Wednesday, July 24, 2013

ငြိမ်းချမ်းရေး… ဆိုတာ ပျားသကာ (ကိုညို)

ဇူလိုင် ၂၃ ရက်( အင်္ဂါနေ့)က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့တာ ၄၉ နှစ်တိတိပြည့်ပါတယ်။ “ဆရာ မသေခင် ငြိမ်းချမ်းရေးကို မြင်တွေ့သွားချင်တယ်” လို့ ပြောသွားခဲ့ပေမယ့် အခုအချိန်ထိ ဆရာကြီးဆန္ဒက မပြည့်နိုင်သေးပါ။ အဲဒီခေတ်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသွားခဲ့သူတွေကိုယ်တိုင် တဖြုတ်ဖြုတ်နဲ့ ကြွေကုန်ပေမယ့် ပြည်တွင်းစစ်က မပြီးပြတ်နိုင်၊ မြန်မာပြည်ကြီးက မငြိမ်းချမ်းနိုင်။ ပြီးတော့ ငြိမ်းချမ်းရေးဗိသုကာကြီးလို့ ကဗျည်းထိုးခဲ့ပေမယ့် ဆရာကြီးရဲ့ ငြိမ်းချမ်းရေးပေါ်လစီကိုတော့ ဘယ်အစိုးရနဲ့ ဘယ်သူပုန်အဖွဲ့မှ တလေးတစား မြည်းစမ်းရမှန်း ကျင့်သုံးရမှန်းလည်း မသိခဲ့ကြ။

နိုင်ငံတကာ ပဋိပက္ခတွေ၊ ပြည်တွင်းစစ်တွေကို လေ့လာကျမ်းပြုခဲ့တဲ့ ပညာရှင်ကြီးတွေ၊ ပရောဟိတ်ကြီးတွေ၊ နိုင်ငံရေး သုခမိန်ကြီးတွေကလည်း ကျမ်းအဆူဆူ ဖွတ်ဖွတ်ကြေလို့၊ ပါးစပ်က အမြှုပ်ထွက်အောင် ငြိမ်းချမ်းရေးစကား အသွင်သွင် ပြောနေ ဆွေးနွေးနေပေမယ့် မြန်မာပြည်က ငြိမ်းချမ်းရေး ချိုးငှက်ငယ်ခမျာ… အနားမကပ်နိုင်သေး။

သူမနာ၊ ကိုယ်မနာ ဒိုင်ယာလော့ခ် 

ဒီကနေ့ မြန်မာ့ငြိမ်းချမ်းရေးသုခမိန်တွေဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်လောက်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဟောပြသွန်သင်ခဲ့တဲ့ ‘သူမနာ၊ ကိုယ်မနာ’ ငြိမ်းချမ်းရေးလမ်းစဉ်ကို အခြေခံလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ သူမနာ၊ ကိုယ်မနာ ငြိမ်းချမ်းရေးမူ အစပြုလာပုံကို ကွယ်လွန်သူ စာရေးဆရာကြီး တော်ဖုရားလေး ဦးအောင်ဇေရဲ့ ‘ဝင်းဝင်း ပေါ်လစီ’ ဆောင်းပါးမှာ ပြောထားတာလေး မှတ်မိနေတယ်။


ဖဆပလ အစိုးရခေတ် ပြည်တွင်းစစ် မငြိမ်းမသတ်နိုင်တဲ့ကာလက ကျင်းပတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတခုမှာ ဆရာကြီးက “မောင်နု… ဖဆပလ အစိုးရကတော့ တလျှောက်လုံး အပြုတ်တိုက်ရေးပဲ၊ အင်္ဂလိပ်နယ်ချဲ့နဲ့ ဂျပန်ဖက်ဆစ်ကို တိုက်တုန်းကတော့ အားလုံးဝိုင်းတိုက်လို့ အောင်မြင်ခဲ့တယ်။ အခုဖြစ်နေတာက ကိုယ့်အချင်းချင်းလေကွာ၊ ကိုယ့်အချင်းချင်း အပြုတ်တိုက်လို့ မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းမှ ဖြစ်မှာ၊ အကောင်းဆုံးနည်းလမ်းကတော့ သူမသာ၊ ကိုယ်မနာ ငြိမ်းချမ်းရေးနည်းလမ်းပဲကွ၊ အဲဒါသဘောတူရင် လုပ်ကြပေါ့ကွာ” လို့ သြဝါဒပေးခဲ့ဖူးတယ်။ အဲဒီနောက် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို သူမသာ၊ ကိုယ်မနာ ငြိမ်းချမ်းတဲ့ တန်းတူညီတူ ပြည်တွင်းငြိမ်းချမ်းရေးမူကို ချမှတ်ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီအချိန် အမှုဆောင်တယောက်က “ဆရာကြီးရဲ့ သူမသာ၊ ကိုယ်မနာ မူအတိုင်း ဖြစ်ကိုဖြစ်ရမယ် ဆရာကြီး” လို့ ဝင်ထောက်ပြီး… “နု-အက်တလီ စာချုပ်ချုပ်ထားတဲ့ ဖဆပလ အစိုးရက မသာ ဖြစ်မှ ပြည်သူတွေ မနာမှာပေါ့ ဆရာကြီး” လို့ ပြောလိုက်တော့ ဆရာကြီး စိတ်မကောင်းဖြစ်သွားတယ်။ “အဲလို ဖြစ်သွားတာကိုး… ဒါဆို ခုချက်ချင်း ပြန်ပြင်မယ်၊ မောင်ရင်တို့ရင်ထဲရှိတာ ပြောလို့ ပြင်ဆင်နိုင်တာဖြစ်တယ်၊ သူမသာ ကိုယ်မနာအစား သူမနာ၊ ကိုယ်မနာ လို့ အခုပဲ ပြင်ဆင်ရေးကွာ”လို့ မှာကြားခဲ့တယ်။

၁၉၉၄ စက်တင်ဘာ ၂၀ မှာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်ခင်ညွန့် ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ သူလည်း အနိုင်၊ ကိုယ်လည်း အနိုင်(Win- Win Policy) ကို ကျင့်သုံးဖို့ ပြည်တွင်းပြည်ပ နိုင်ငံရေးအဖွဲ့အစည်းတွေ အပြင်းအထန် တိုက်တွန်းခဲ့ကြတယ်။ အဲဒီနောက်ပိုင်း ဝင်း-ဝင်း ပေါ်လစီက နိုင်ငံရေးသမားတွေပါးစပ်ဖျား အတော်ရေပန်းစားခဲ့တယ်။ တကယ်တော့ ဝင်းဝင်း ပေါ်လစီက သူ မရှုံး ကိုယ် မရှုံး၊ သူ မနိုင် ကိုယ် မနိုင်ဖြစ်တယ်။ တနည်းပြောရရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လောက်က လမ်းပြခဲ့တဲ့ သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေးပေါ်လစီဖြစ်တယ်။

ရန်ငုတ်မကျန်စေနဲ့ 

ဆရာ ဒဂုန်တာရာကို လာမယ့် သြဂုတ်လ ၁၂ မှာ ကိုးရီးယားနိုင်ငံက ငြိမ်းချမ်းရေးဆုချီးမြှင့်မယ် သတင်းကြားတယ်။

“ရန်သူ မရှိ မိတ်ဆွေသာ ရှိ” “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” ဆိုတဲ့ ဆရာ့စကားတွေကို ဒီကနေ့ ဆရာ ဒဂုန်တာရာ အိပ်ရာထဲ ဘုန်းဘုန်းလဲနေမှ တယ်မှန်ပါလားလို့ ကျနော်တို့ လက်ခံလာကြတယ်။ ဆရာ ဒဂုန်တာရာ ရန်သူ မရှိ မိတ်ဆွေသာ ရှိ မူဝါဒကို စဖော်ထုတ်တဲ့ကာလတွေက ကျနော်တို့တတွေ စစ်အစိုးရအပေါ် ခါးခါးသီးသီးနဲ့ အမှုန့်ချေချင်နေတဲ့အချိန်။ ဆရာက ရန်ကို မိတ်လုပ်ချင်တာ ဖြစ်တယ်၊ စိတ်ထဲမှာ ရန်မမွေးဘူး၊ ရန်သူဆိုတာကို မထားတော့တာဖြစ်ပေမယ့် ကျနော်တို့မှာက ရန်ငုတ်တွေ ကျန်နေခဲ့ကြတယ်။

မဲပြာပုဆိုး ငြိမ်းချမ်းရေး 

ကျနော်တို့ကြီးပြင်းလာတဲ့ ခေတ်ကြီးတလျှောက်လုံး ပြည်တွင်းစစ်ကို ထမ်းပိုးခဲ့ရတယ်။ ကျနော်တို့ လူ့လောကထဲရောက်လာတဲ့ ၁၉၆၂ ဦးနေဝင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဒီကနေ့ထိ သေနတ်သံတွေ၊ အမြောက်သံတွေနဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့အသံကို နှစ်ပေါင်း ၅၀ ကျော်ထိ ကြားနေရတုန်း။ တိုင်းရင်းသားတွေနေထိုင်ရာ ဒေသတွေမှာ ကြုံနေကြတဲ့ စစ်ရဲ့အနိဌာရုံတွေ ကျနော့်မျက်စေ့နဲ့ တပ်အပ်မြင်ခဲ့တယ်။ ကျနော်တို့မျိုးဆက်တွေဟာ စစ်ကို ရွံရှာမုန်းတီးသူတွေ ဖြစ်တယ်။ ကျနော်တို့ဘဝ နေမဝင်ခင် ငြိမ်းချမ်းရေးကို အရလိုချင်တယ်။

ဒါပေမယ့် လက်တွေ့မှာ ကျနော်တို့ရနေတာက မဲပြာပုဆိုး ငြိမ်းချမ်းရေး။ ငြိမ်းချမ်းရေး ဒိုင်ယာလော့ခ်တွေ၊ ငြိမ်းချမ်းရေး သဘောတူညီချက် မူကြမ်းတွေ၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်မှုတွေ၊ အပစ်အခတ်ရပ်စဲတာတွေ အဖန်တရာတေအောင် နားထဲထပ်တလဲလဲ ကြားနေပေမယ့် ကျနော်တို့သာ အသက်တွေကြီး၊ ရောဂါတွေရလာတယ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ရှာမတွေ့။ ငြိမ်းချမ်းရေးရချင်ရင် အာရုံငါးပါးကိုချိုးနှိမ်ပြီး ဝိပ္ပဿနာရှုရတော့မလို၊ စိတ်ပုတီးနဲ့ ရိပ်ကြီးခိုရတော့မလို၊ ဘုရားတရားလိုင်းနဲ့ပဲ ဘဝကို အဆုံးသပ်ရတော့မလို ဖြစ်လာတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ဝေါဟာရကို ရေလဲသုံးပြီး နိုင်ငံရေးမှာ အသုံးချနေတာတွေတော့ တွေ့နေရတယ်။

ရွာလည်နေတဲ့ ငြိမ်းချမ်းရေး 

ဒီကနေ့ ပြည်တွင်းမှာခေတ်စားနေတဲ့ ငြိမ်းချမ်းရေးစင်တာဆိုတာလည်း စလယ်ဝင်အိုး ဖင်မမဲခင် ကွဲမယ့်ကိန်းကို မြင်နေရတယ်။ “ပိုက်ဆံရှာဖို့ ငြိမ်းချမ်းရေးလုပ်တာလား?” “ငြိမ်းချမ်းရေးကို ဒေါ်လာနဲ့လိုက်ဝယ်သူတွေ” လို့ ဝေဖန်သံတွေ လှိုင်လှိုင်ထွက်နေတယ်။ အစောပိုင်း ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းဆုရှင်တယောက်ရှိနေတာကို အသိအမှတ်မပြုလိုတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်မှာ အကပ်မခံခဲ့ဘူး။

ကချင်စစ်ဖြစ်ပွားစကတည်းက ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့ပေမယ့် မသိချင်ယောင်ဆောင် ဖယ်ထုတ်ခဲ့ကြတယ်။ ကချင်စစ်ပွဲနဲ့ ခပ်ခွာခွာဖြစ်အောင်ဖန်တီးပြီး ကချင်တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် အထင်အမြင်လွဲအောင် ဖန်တီးခဲ့တယ်။ နောက်ဆုံးတော့ ငြိမ်းချမ်းရေးက ဘယ်ဆီဘယ်ဝယ်မသိခင် ထောင်သောင်းချီတဲ့ တိုင်းရင်းသားပြည်သူတွေ အိုးအိမ်မဲ့ ဒုက္ခသည်ဘဝက မကျွတ်မလွတ်ဖြစ်နေတယ်။ လက်ပံတောင်းအရေးလိုပဲ မနိုင်မနင်းဖြစ်တော့မှ ငြိမ်းချမ်းရေးစင်တာထဲ ဒေါ်အောင်ဆန်းစုကြည်ကို လူလုံးပြ ဆွဲခေါ်လာပါတယ်။ ဘာတွေဆွေးနွေးတယ်ဆိုတာတော့ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း အသိမပေးရဲဘူး။ ငြိမ်းချမ်းရေးဟာ ပြည်သူတွေနဲ့ မဆိုင်သလို ဖြစ်နေတယ်။ ရွာလည်နေတယ်။

ဆန်ပြုတ်လား၊ စွပ်ပြုတ်လား 

ကျနော်တို့ကြီးပြင်းခဲ့တဲ့ ခေတ်တလျှောက်လုံး အစိုးရကရော၊ လက်နက်ကိုင် သူပုန်တွေကရော၊ ဒီမိုကရေစီတော်လှန်ရေး အဖွဲ့တွေကရော၊ ‘အပြုတ်တိုက်ရေး’ ‘အမြစ်လှန်ရေး’ ‘အပြတ်ရှင်းရေး’ ‘အမျိုးဖြုတ်ရေး’ ဆိုတာတွေကိုပဲ ကြုံးဝါးခဲ့ကြတာ ကြားခဲ့ဖူးတယ်။ တကယ့်တကယ်တော့ ဘယ်သူမှ အမြစ်မပြုတ်ဘဲ ပြည်သူတွေသာ အိုးအိမ်ပြုတ်ပြီး တိုင်းပြည်ကြီးက မျိုးဆက်ပြတ်သွားတာပဲ အဖတ်တင်ခဲ့ကြတယ်။

ကာတွန်းဆရာကြီး ဦးဗဂျမ်းရဲ့ ကာတွန်းတကွက်ကို မျက်စေ့ထဲ ပြေးမြင်မိတယ်။ စင်ပေါ်ကလူတယောက်က သေနတ်ဝှေ့ရမ်းပြီး “အပြုတ်တိုက်မယ်” “အပြုတ်တိုက်မယ်” နဲ့ အော်ဟစ်နေလို့ စင်အောက်ကလူတယောက်က “တချိန်လုံး အပြုတ်တိုက်မယ်၊ အပြုတ်တိုက်မယ်နဲ့ ဒီလူ အတော် စေတနာကြီးပုံရတယ်၊ မေးကြည့်အုံးမှ” လို့ပြောပြီး နောက်ကာတွန်းအကွက်မှာတော့ အဲဒီလူက ထပြီး စင်ပေါ်ကလူကို “ဗျို့... ခေါင်းဆောင်ကြီး… အပြုတ်တိုက်မယ်၊ အပြုတ်တိုက်မယ်ဆိုတော့ ကြက်သားဆန်ပြုတ်လား စွပ်ပြုတ်လား…၊ ခေါက်ဆွဲပြုတ်လား…၊ ကြာဇံပြုတ်လား…” လို့ မေးတဲ့ ကာတွန်းလေးပါ။

အခုတော့ တကယ်ပဲ လက်နက်ကိုင်တွေ ၂ ဖက် အပြုတ်တိုက်ခဲ့ကြလို့ စစ်ပြေးဒုက္ခသည်ပြည်သူတွေ ဆန်ပြုတ်သောက်နေရပါပြီ…။

နာတာရှည်ရောဂါ 

မြန်မာပြည်မှာ ငြိမ်းချမ်းရေးဆိုတာ အာဏာပိုင်ဆိုင်တဲ့အစိုးရရဲ့ လက်နက်တခုလို ဖြစ်မှန်းမသိ ဖြစ်နေတာပါ။ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ နိုင်ငံရေးကစားကွက်တွေ၊ ပယောဂတွေ မပါသင့်ဘူးလို့ပဲမြင်တယ်။ ဒီလောက် အချိန်ကြာ ညှိနှိုင်းဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ရိုးသားမှုမှ ရှိရဲ့လား၊ ဘယ်လိုအကျိုးအမြတ်တွေနဲ့ ဈေးညှိနေကြသလဲဆိုတာ မြေဇာပင်ပြည်သူတွေရဲ့ မေးခွန်းတွေဖြစ်တယ်။

တကယ်တမ်း ငြိမ်းချမ်းရေးကို ပိုင်ဆိုင်တာ အစိုးရလား၊ စစ်တပ်လား၊ တိုင်းရင်းသားလက်နက်ကိုင်တွေလား၊ တိုင်းရင်းသား ပြည်သူတရပ်လုံးလားဆိုတာ ရဲရဲဝံ့ဝံ့ အဖြေရှာရတော့မယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့ စာရွက်ပေါ်မှာ လက်မှတ်ထိုးပြီး ပြေလည်သွားရုံနဲ့ ငြိမ်းချမ်းရေး ရသွားမလားဆိုတဲ့ မေးခွန်းတခု ကျန်သေးတယ်။ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေကြောင့် စိတ္တဇလိုဖြစ်သွားတဲ့ လူမျိုးတမျိုးနဲ့တမျိုးအကြား မုန်းတီး ရွံရှာမှုတွေ သံသယတွေ၊ မယုံကြည်မှုတွေ၊ လက်စားချေလိုမှုတွေ၊ ဆေးဖော်ကြောဖက် မလုပ်ချင်တာ၊ လက်မတွဲချင်တာတွေကို ကုစားဖို့ အချိန်ယူရတော့မယ်။

ဒီကနေ့ ကချင်စစ်ကြောင့် ကချင်လူမျိုးစုတွေ စုစည်းညီညွတ်သွားကြတာ အားရကျေနပ်စရာဖြစ်ပေမယ့် သူတို့အားလုံးမှာ ဘုံရန်သူရှိနေတယ်ဆိုတဲ့အသိက မျိုးဆက်သစ် ကချင်လူငယ်တွေရဲ့ ဦးနှောက်နဲ့ သွေးထဲ အသားထဲအထိ ပျံ့နှံ့သွားခြင်းဟာ ကျနော်တို့အားလုံး အရှုံးပေါ်သွားတာဖြစ်တယ်။ ဗမာတွေဟာ မယုံရဘူးလို့ ဒီကနေ့ တိုင်းရင်းသားလူငယ်တွေအတွေးထဲ ဝင်သွားရင် ဗိုလ်ချုပ်အောင်ဆန်းလုပ်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်တို့၊ ပြည်ထောင်စုစိတ်တို့၊ တိုင်းရင်းညီနောင်တို့၊ တိုင်းရင်းသားညီအကိုမောင်နှမတို့ ဆိုတဲ့ စကားလုံးတွေကို မြန်မာ့သမိုင်းဝေါဟာရထဲကနေ ကျနော်တို့ ဝမ်းနည်းစွာ ဖယ်ထုတ်လိုက်ဖို့ပဲ ကျန်တော့တယ်။

လက်တွေ့မှာ အဲလိုဖြစ်နေတာကို ကျနော်တို့ ဖုံးကွယ်ထားစရာ မလိုဘူး။ စစ်အာဏာရှင်စနစ်နဲ့ အတွေးအခေါ် လုပ်ရပ်တွေက ကျနော်တို့ရဲ့ မျိုးဆက်နဲ့ချီ သွေးခွဲခံလိုက်ရတယ်။ တိုင်းပြည်အတွက် နာတာရှည်ရောဂါတွေ မွေးဖွားပေးလိုက်တယ်။

ငြိမ်းချမ်းရေးရဲ့ ပိုင်ရှင်မှန် 

အမှန်က ငြိမ်းချမ်းရေးရဲ့ ပိုင်ရှင်အစစ်အမှန်ဟာ အစိုးရလည်း မဟုတ်ဘူး၊ လက်နက်ကိုင်သူပုန်တွေလည်း မဟုတ်ဘူး၊ NGO တွေလည်း မဟုတ်ဘူး၊ ပြည်သူတွေသာ ဖြစ်တယ်။

ငြိမ်းချမ်းရေးဟာ ပြည်သူ့ဆန္ဒအတိုင်းသာ ဖြစ်သင့်တယ်၊ ငြိမ်းချမ်းရေးဆိုတာ ဈေးကွက်တခု မဟုတ်၊ တိုင်းရင်းသားပြည်သူ အကျိုးစီးပွားသက်သက်ဖြစ်သင့်တယ်။ တိုင်းရင်းသားပြည်သူဆိုတာကလည်း သီးသန့်လူတန်းစား မဟုတ်ဘူး၊ တပ်မတော်သား၊ ဝန်ထမ်း၊ ကုန်သည် စီးပွားရေးသမား၊ သာမန်အရပ်သားတွေ၊ လယ်သမား အလုပ်သမားတွေ၊ ကျောင်းသားတွေ အားလုံး ပါဝင်နေတယ်။ ငြိမ်းချမ်းရေးမရှိတော့ တကယ်တမ်းနာတာ ပြည်သူတွေသာဖြစ်တယ်။

လွန်ခဲ့တဲ့ကာလတွေက နယ်စွန်နယ်ဖျား မြို့တချို့နဲ့ ငြိမ်းချမ်းမှုမရှိလို့ အညိုရောင်နယ်မြေလို့ သတ်မှတ်ခံထားရတဲ့ မြို့တွေကို ဆန်၊ လောင်စာနဲ့ အခြေခံ စားသောက်ကုန်တွေ လွတ်လပ်လပ် သယ်ဆောင်ခွင့်မရှိဘူး။ ဆန်ဈေးက တမြို့နဲ့တမြို့ ဈေးနှုန်းမတူ။ ဆန်ပြတ်လို့ ပြောင်းနဲ့စကွဲ ကြိုသောက်တာ၊ ဆန်ပြုတ်သောက်ရတာ၊ မြောက်ဥပြုတ်၊ မျှစ်ပြုတ်စားကြတဲ့သတင်းတွေကို ဇာတ်နာအောင် ရေးခဲ့ကြတာ မဟုတ်ဘူး၊ တကယ့်အဖြစ်အပျက်တွေ။ ကုန်သည်တွေ ဈေးကစားတယ်လို့ အစိုးရက ဝေဖန်တယ်။ အမှန်က အစိုးရပေါ်လစီကြောင့် ဖြစ်တယ်။ အာဏာကိုင်ထားသူတွေရဲ့ အမိန့်ဥပဒေကြောင့် ပြည်သူတွေ ဒုက္ခအမျိုးမျိုး ရောက်ခဲ့တယ်။ ဒီတော့ မြန်မာပြည်မှာ ခေတ်အဆက်ဆက် ပြည်သူတွေပဲ မြေဇာပင်ဖြစ်ခဲ့တယ်။ ဒါ ငြင်းပယ်လို့ မရဘူး။

ဒီတော့ ငြိမ်းချမ်းရေးကို ပြည်သူတွေပိုင်ဆိုင်မှ ဖြစ်မယ်၊ ငြိမ်းချမ်းရေးကို ပြည်သူတွေက ဖော်ဆောင်ခွင့်ရှိတယ်။ အစိုးရနဲ့ သူပုန်တွေ စကားပြောဖို့သာဖြစ်တယ်လို့ ငြိမ်းချမ်းရေးကို သူတို့လက်ထဲ ဝကွက် အပ်ထားလို့ မရတော့ဘူး။ ပြည်သူ့ကိုယ်စားလှယ်မဟုတ်တဲ့ အစိုးရ အလိုတော်ရိတွေကိုချည်းပဲ ငြိမ်းချမ်းရေးအတွက် တာဝန်ပေးလို့ မဖြစ်ဘူး၊ ယုံစားလို့ မရဘူး၊ သူတို့လက်ထဲမှာ ငြိမ်းချမ်းရေးဟာ… အီးရော အီးရော ပေါတောတော ဖြစ်နေတယ်။

ကမ္ဘာကြီးနဲ့ ငြိမ်းချမ်းရေးလုပ်ပါ 

တိုင်းပြည်ငြိမ်းချမ်းရေးမရတဲ့ကြား မြွေပူရာ ကင်းမှောင့်ဆိုသလို ၉၆၉ အဖွဲ့နဲ့ ဘာသာရေး အစွန်းရောက်တွေကလည်း ထကြွ သောင်းကျန်းနေကြပြန်တယ်။ ကျနော်တို့မမွေးခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာ အေးအတူ ပူအမျှ အတူတူနေထိုင်လာခဲ့ကြတဲ့ မွတ်စလင်ဘာသာဝင်တွေ ဒီကနေ့ တိုင်းပြည်ထဲမှာ နောက်ကျောမလုံ ခံစားနေရတယ်။ ရပ်ကွက်ထဲမှာ ဆိုင်ကယ်သံ ဆူဆူညံညံကြားရင်၊ ပူညံပူညံ ရန်ဖြစ်သံကြားရင် ကိုယ့်အိမ်ခေါင်မိုး မီးကွင်းနဲ့ ပစ်သွားမလားလို့ စိုးရိမ်နေရတဲ့ဘဝ။ မဆလ ခေတ်တလျှောက်လုံးလည်း ပြည်သူတွေက အစိုးရကို မကျေမနပ်ဖြစ်ရင် အောက်လမ်းနည်းသုံး ဘာသာရေးပဋိပက္ခတွေ ဖန်တီးတတ်ကြတာ အားလုံးအသိ။

အဲဒါတွေကို သင်ခန်းစာမယူဘဲ ဒီမိုကရေစီခေတ်ဆီ ပြောင်းလဲဖို့ တာစူနေမှ ၉၆၉ တို့၊ မျိုးစောင့်ဥပဒေတို့နဲ့ ဇာတိမာန်တွေ ထပြနေကြတယ်။ တလွဲဆံပင်ကောင်း မျိုးချစ်စိတ်တွေနဲ့ အမျိုးသားရေးမာန်တွေ တက်ပြနေတယ်။ အမှန်တကယ် နိုင်ငံချစ်စိတ် အမျိုးသားရေးစိတ်ရှိတယ်ရင် ကိုယ့်အမျိုးသား ယဉ်ကျေးမှု၊ အမျိုးသားဘာသာစကားနဲ့ အမျိုးသားစီးပွားရေးကို မြှင့်တင်ဖို့လိုတယ်။ နန်းမြို့တော်ကြီးနဲ့ မြို့အနှံ့ တိုင်းတပါးသားတွေ မြန်မာစကားတောင် မပြောတတ်ဘဲ မြန်မာမှတ်ပုံတင်ကိုင် ကျူးကျော်စီးပွားရှာ ဝင်ရောက်နေတာကို သေချာစိစစ်ကြဖို့လိုတယ်။ မြန်မာပြည်ထဲမှာ မြန်မာစကား မြန်မာစာနဲ့ တိုင်းရင်းသားစကား၊ တိုင်းရင်းသားစာပေတွေ တဖြည်းဖြည်း တိမ်မြုပ်လာပြီး စိနစကား၊ စိနစာတတ်မှ အလုပ်ရ၊ ဂုဏ်ရှိတဲ့အခြေအနေကို ကုစားကြပါလား…။

အခုတော့ အနာတခြား ဆေးတလွဲ။ ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုးကွယ်ရာ ဘာသာတရားပဲ အထင်အမြင်သေးခံရတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ လန်ဒန်နဲ့ ပြင်သစ်ခရီးစဉ်မှာ ကမ္ဘာ့မီဒီယာတွေကရော၊ တိုင်းပြည်ခေါင်းဆောင်တွေကပါ ဘာသာခြားတွေအပေါ် ဖိနှိပ်မှုကို ပြစ်တင်ဝေဖန်ခဲ့တယ်။ ဦးသိန်းစိန်ကိုယ်တိုင် ဗမာပြည်ပြန်ရောက်တော့ ဒီကိစ္စကို ဝန်ခံလိုက်ရတယ်။ နောက်မဖြစ်စေရပါဘူးလို့ ပြင်ပကမ္ဘာကို ကတိပေးခဲ့ရတယ်။ ဒါနဲ့ပဲ အရှက်ပြေ မန္တလေးက ဝီရသူ တရားပွဲကို အချင်းချင်း ဗုံးခွဲပြပြီး အလံရှူး နမူနာဇာတ်လမ်းတွေ ပြလိုက်တယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ မြစ်တော်စပ်တဲ့ ကဗျာဆရာ ကိုချိုစိမ့်ပြောတာ ရှင်းတယ်။

“၉၆၉ ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို နှောက်ယှက်ဖျက်ဆီးနေတယ်၊ မြန်မာ့ငြိမ်းချမ်းရေးအပေါ် နှောက်ယှက်ရုံမက အခုဆို ကမ္ဘာကြီးနဲ့ပါ ရန်ဖြစ်နေတယ်၊ ဒီတော့ တခုပဲပြောစရာရှိတာက တကမ္ဘာလုံးနဲ့ ငြိမ်းချမ်းချင်ရင် ၉၆၉ ကို ဖျက်သိမ်းပါ ဆိုတာပဲ”။

ငြိမ်းချမ်းရေး ပျားသကာ 

ကျနော်တို့ပြည်သူတွေက ငြိမ်းချမ်းရေးကို တညီတညွတ်နဲ့ လိုချင်တဲ့စိတ် ပြင်းထန်နေရင် ဧကန်ရမယ်လို့ မျှော်လင့်တယ်။ ၁၉၆၀ ဝန်းကျင်လောက်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ဦးစီးပြီး တပြည်လုံးမှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားပြည်သူတွေစုစည်းပြီး ငြိမ်းချမ်းရေးကော်မတီတွေ ဖွဲ့စည်းလှုပ်ရှားခဲ့ကြတယ်။ နိုင်ငံတွင်းမှာ ငြိမ်းချမ်းရေး ချီတက်ပွဲတွေ၊ ငြိမ်းချမ်းရေး ညီလာခံကြီးတွေကျင်းပပြီး ငြိမ်းချမ်းရေးကို မိမိတို့ဆန္ဒနဲ့ အကျိုးစီးပွားနဲ့ယှဉ်နေတဲ့ အင်အားစုတွေကို ဖိအားပေးခဲ့ကြတယ်။ ဒီကနေ့လည်း ငြိမ်းချမ်းရေးကို ဈေးကွက်စီးပွားရေးတခုလို ဆွဲဆန့်ပြီး မှိန်းနေသူတွေရဲ့ အိပ်မက်ဆိုးတွေကို လှုပ်နှိုးရတော့မယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆရာကြီး မြို့မငြိမ်း စပ်ဆိုခဲ့တဲ့ ‘ငြိမ်းချမ်းရေးဆိုတာ ပျားသကာ” ဆိုတဲ့ သီချင်းလေးရဲ့ စာသားလေးလိုပဲ ‘ငြိမ်းချမ်းရေးဟူသည် ×× ပျားရည်ကဲ့သို့စီး ×× တမာပင် သရက်ပင် ×× ဘာပင်ပဲစွဲစွဲ ×× ချိုမြဲအရသာ ×× မဆိုသည်သာပင်’ ဆိုသလို ငြိမ်းချမ်းရေးဆိုတဲ့ ပျားအုံဟာ တရားမျှတမှုဆိုတဲ့ ချိုတဲ့အသီးကို သီးစေတဲ့ သရက်ပင်မှာ စွဲစွဲ၊ မတရား မမျှတတဲ့ ခါးသက်သက် တမာပင်မှာပဲ စွဲစွဲ သူ့ရဲ့ မူလချိုမြိန်တဲ့ ဂုဏ်အင်နဲ့ အရသာက ပျောက်သွားမှာ မဟုတ်ပါဘူးတဲ့။

‘×× ရွံစရာ ×× မုန်းစရာ ×× စစ်ရန်မီး တားဆီးဖို့ပင် ×× အိုးကြီးနဲ့ ×× သယ်ဆောင်ကာယူငင် ×× လက်ခုပ်နဲ့ဖြစ်စေ ×× ကိုယ်တိုင်ပါဝင် ×× ဖြန်းပက်ကြ ကိုယ်စီညီညီပင် ×× ငြိမ်းချမ်းရေး ×× အေးမြသောရေစင် ××’

ငြိမ်းချမ်းရေးအတွက် လူတိုင်းမှာ တာဝန်ရှိတယ်၊ လောင်နေတဲ့ ပြည်တွင်းစစ်မီး ငြိမ်းအေးဖို့ဆို မိမိတတ်စွမ်းသလောက် အိုးနဲ့နိုင်ရင် အိုး၊ လက်ခုပ်လေးနဲ့တတ်နိုင်ရင် လက်ခုပ်… ငြိမ်းချမ်းရေး ရေစင်နဲ့ ဖြန်းပက်ဖို့လိုတယ်လို့ ပြည်သူတရပ်လုံး တတ်နိုင်သလောက် ပါဝင်ဖို့ တိုက်တွန်းစပ်ဆိုထားတာပါ။

ဒီကနေ့ မငြိမ်းချမ်းတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း နိုင်ငံရေးပဋိပက္ခတွေ၊ အမုန်းတရားတွေကို တွေးပူမိတဲ့အခါတိုင်း ဆရာ မြို့မငြိမ်းရဲ့ သီချင်းလေးကိုပဲ အဓိပ္ပာယ်ရှိရှိ ညည်းဆိုနေမိပါတယ်။

××× ကမ္ဘာလူသားတွေ တွေးပူကြိုတင် ×× ရန်သူမိတ်ဆွေ ×× မရွေးသူငါပင် ×× ရန်စစ်မီးကို မလောင်စေချင် ×× စုဆောင်းခဲ့သော ×× ယဉ်ကျေးမှုအဆက်ဆီ ×× အနုအယဉ် အမွန်အမြတ်တွေ သုန်းဆိတ်မှာမြင် ×× ငြိမ်းချမ်းရေးမြတ်နိုး ×× အိုးအိမ်သာယာ သူငါ ပျော်ရွှင် ××။

ကိုညို (အော်စလို) 
၂၃ ဇူလိုင်၊ ၂၀၁၃


 

No comments: