Thursday, July 25, 2013

နှစ်ကုန်တွေ ခေတ်ကုန်တွေ လေကုန်ခံမနေနဲ့၊ လွတ်ငြိမ်းချမ်းသာခွင့်စစ်စစ် ကြေညာ (ဟံသာဝတီ ဦးဝင်းတင်)

“ယခုနှစ်ကုန်ချိန်တွင် မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှမကျန်အောင် ဆောင်ရွက်သွားမည်” 

ဒါက မိုးပေါ်ကကျလာတဲ့ စကားတွေဗျ။ မိုးပေါ်ကဆိုတာ စလောင်းကတစ်ဆင့်၊ ရုပ်သံလွှင့်လိုင်းတွေကလာတဲ့ သတင်းကိုပြောတာ။ ဗြဟ္မာ့ပြည်ကလာတဲ့ အသံလို့လည်း ထင်မနေနဲ့ဦး။ ပြီးတော့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်း နှုတ်ခမ်းချင်းထိမိမှ တကယ်ဟုတ် အလုပ်ဖြစ်မယ့် သတင်းစာလွှာပါလို့လည်း လေပုပ်မထုတ်နဲ့။ 

ဒီစကားက ကျုပ်တို့ရဲ့ အချော်တစ် အချစ်တော် သမ္မတကြီးကိုယ်တိုင် ပြောတဲ့စကားဗျ။ ဘယ်မှာပြောလဲတော့ မမေးနဲ့။ ကျုပ်လည်း မသိဘူး။ သမ္မတကြီးက ကမ္ဘာရိုးကိုးပေါက် နိုင်ငံတကာလှည့် လက်ဝါးဖြန့် (အဲလေ ယောင်လို့) ဝါဒဖြန့်တာလည်း မဟုတ်သေးဘူး။ ခြေစကြာဖြန့်နေတာဆိုတော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိဘူး။ အသံညှောင်ညှောင်ကို ကျုပ်ကိုယ်တိုင် နားထောင်လိုက်တာဗျို့။ 


ကာင်းလိုက်တာဗျာ။ ကျုပ်ကတော့ တစ်ခါတည်း အာဖြဲအော်မိလိုက်သဗျ။ ဝမ်းစမိုးတွေ၊ အန်ကိုးတွေ အင်္ဂလိပ်လိုရော၊ ပြင်သစ်လိုရော အော်မိတယ်။ နောက်တစ်ကျော့ ထပ်ကြိတ်လိုက်ပါဦးဗျို့လို့ အားပေးတာပေါ့ဗျာ။ 

လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ အင်ဒိုနီးရှားရောက်တုန်း မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား တစ်ကောင်တစ်မြီးမှ မရှိဘူး။ ပြစ်မှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ကောင်တွေပဲရှိတယ်လို့ ပြောခဲ့တာ ဘယ်သူလဲ။ ကျုပ်တို့ သမ္မတကြီးပေါ့ဗျာ။ ဟော အခုတစ်ခါ “မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ မကျန်အောင် ဆောင်ရွက်သွားမည်” လို့ ပြောတာကကော ဘယ်သူလဲ။ ကျုပ်တို့ရဲ့သမ္မတကြီး ဦးသိန်းစိန်ပဲပေါ့ဗျာ။ 

ထားပါလေ။ ကျုပ်ကတော့ ဝမ်းသာသဗျာ။ သတင်းထောက် ‘ထောက်ကျင့်’ လေးက ကျန်နေသေးလို့ ပါးစပ်ကတော့ “တကယ်လားဗျ” လို့ လွှတ်ခနဲ ထွက်သွားမိတာပေါ့။ အားနာလိုက်တာဗျာ။ ကျုပ်တို့သမ္မတကြီးက အတည်ပေါက်ကြီး ပြောတာဗျ။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေရဲ့ရုံးမှာ သွားပြောတာဗျ။ ဟုတ်လို့ပြောတာ ဖြစ်မှာပေါ့။ 

အစိုးက လုပ်နေတယ်လေ။ ဘာတဲ့။ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးအဖွဲ့ဆိုလား။ ဝန်ကြီးတစ်ပါး ခေါင်းဆောင်တယ်။ နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းတွေက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ကိုယ်တိုင်ပါဝင်တယ်။ သူတို့က ထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်မယ်။ လွှတ်မယ်ပေါ့။ စိစစ်မယ်ဆိုတော့ လွှတ်တဲ့နေရာမှာ ကျန်တာတွေရှိမယ်။ ကျန်ကောင်းကျန်မယ်ပေါ့။ ဒါကြောင့် ကျုပ်က လျှာရှည် မေးခွန်းထုတ်နေမိသပေါ့။ 

ကျုပ်သဘောပြောရမယ်ဆိုရင် သမ္မတကြီးရယ်...တစ်ယောက်မကျန်အားလုံးသာ လွှတ်ပေးလိုက်ဗျာ။ နှစ်ကုန်တွေ၊ ခေတ်ကုန်တွေ လေကုန်ခံမနေပါနဲ့။ စိစစ်တွေ၊ ညှိညစ်တွေ ထားလိုက်ဗျာ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် (၄၀၁ လွတ်ငြိမ်းသက်သာခွင့် မဟုတ်ဘူးနော်) ပေးသာပေးလိုက်ပါဗျာ။ သမ္မတကြီးအပေါ်က လူကြီးတွေ(ကာလုံကြီး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကြီး) က မီးစိမ်းပြရင်ပေါ့လေ။ 

ဒါမှ… ဒါမှ ပြည်သူတွေကလည်း တောင်းဆို၊ နိုင်ငံရေးအင်အားစုတွေကလည်း လိုလား၊ တိုင်းရင်းသားထုကလည်း မျှော်လင့်ကြတဲ့၊ အမျိုးသားပေါင်းစည်းသင့်မြတ်ရေးဆိုတဲ့ နိုင်ငံရေးပန်းတိုင်ကြီးဆီကို ချီတက်နိုင်ကြမယ်။ ဒီမိုကရေစီ တည်ဆောက်မှုလုပ်ငန်းတွေမှာ နိုင်ငံရေးအင်အားစုတွေအားလုံး ပါဝင်လက်တွဲနိုင်ကြမယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ တစ်ကမ္ဘာလုံးဝိုင်းထိုးနေကြတဲ့ လက်ညှိုးတွေ ရုပ်ကြလိမ့်မယ်။ 

တကယ်တော့ သမ္မတကြီးရယ်...၊ မှူးကြီးတွေ၊ ချုပ်ကြီးတွေ၊ ချုပ်မှူးကြီးတွေ ကျူးလွန်ခဲ့ကြတဲ့ သမိုင်းပြစ်မှုကြီးတွေဟာ ဒီလောက်လုပ်ပြရုံနဲ့ ပြေနိုင်တဲ့ အာပတ်မဟုတ်ဘူး။ အကျဉ်းထောင်လူ့ငရဲကိစ္စလေးလောက် ပြေရင်ကို အာကာကိုလွှာပုံပြု မေရုစုတ်တံချီရမယ်။ လူ့အခွင့်အရေး ချိုးမှုမော်ကွန်းကြီးတွေကို စာစီကုံးရင်လည်း ဆုံးနိုင်ဖွယ်မရှိဘူးဗျာ။ ဟိုသီချင်းစာသားလေး နားစွန်နားဖျားကြားဖူးမှာပေါ့။ “ပေတစ်ရာပေါ်မှာ ပြည်သူ့အလောင်းတွေ” ဆိုတာလေ။ ရှိသေးတယ်၊ ရှိသေးတယ်။ “သံတိုင်ကွယ်မှာ ပြည်သူ့ငရဲတွေ” ဆိုတာမျိုးတွေပေါ့။ 

သမ္မတကြီး ကမ္ဘာလှည့်ပြီး တစ်-နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ နှစ်-စီးပွားရေးတည်ဆောက်မှု၊ သုံး-ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုတဲ့ ကိစ္စကြီးသုံးရပ်ကို အာပေါက်အောင် အော်ရှင်းနေတာကို ကျုပ် ပြိုင်ပြောနေတာ မဟုတ်ပါဘူး။ ဒီအကျဉ်းထောင် ငရဲခန်းတွေကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေကိစ္စဆိုတာတွေကလည်း သမ္မတကြီးရဲ့ ကိုယ်ပိုင်ကိစ္စ၊ သမ္မတကြီး ဝိဂြိုလ်ပြုသလို မည်သည့်နိုင်ငံမှာမှ မကြုံဖူးသေးသော ဧရာမကိစ္စကြီး ဖြစ်ပေသဗျာ။ 

မကြုံဖူးတာတွေ ဘာတွေဆိုတာ အသာထား။ ပြဿနာ အညွန့်အညှောက်ပွားပေါက်ပုံက အံ့စရာဗျ။ ဒီရက်ပိုင်းမှာပဲ ကမ္ဘာ့စာနယ်ဇင်းအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ ‘နယ်စည်းမခြား သတင်းထောက်များ’ က သမ္မတကြီးဆီ တောင်းဆိုစာပို့ထားတယ် မဟုတ်လား။ အကျဉ်းထောင်တွေမှာ အသက်နဲ့ကိုယ် အိုးစားကွဲခဲ့ရသူတွေ (စာရေးဆရာ မောင်သော်က၊ မုံရွာတင်ရွှေ စတဲ့ ပုဂ္ဂိုလ်ကျော်တွေ) ရဲ့ ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းရေးဝင်ခိုင်းနေပြီ မဟုတ်လား။ 

ကဲ… ဒီတော့ သမ္မတကြီးရဲ့ မနည်းမနော ကိုလူချောအသစ်အဟောင်းတွေရဲ့ အဆစ်တောင်း၊ အညစ်ဖောင်း၊ ကလစ်ပြောင်း အကြံဉာဏ်တွေကို ဘေးချိတ်ထားလိုက်ပါဗျာ။ ဖိုးအိုဝမ်း (ပုဒ်မ ၄၀၁) တွေ၊ တစ်မျိုးပိုဆန်းတွေ (ပုဒ်မ ၁၈) မေ့ထားလိုက်ပါဗျာ။ 

ကျုပ်တို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ လူ့အခွင့်အရေးတိုက်ပွဲဝင်တွေ၊ ဒီမိုကရေစီ အရေးတော်ပုံတပ်သားတွေ တမ်းတ၊ တိုက်တွန်း၊ တောင်းဆိုနေကြတဲ့ အစစ်အမှန် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြီးကိုသာ ထုတ်ပြန်ကြေညာတော် မူလိုက်ပါတော့ဗျား။ ။ 

ဟံသာဝတီ ဦးဝင်းတင် 
ဒီလှိုင်းဂျာနယ်။ အတွဲ(၂)၊ အတွဲ(၂၈) 


No comments: