်ဆန်းတို့ မျိုးချစ်လူငယ်တွေက လုံးဝလွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ဖို့ ပြင်ဆင်နေပါတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ ဒေါက်တာဗမော်တို့လို လူကြီးနိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းပြီး ဗမာ့ထွက်ရပ်ဂိုဏ်း (Freedom Bloc) လို ကျယ်ပြန့်တဲ့ မဟာမိတ်တပ်ပေါင်းစုကြီးကိုဖွဲ့စည်းပြီး လုံးဝ လွတ်လပ်ရေးကို ဦးဆောင်နေတယ်။ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းနဲ့ လူငယ်ခေါင်းဆောင်များဟာ အိန္ဒိယက မဟတ္တမဂန္ဒီနဲ့ တွေ့ဆုံခဲ့သလို ကွန်ဂရက်ခေါင်းဆောင် ပဏ္ဍစ်နေရူး၊ ဆူဘတ်စ်ချန်ဒရာဘို့စ်တို့နဲ့ လွတ်လပ်ရေးအတွက် ပူးပေါင်းအားထုတ်နေတယ်။ 

ဦးစောနဲ့ သခင်အောင်ဆန်းတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်မတူညီမှုသလို ပြည်သူတွေရဲ့ထောက်ခံမှုလည်း ကွာဟခဲ့ပါတယ်။ ပြည်သူတရပ်လုံးရဲ့ဆန္ဒနဲ့ တထပ်တည်းကျအောင် အကောင်အထည်ဖော်ပေးနိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးလှုပ်ရှားမှုဟာ ပြည်သူရဲ့ တခဲနက်ထောက်ခံမှုကို ရခဲ့တယ်။ 

ဗိုလ်ချုပ်နဲ့ အာဇာနည်တွေ လုပ်ကြံမှုကို အတော်များများက ရေးသားဖော်ပြပြီးဖြစ်လို့ ဒီ ဆောင်းပါးမှာ မဖော်ပြလိုပါ။ ဗိုလ်ချုပ်အောင်ဆန်းအလွန်ကာလ တစိတ်တပိုင်းကိုသာ ဆွေးနွေးလိုပါတယ်။ 

ဆုံးရှုံးမှု 

ဗိုလ်ချုပ်တို့ဆုံးရှုံးမှုဟာ လွတ်လပ်ရေးအတွက် လှေလှော်ကောင်းတုန်း တက်ကျိုးသလိုပဲလို့ ဥပမာပေးကြတယ်။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်တခုလုံး ယိမ်းခါခဲတယ်။ ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးရဖို့ ဦးဆောင်ခဲ့သူသာမက နှစ်ပေါင်းများစွာ ကစဥ့်ကလျှားဖြစ်နေတဲ့ တိုင်းရင်းသားပေါင်းစုံ ညီညွတ်ရေးကို အကောင်အထည်ဖော်ခဲ့သူလည်း ဖြစ်တယ်။ တနည်းပြောရရင် နှလုံးရည်နဲ့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်သွားခဲ့သူဖြစ်တယ်။ ပဒေသရာဇ်ခေတ် အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ဟာ နိုင်ငံတော်ကို အင်အားပြပြီး လက်နက်နဲ့ စည်းရုံးခဲ့တာဖြစ်တယ်။ 

တိုင်းရင်းသားတွေဘက်ကကြည့်ရင် အားမတန်လို့ မာန်လျှော့ရတာ ဖြစ်တယ်။ ဒီကနေ့ ပြင်ဦးလွင် စစ်တက္ကသိုလ်နဲ့ နေပြည်တော်က မင်းကြီး ၃ ပါး ရုပ်ထုဟာ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့သူ၊ မဟာဗမာ အတွေးအခေါ်ရှိသူတွေအတွက် ဝင့်ကြွားဂုဏ်ယူစရာဖြစ်နေပေမယ့် တိုင်းရင်းသားလူမျိုးစုတွေအတွက်တော့ လက်နက်အားကိုးနဲ့ မိမိတို့ အချုပ်အခြာအာဏာကို သိမ်းပိုက်ခဲ့တဲ့ ပဒေသရာဇ်ခေါင်းဆောင်တွေလို့ မြင်နေတုန်းပါ။ 

ဒါပေမယ့် ၁၉၄၇ ဖေဖဝါရီတုန်းက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရှမ်းတောင်တန်းပေါ်တက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့အတူ သဘောတူ စိုက်ထူလိုက်တဲ့ ပင်လုံကျောက်စာတိုင်ကိုတော့ သူတို့ရဲ့ ခန္ဓာအစိတ်အပိုင်းတခုလို မြင်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ စတုတ္ထနိုင်ငံတော်ကို ထူထောင်ရာမှာ လက်ရုံးရည်သက်သက်နဲ့မဟုတ် နှလုံးရည်နဲ့ပါ ထူထောင်ခဲ့သူဖြစ်တယ်။ တိုင်းပြည်လွတ်လပ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့ အရေးပါတဲ့အဆင့်တိုင်းကို ဆွေးနွေးညှိနှိုင်းမှု (Dialogue)တွေနဲ့ အရယူခဲ့တာဖြစ်တယ်။ 

အာင်ဆန်း တန်ဖိုး 

ဒီကနေ့ ဦးသိန်းစိန် အစိုးရခေတ်မှာတောင် ဗိုလ်ချုပ်အောင်ဆန်းလို အောင်မြင်တဲ့ရလဒ်ကို မတွေ့ရသေးဘူး။ တိုင်းရင်းသားခေါင်းဆောင်တွေ ဗိုလ်ချုပ်ကို ချစ်ကြည်လေးစားမှုနဲ့ ယုံကြည်မှုရှိတာဟာ သူ့ရဲ့ နိုင်ငံရေးပရိယာယ်မပါတဲ့ လုပ်ရပ်နဲ့ သွေးရင်းညီနောင်လို သဘောထားတဲ့ စိတ်စေတနာနဲ့လည်း သက်ဆိုင်တယ်။ ဒီတကြိမ်မညီရင် ဗြိတိသျှ ကျွန်ဘဝကို နောက်တခါပြန်ရောက်မယ်ဆိုတဲ့စိုးရိမ်မှုက ပြည်ထောင်စုစိတ်ဓာတ်ပေါ်လာဖို့ တွန်းအားတွေဖြစ်ခဲ့တယ်။ နယ်ချဲ့ရဲ့ သွေးခွဲမှုနဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ ပြည်နယ်ပြည်မ တန်းတူညီတူအခွင့်အရေးဆိုတဲ့ အကျိုးစီးပွားပေါ် အတူတူရပ်ခဲ့ကြတယ်။ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဆိုတာ လွတ်လပ်ရေးအကြို မြန်မာပြည်နိုင်ငံရေးမှာ တန်ဖိုးအမြင့်မားဆုံးအဖြစ် တည်ရှိခဲ့တယ်။ 

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲရတာဟာ မြန်မာပြည်အတွက် အစားထိုးမရနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်ကို ဆုံးရှုံးခဲ့ရုံမကဘူး တိုင်းရင်းသား သွေးစည်းညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ပါဆုံးရှုံးဖို့ အခြေအနေတွေ ဖြစ်သွားခဲတယ်။ 

ကျနော် အလယ်တန်းကျောင်းသားဘဝက ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ် ရှမ်းသူပုန်ဘဝက သီဆိုခဲ့တဲ့ ရှမ်းပြည်လွတ်မြောက်ရေးအတွက် စည်းရုံးတဲ့ ရှမ်းသီချင်းတပုဒ် ကြားဖူးတယ်။ အဲဒီသီချင်းစာသားမှာ “ဗိုလ်ချုပ်ပေးခဲတဲ ကတိတွေကို… ဗိုလ်ချုပ်နဲ့အတူ သင်္ဂြိုဟ်လိုက်ပြီလား” လို့ ပါတယ်။ ဒီသီချင်းကို ရှမ်းပြည်က ကျနော်တို့မြို့မှာကျင်းပတဲ့ ရှမ်းအမျိုးသားဆိုင်ရာ ပွဲလမ်းသဘင်တွေမှာ မကြာခဏ ကြားရလေ့ရှိတယ်။ ရှမ်းပြည်သူတွေစိတ်မှာ ဗမာတွေ ကတိကဝတ်ပျက်တယ်ဆိုတဲ့ခံစားမှုတွေ ရှိခဲ့ကြတယ်။ “လွတ်လပ်ရေးရလို့မှ ၁၀ နှစ်အတွင်း အတူတူနေလို့မရရင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင်ရှိတယ်” ဆိုတဲ့ ပင်လုံစာချုပ်ပါကတိကို သူတို့ မမေ့ဘူး။ ဖယ်ဒရယ်ပြည်ထောင်စုအပေါ် ကိုယ်လိုရာ ကောက်ချက်တွေဆွဲ၊ အဓိပ္ပာယ်တွေဖော်ပြီး စစ်အာဏာသိမ်းခဲ့တာကိုလည်း သူတို့ မမေ့ဘူး။ 

အရှုံး နှစ်ခါပေါ် 

လွတ်လပ်ရေးရခဲ့ပေမယ့် ပြည်တွင်းစစ်နဲ့အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလည်း တစတစ အက်ကွဲလာတယ်။ ဖယ်ဒရယ်မူကို ခွဲထွက်ရေးမူဖြစ်တယ်လို့ မမှန်ကန်တဲ့ဝါဒဖြန့်မှုဟာ တိုင်းရင်းသားများနဲ့ ညီညွတ်ရေးတည်ဆောက်ရာမှာ အထိနာစေတယ်။ ၁၉၆၂ ခုနှစ် ဦးနေဝင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့ ပင်လုံအနှစ်သာရလည်း ပျက်ဆီးသွားသလို ပြည်ထောင်စုရဲ့ အနှစ်သာရလည်း ပြိုကျသွားခဲ့တယ်။ လက်နက်နိုင်ငံ ထူထောင်အုပ်ချုပ်မှုကြောင့် အမျိုးသားညီညွတ်ရေးဟာ ရှေ့ဆက်မတိုးနိုင်သလို ပဒေသရာဇ်ခေတ်ထက် အနည်းငယ်သာတဲ့ ခေတ်နောက်ပြန်ဆွဲ အာဏာရှင်စံနစ်အောက်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ ဟန်ဆောင်ပြုံးဖြီးပြတဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲမှာပဲ ရှိခဲ့တယ်။ ဖယ်ဒရယ်မှုကြောင့် ပြည်ထောင်စုကြီး ပြိုကွဲနိုင်တယ်လို့ ဝါဒဖြန့်နေတဲ့ မဆလ ခေတ်ထဲမှာတင် ပြည်ထောင်စုစိတ်ဓာတ်တွေ ပျက်ပြယ်သွားခဲ့တယ်။ ပင်လုံသဘောတူညီချက်ကို အသိအမှတ်မပြုချင်တာကြောင့် တိုင်းရင်းသားညီညွတ်ရေး ပြိုကွဲတာဟာ ပထမ အရှုံး ဖြစ်တယ်။ 

ဒုတိယအရှုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်းနဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ခဲ့တာပဲဖြစ်တယ်။ ဦးနေဝင်းရဲ့ တပါတီ အာဏာရှင်စနစ်ထဲမှာတင် သူဟာ တပ်မတော်ရဲ့ ဒုတိယဖခင်သဖွယ် ဝါဒဖြန့်ရေးသားပြောဆိုလာတယ်။ 

၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အခန်းကဏ္ဍကို ပေါ်ပေါ်ထင်ထင် ဖျောက်ဖျက်လာပါတယ်။ ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားမှုကလည်း ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ရုံးခန်းတွေကနေ ဖြုတ်ချလိုက်တဲ့အထိ ဖြစ်သွားစေတယ်။ တကယ်တော့ ဗိုလ်ချုပ်ရဲ့သမိုင်းကို ဖျောက်နေတာဟာ ပင်လုံသမိုင်း၊ ပြည်ထောင်စုသမိုင်းကို ဖျောက်ဖျက်တာနဲ့အတူတူပဲလို့ တိုင်းရင်းသားခေါင်းဆောင်တွေက ယူဆနေကြတယ်။

မန်မာ့တပ်မတော် သိပ္ပံနဲ့ နည်းပညာ သုသေသန ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့တန်ဖိုးဟာ ပြည်ထောင်စု တိုင်းရင်းသားများရဲ့တန်ဖိုးနဲ့ ထပ်တူထပ်မျှကျနေတယ်လို့ သုံးသပ်ပြောဆိုခဲတယ်။ “ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားရေး၊ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားစုံ ညီညွတ်ရေးအတွက်အရေးပါတဲ့ သင်္ကေတတခုလိုဖြစ်နေတယ်၊ မြန်မာနိုင်ငံမှာ ပြည်ထောင်စုစနစ်နဲ့ တိုင်းရင်းသားချစ်ကြည်မှုကို တည်ဆောက်နိုင်တာ ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်တယ်၊ ဗိုလ်ချုပ်သမိုင်း ပျောက်နေတာဟာ ပင်လုံ ပျောက်တာ၊ ပြည်ထောင်စုစံနစ် ပျောက်တာ၊ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းတည်ဆောက်ထားတဲ့ ညီညွတ်ရေးပျောက်သွားတာ ဖြစ်တယ်” 

ဗိုလ်ချုပ်လမ်းစဉ်ကို အကောင်အထည်ဖော်ပါ 

နအဖ ခေတ်ထဲမှာ ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ စာအုပ်တွေတောင် ရှားပါးလာတယ်။ တပ်မတော် စာကြည့်တိုက်မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပေါင်းချုပ်စာအုပ် အပါအဝင် ဗိုလ်ချုပ်အကြောင်းရေးထားတဲ့စာအုပ်တွေ မတွေ့ရဘူးလို့လည်း ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ဆိုတယ်။ “ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဆက်ပြတ်ခဲ့တယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဝေးရင် ပြည်ထောင်စုနဲ့ဝေးမယ်၊ ပြည်ထောင်စုနဲ့ဝေးရင် အမျိုးသားညီညွတ်ရေးရဲ့ အုတ်မြစ်ဖြစ်တဲ့ ပင်လုံစိတ်ဓာတ်နဲ့ ဝေးသွားတာဖြစ်တယ်။ ပင်လုံနဲ့ဝေးလို့ ပြည်တွင်းစစ်တွေနဲ့ ငြိမ်းချမ်းရေး ပျောက်ခဲရတယ်” လို့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ကောက်ချက်ချခဲ့တယ်။ 

အခု သမ္မတဦးသိန်းစိန် အစိုးရအုပ်ချုပ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံရဲ့တန်ဖိုးကို သိနားလည်ဟန် ပြလာတယ်။ ဗိုလ်ချုပ်ဓာတ်ပုံကို လူမြင်ကွင်းမှာချိတ်ဆွဲပြီး ရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်လုပ်လာပါတယ်။ မြန်မာပြည်အနာဂတ်အတွက် တကယ်လိုအပ်တာက ဓာတ်ပုံသက်သက် မဟုတ်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးဖို့ဖြစ်တယ်။ အနှစ်၅၀ကျော် ဆုံးရှုံးလက်လွှတ်ခဲ့ရတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားညီညွတ်ရေးနဲ့ ပင်လုံစိတ်ဓာတ်ကို ဗိုလ်ချုပ်လမ်းစဉ်နဲ့အညီ ပြန်လည် အသက်သွင်းပေးဖို့သာ ဖြစ်တယ်။ ။ 

ကိုညို 

ယခုလ (ဇူလိုင်) နွယ်နီမဂ္ဂဇင်းသို့ ပေးပို့ထားသော ဆောင်းပါး 


 

No comments: