Tuesday, July 23, 2013

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၂၂

“ငပိစားလို့ ဖြစ်တာကွ လူဆီက ကူးတာလည်း ပါတယ်။ ဟာ ... ငပိမစားလို့ ဘာသွားစားမလဲ။ ပေါက်ချင်လည်း ပေါက်ကွာ ပေါက်ရင် ကုတ်မယ် ဖဲ့မယ်” စသဖြင့် ဝဲရောဂါသည်များ တစတစ များလာပြီဖြစ်သည်။

ဖသောင်းမှာ အတွေ့အကြုံရင့်နေသော ကျောင်းသားတယောက်၏စကားကြောင့် ရင်ခုန်စရာတခုရလာ၏။ 

“တို့တွေ မကြာတော့ပါဘူးကွာ ပြန်ရမှာပါ ... သူတို့ဘက်က အလှည့်အပတ်တခုခု လုပ်ကိုလုပ်ပြရမယ်။ အဲဒီမှာ တို့ပါသွားမှာပဲ ဒါပေမယ့် တိုက်ပွဲမပြီးသေးဘူး၊ ပွဲကြီးပွဲကောင်း ပြန်တွေ့ရဦးမယ်” ဟူသောစကားကို ကျေနပ်စွာနားထောင်ရင်း ရှဥ့်ကလေးများပုံကို မီးသွေးဖြင့် ခိုးကာ ရေးဆွဲနေမိသည်။ 

“ဒါ ဘာပုံလဲကွ” 

“ရှဥ့်လေကွာ” 

“ဘာလုပ်ရမှာလဲ ချက်စားလို့လည်း မရ” 

“ဟာ … ငါ သတိရတဲ့ ကောင်မလေးက ဆံပင်ရှည်ကြီး တဖားဖားနဲ့ကွ၊ ရှဥ့်နဲ့ ရှဥ့်အမြီး လိုက်ဖက်သလို သိပ်ကြည့်ကောင်းတယ်” 

“ဒါဆိုလည်း အဲဒီကောင်မလေးပုံ ဆွဲပါတော့လား ... လိုရင်းမရောက်ဘူး” 


အဖော်က ထိုသို့တိုက်တွန်းသည်နှင့် ညို့ပုံကို သူရေးဆွဲကြည့်၏။ ကိုဗဟိန်း ... ကိုဗဆွေ အကြောင်း ပြောသံကြားလိုက် နားထောင်လိုက် လူသံတိတ်လျှင် ပြန်ဆွဲလိုက်ဖြင့် ရုပ်လုံးပေါ်လာသော် အခန်းဖော်က ဤသို့ အားပေးသည်။ 

“ဟုတ်ပါ့ကွာ ဒီလောက်နှာခေါင်းကြီးချွန်နေမှတော့ ဘယ်လိုလှမှာလဲ”

ဖသောင်း ပြန်ဖျက်ကာ ပြင်သည်။ နားရွက်ကြီးကလည်း ကားလွန်းနေတယ်ဟု ဝေဖန်ပြန်၏။ နောက်ဆုံးတွင် ပါးစပ်နဲ့ပဲပြောပါတော့ကွာဟု တဖက်လူက တောင်းပန်ရတော့သည်။ ဖေသောင်း အကျအနထိုင်၍ 

“အေးကွ ငါ့ကို သူက ကိုဖေသောင်းလို့ပဲ ခေါ်တယ်။ ဒါကြောင့် ငါ့ကို သူရတို့က ဖေသောင်း ဖေသောင်း လို့ခေါ်တာကွ။ ငါ့နာမည်အရင်းက ဘာလိုလိုနဲ့ ပျောက်နေပြီ” 

“နေဦးကွ ပြောချင်ရင် ဆေးလိပ်တလိပ် ပေး” 

မီးညှိပြီးသား တလိပ်ကိုပြ၍ ဒါပဲ ရှိတယ် ဟု ဖေသောင်း တောင်းပန်၏။ ရတယ် ဒါပဲ ပေး ဟုဆိုကာ ယူသောက်သည်။ 

“ဒီလိုကွ သူ့မျက်လုံးလေးက ရေကြည်မြောင်းလေးလိုပဲ … ကျောက်ရောင်စုံလေးတွေ ဒေါင်းငါးလေးတွေတောင် မြင်နေရတယ်” 

“တင်စားချက်ကို ခဏထားဦး သူငယ်ချင်း အစကပြန်ပြောစမ်း ကျကျနန”

ဖသောင်းက စပြောလိုက် ဆေးလိပ်တဖွာလောက် ပြန်တောင်းလိုက်နှင့် လုပ်နေသည်။ မင်းလက်ကြီးက ဝဲတွေကူးမယ် ဟု ထိုသူက ကန့်ကွက်၊ မင်းဆီက ကူးတာကွ ကြီးကျယ်လို့ ဟု ဖေသောင်းရန်တွေ့ရင်း ဆေးလိပ်ကို အတင်းပြန်လုသည်။ လုပ်ကြပါဦးဗျာ ဖေသောင်း ဝဲထူ ကျနော့်ကို အနိုင်ကျင့်နေတယ်ဟု အော်သဖြင့် ဝဲထူ ဖေသောင်းဟု အများက ဝိုင်းခေါ်ကြရင်း သူ့မှာ ဂုဏ်ထူးတခု အပိုရသွားတာသာ အဖတ်တင်သည်။ ညိုအကြောင်းကို စိတ်တိုင်းကျ ပြောခွင့် မရလိုက်။ 

xxxxx xxxxx xxxxx 

ရဒီယိုမှသတင်းကြောင့် ညို ထခုန်ပြီး မခင်အေးအိမ်သို့ ဒုန်းစိုင်းပြေးသည်။ 

“မမအေး ... ကြားလိုက်လား ... သူတို့အားလုံး ပြန်လာကြပြီ ဟိုတယောက် ပါသွားရင်လည်း ပြန်ပါလာမှာပဲ” 

မခင်အေးက ဟဲ့တိုးတိုး ဟုသတိပေးပြီး အိမ်ပေါ်ဆွဲခေါ်သည်။ လူတွေအကုန်လုံး ဒီအကြောင်းပဲပြောနေကြပြီ၊ ဘာတွေဆက်ဖြစ်မလဲ မသိဘူးဟု စိတ်ဆန္ဒပြင်းပြစွာ မခင်အေး ရွတ်သည်။ 

နောက်တနေ့ ကားဂိတ်ဘက် သူမတို့နှစ်ယောက် မယောင်မလည်သွားကြသည်တွင် ဟိုနား တစု သည်နား တစု ဝိုင်းဖွဲ့လျှက် တိုးတိုးတဖုံ ကျယ်ကျယ်တနည်း ဝေဖန်နေသည်ကိုသာ တွေ့ရ၏။ လက်ဘက်ရည်ဆိုင်ဆိုင်တခုထဲ မခင်အေးလှမ်းကြည့်ပြီး ဘယ်လိုလဲဟူသော အဓိပ္ပာယ်ဖြင့် အသံတိတ်မေးလိုက်သည်နှင့် လူငယ်တယောက် ထွက်လာသည်။ လမ်းအတူလျှောက်ကြရင်း ခင်မောင်လတ် ပြန်ရောက်နေပြီ ဟု သတင်းပေး၏။ 

“ဟို … ဟို ကိုဖေသောင်းဆိုတာရော တွေ့ခဲ့သလား” 

ညို့အမေးကို ထိုသူ နားမလည်။ မခင်အေးက ဖေသောင်းဆိုတာ နာမည်အရင်းမှမဟုတ်ဘဲ ဘယ်သိချင်မှ သိမှာပေါ့ ဟု ငေါက်၏။ ကျနော်တို့ ဆက်လှုပ်ရှားကြမယ်။ မခင်အေးတတ်နိုင်သမျှ ဝင်ကူမယ် မဟုတ်လားဟု ထိုသူ မေးသည်။ 

“ကိုမြင့်ဇော်တို့နောက်မှာတော့ ကျမ ရှိပါတယ်၊ ရှေ့တော့ သိပ်မထွက်ရဲဘူး” 

“ရပါတယ် ဒီလောက်ပြောဝံ့ရင်ပဲ ဝမ်းသာပါတယ်။ ဒီညီမက ရုံပိုင်ကြီးသမီးမဟုတ်လား တလောက ဆယ်တန်းအောင် တယ်ဆိုတာ” ဟု ကိုမြင့်ဇော်မေးသည်တွင် ညို ခေါင်းညိတ်ပြ၏။ 

“ညီမရော ... ပါမှာလား အစ်ကိုတို့နဲ့ လက်တွဲမယ် မဟုတ်လား” 

ဟုတ် ... ဟု ညို ခေါင်းညိတ်ပြလိုက်သည်မှာ အချိန်ပင်မဆိုင်း။ 

“ဟုတ်ပြီ ကျနော်တို့ ခင်မောင်လတ်ဆီက သတင်းစုံယူပြီး ပြန်တွေ့ကြမယ်” ဟု ကိုမြင့်ဇော် ချိန်း၏။ လျှို့ဝှက်သဲဖိုထဲ ကိုယ်တိုင်ပါရမည်မို့ ညို ရင်တုန်သော်လည်း ကိုဖေသောင်းနဲ့ တွေ့ပေးလိုက်ချင်လိုက်တာဟူသော ဆန္ဒက ပိုကြီးမားနေသည်။ 

xxxxx xxxxx xxxxxx 

ဆက်လက်ဖော်ပြပါမည်။ 


 

No comments: