လက်တွေ့မကျတဲ့ ကြွေးကြော်သံ
ကျနော်တို့ငယ်ငယ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကတည်းက အလုပ်နဲ့ပတ်သက်ပြီး အမြဲကြားနေရတဲ့ ဆိုစကားတွေရှိတယ်။ ‘လုပ်အားတန်ဖိုး ချစ်မြတ်နိုး’၊ ‘အလုပ်ဟူသမျှ ဂုဏ်ရှိစွ’ တို့၊ ‘အလုပ်ကို လေးစားက အလုပ်က ပြန်လေးစားမည်’ တို့၊ ‘အလုပ်ကြိုးစားမှ အဟုတ်တိုးပွားမည်’ တို့ပေါ့။ အမှန်တကယ် စိတ်ထဲ၊ ရင်ထဲက တန်ဖိုးထားပြီး သဘောပိုက်လုပ်ဆောင်ကြမယ်ဆိုရင် သိပ်ကောင်းတဲ့ စကားပုံတွေ၊ အဆိုအမိန့်တွေပါ။ ဒါပေမယ့် စီမံအုပ်ချုပ်ရေး ညံ့ဖျင်းတဲ့အစိုးရကရော၊ လုပ်သားပြည်သူတွေကပါ အဲလို စကားလှလှတွေအတိုင်း မကျင့်ကြံနိုင်ခဲ့လို့ တနည်းပြောရရင် အလုပ်သမားတယောက်မှာရှိသင့်တဲ့ အရည်အချင်း၊ လိုက်နာသင့်တဲ့ စည်းမျဉ်း၊ စောင့်ထိန်းသင့်တဲ့ ကိုယ်ကျင့်တရားတွေ ပျက်ယွင်းခဲ့လို့ ကျနော်တို့ကြီးပြင်းလာတဲ့ ခေတ်တလျှောက်လုံး အစိုးရ စီမံကိန်းတွေလည်း ပျက်ယွင်း၊ အလုပ်သမားစိတ်ဓာတ်တွေလည်း ခြစားပျက်စီးကုန်တယ်။
ခိုးစားရတဲ့ ... အလုပ်သမားဘဝ
တချိန်တုန်းက မြန်မာပြည်က အကြီးမားဆုံး သကြားစက်ရုံကြီးနဲ့ အရက်ချက်စက်ရုံကြီးရှိရာ အလုပ်သမား ထောင်နဲ့ချီ နေထိုင်အလုပ်လုပ်ကိုင်တဲ့ ရန်ကုန် မန္တလေးကားလမ်းနံဘေးက တောမကျ မြို့မကျ မြို့လေးတမြို့မှာ ကျနော် ကြီးပြင်းခဲ့တယ်။ အများက အလုပ်သမားမြို့လို့ သိထားကြတယ်။ မြို့ကလေးမှာ တနေ့ ၄ ကြိမ် ဥသြဆွဲတယ်။ မနက် ၈ နာရီ လုပ်ငန်းခွင်ဝင်ချိန်ရယ်၊ နေ့လည် ၁၂ နာရီတိတိ ထမင်းစားရပ်နားချိန်နဲ့ နေ့လည် ၁ နာရီ အလုပ်ဝင်ချိန်ရယ်၊ ညနေ ၄ နာရီ အလုပ်ဆင်းချိန်ဆို သံရှည်ဆွဲလိုက်တဲ့ စက်ရုံက ဥသြသံဟာ တမြို့လုံးရဲ့ အချိန်ခန့်မှန်းတဲ့နာရီလို ဖြစ်နေတယ်။ အလုပ်သွား၊ အလုပ်ပြန်ချိန်တွေမှာ ပျားအုံထဲက ပျားတွေလို တမြို့လုံးက အလုပ်သမားတွေ ရုတ်ရုတ်သဲသဲနဲ့ စည်ကားနေတတ်တာ ကျနော်တို့မြို့လေးရဲ့ ပုံမှန်မြင်ကွင်းပါ။
ပြီးတော့ စက်ရုံဝင်းအပြင်က လမ်းဘေး အိမ်ဆိုင်လေးတွေ၊ အရက်ဆိုင်နဲ့ ထမင်းဆိုင်လေးတွေရဲ့နောက်ဖေး လူမြင်ကွင်းနဲ့ဝေးရာမှာ အလုပ်သမားတချို့ စက်ရုံထဲကနေ ခိုးထုတ်လာတဲ့ သကြားထုတ်၊ အရက်ဆီ၊ စက်ပစ္စည်း အပိုင်းအစတွေ၊ သံတိုသံစနဲ့ ပိုက်ဆံရတာမှန်သမျှ မှောင်ခိုဆိုင်လေးတွေထဲ ပို့တော့တာပဲ။ ညပိုင်းဆိုရင် တင်လဲရည်၊ စက်ဆီ၊ သကြားအိတ်၊ စက်အပိုပစ္စည်းအပိုင်းအစတွေ ခိုးထုတ်ကြတာပဲ။ စက်ရုံအလုပ်သမားတိုင်း လစာမလောက်လို့ ခိုးစားတာ သဘာဝလိုဖြစ်နေတယ်။ ခိုးစားရတာကို ရှက်ရ ကြောက်ရကောင်းမှန်းလည်း မသိ၊ ခိုးစားပြီး ကြွယ်ဝချမ်းသာနေသူတွေကိုလည်း အထင်ကြီး လေးစားနေကြတယ်။ အဲဒီမြင်ကွင်းတွေဟာ ကျနော် ငယ်ငယ်ကနေဖူးတဲ့ အလုပ်သမားမြို့လေးထဲက ရိုးအီနေတဲ့ မြင်ကွင်းတွေပါ။ ပြီးတော့ စက်ရုံဝင်းအပြင်ဘက် မီးရထားလမ်းဘေးက ခနော်ခနဲ့ ညစ်ပတ်နံစော်နေတဲ့ ကျူးကျော်တဲတန်းလျှားတွေနဲ့ အရက်ပုန်းဆိုင်တွေ၊ ပြည့်တန်ဆာခန်းတွေ၊ ခိုးရာပါပစ္စည်းမှန်သမျှ လက်ခံရောင်းချတဲ့ အိမ်ဆိုင်လေးတွေက မြို့ကလေးရဲ့ မရှိမဖြစ်တဲ့ အလုပ်သမားတို့ စိတ်ထွက်ပေါက်ရှာရာအရပ်။
စီမံကိန်း ညံ့ညံ့၊ အုပ်ချုပ်မှု ဖျင်းဖျင်း
ကျနော် ဘယ်တော့မှမမေ့နိုင်တဲ့ မြင်ကွင်းတခုပါ။ သကြားစက်ရုံကြီး ကြံသယ် ကြံချရာ ဒုံကာ လို့ခေါ်တဲ့နေရာက ကြံတောင်သူတွေ လှည်းတွေပုံပြီးချနေတဲ့ ကြံပုံကြီးပါ။ စက်ရုံက အဓိကလိုအပ်တဲ့ (နိုင်ငံခြားက မှာယူတင်သွင်းရတဲ့) စက်သုံးဆီ ပြတ်လပ်သွားလို့ စက်မလည်ပတ်နိုင်တော့ဘဲ အစိုးရကဝယ်ထားပြီး စီမံကိန်းသီးနှံ ကြံတွေဟာ ကြိတ်ဝါးစက်ထဲ မရောက်တော့ပါ။ လှည်း၊ ကား၊ ရထားတွေနဲ့ ကြံစိုက်ပျိုးရာ နယ်အရပ်ရပ်က သယ်ဆောင်လာပြီး တောင်လိုပုံနေတဲ့ ကြံချောင်းတွေဟာ သကြားမဖြစ်ဘဲ ထင်းချောင်းတွေအဖြစ် ဘဝကူးသွားကြတယ်။
အဲ… စက်ရုံမှူး ဗိုလ်မှူးကို အရာရှိတွေက အတင်းတိုက်တွန်းလို့ နောက်ပိုင်းမှာ အလုပ်သမား သက်သာချောင်ချိရေးအဖွဲ့က ဦးစီးပြီး စက်ရုံပတ်ပတ်လည် ကြံသကာဖိုတွေဆောက်ပြီး ကြံသကာချက်တာတွေ လုပ်ကြတယ်။ ဒါပေမယ့် ပြည်သူပိုင်ငွေ သန်းပေါင်းများစွာ အလဟဿ ပျက်ဆီးဆုံးရှုံးခဲ့တယ်။ ဒါက နိုင်ငံတော်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုနဲ့ ပညာမဲ့ ဉာဏ်မွဲ စစ်တပ်အရာရှိကြီးတွေ အမိန့်အုပ်ချုပ်သွားတဲ့ သကြားစက်ရုံကြီးရဲ့ ကျဆုံးခန်း နိဒါန်းပါ။ နောက်ပိုင်း မြန်မာပြည်က အကြီးဆုံး သကြားစက်ကြီးအုတ်မြစ်ကအစ တူးပြီးရောင်းစားလိုက်ကြရတယ်။သကြားစက်ကြောင့် လူသိတဲ့ ကျနော့်ရဲ့ ဇာတိ တောမကျ မြို့မကျ မြို့ငယ်လေးကတော့ အခုဆို မဆလခေတ်ကထက် အဆမတန်ဆိုးရွားတဲ့ ဘဝအခြေအနေကို ရောက်သွားတယ်။
ကိုယ့်ဖာသာလည်း တည်ဆောက်ကြ
ဆိုရှယ်ဒီမိုကရက်တစ်နိုင်ငံဖြစ်တဲ့ နော်ဝေးနိုင်ငံရောက်လာမှ ကျနော်လည်း… လုပ်အားတန်ဖိုး ချစ်မြတ်နိုးတို့၊ အလုပ်ဟူသမျှ ဂုဏ်ရှိစွတို့ဆိုတဲ့ ဆောင်ပုဒ်တွေရဲ့ အနှစ်သာရအမှန်ကို သဘောပေါက်သွားတယ်။ နော်ဝေးပြည်သူတွေဟာ အလုပ်ကိုအလုပ်နဲ့တူအောင် မခိုမကပ်၊ စေတနာပါပါ၊ စေ့စေ့စပ်စပ် လုပ်တတ်ကြတယ်။ အလုပ်ချိန်တိကျသလို ကြိုးစားအားထုတ်မှု၊ လေးစား စိတ်ရှည်မှု၊ စေတနာထားလုပ်ဆောင်မှုတွေကိုလည်း ကျင့်ဝတ်တခုလို မိမိတို့နဲ့အတူ ကပ်ပါနေတာကို တွေ့ရတယ်။
ကျနော် လက်တွေ့လုပ်ငန်းခွင်ကိုရောက်တဲ့အခါ အလုပ်ရှင်က ကျနော့်ကို ဘာလုပ်ပါ၊ ဘာကိုင်ပါလို့ မခိုင်းပါဘူး။ “ဒီနေရာကို မင်း ပိုင်တယ်၊ ဟောဒီအမိုးအကာကနေ သမံသလင်းနဲ့ ဒီအဝန်းအဝိုင်းတခုလုံးက လုပ်စရာရှိတာ မင်း လုပ်ပါ၊ မင်းမှာ ဘာတာဝန်ရှိတယ်ဆိုတာ မင်းသိပြီးသားဖြစ်တယ်၊ ဒီနေရာမှာ လိုအပ်တဲ့အရာမှန်သမျှ မင်းဖာသာ လေ့လာဆုံးဖြတ်ပြီး လုပ်သွားပါ” ဒါပဲ ပြောတယ်။ ကျနော် တာဝန်ကျရာ အလုပ်လုပ်တဲ့နေရာနဲ့ ဆက်စပ်တဲ့ အရာတွေအားလုံးကို ကျနော် သိမ်းကြုံးလုပ်ရတယ်။ အမှိုက်လည်းကောက်၊ သန့်ရှင်းရေးလည်းလုပ်၊ စာရင်းဇယားလည်းကိုင်၊ ဖြည့်စရာဖြည့်၊ ပစ်စရာပစ် မခိုမကပ်၊ အလုပ်ချိန်အပြည့် လက်နဲ့အလုပ် မပြတ်ရဘူး၊ မျက်စိထဲတွေ့ရာ တခုပြီးတခု အဆက်မပြတ် တောက်လျှောက် အနားမနေလုပ်ရတော့တာပဲ...။
အလုပ်ရှင်ကိုယ်တိုင်ကလည်း တချိန်လုံး သွက်သွက်လက်လက်နဲ့ အလုပ်လုပ်နေတာပါ။ သူကိုယ်တိုင် အမြင်မတော်တာတွေ့ရင် ကောက်လုပ်သွားတာပဲ။ ငါ လူကြီးပဲ ငါအလုပ်ရှင်ပဲဆိုပြီး ထိုင်ခုံကနေ အမိန့်ပေးပြီး လူတကာကို ခိုင်းနေတာ မဟုတ်ဘူး။ ဒီနိုင်ငံမှာ အဲဒီလို အပေါ်စီးကခိုင်းနေရင် ဘယ်အလုပ်သမားမှ သူ့ဆီမှာ အလုပ်လုပ်မှာမဟုတ်လို့ စီပွားပျက်သွားလိမ့်မယ်။ ကျနော့်အလုပ်ရှင်က ကျနော် မအားရင် ကျနော်အလုပ်ခွင်ထဲမှာ တံပျက်စီးလှဲစရာရှိ လှဲလိုက်တာပဲ၊ သယ်စရာရှိ သယ်ပေးလိုက်တာပဲ။ ကျနော်တို့ဆိုင်ကြီးရဲ့ လုပ်ငန်းတခုလုံး တယောက်အလုပ် တယောက်ကူညီ၊ ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်ကြရတယ်။ အဲဒါ ဆိုရှယ်ဒီမိုကရက်တစ်စနစ်ကျင့်ဆောင်တဲ့ နိုင်ငံတိုင်းက အလုပ်သမားတိုင်းရဲ့ အခြေခံစိတ်ဓာတ်ပဲ။
အလုပ်သမားတယောက်ရဲ့ အရည်အသွေး
လုပ်ငန်းခွင်မဝင်ခင်ကတည်းက အလုပ်သမားတယောက်နဲ့ပတ်သက်တဲ့ အရည်အသွေးမြှင့်တင်မှုတွေ၊ သဘောတရားရေးနဲ့ ကျင့်ဝတ်တွေ၊ အလုပ်သင်ပညာတွေ လေ့လာရပါတယ်။ လူတယောက်မှာ အခြေခံလိုအပ်တဲ့ အရည်အသွေးတွေက ဘာတွေလဲပေါ့...။ လူ့ကျင့်ဝတ်တွေက ဘာလဲ၊ လူဟာ လူ့ပတ်ဝန်းကျင်နဲ့ ဘယ်လို သဟဇာတကျအောင် ဆက်ဆံနေထိုင်ရမလဲ၊ ဘယ်လိုစိတ်သဘောတွေ ကျင့်ကြံအားထုတ်ရမယ်ဆိုတာတွေကို ဒီနိုင်ငံမှာက မူကြိုကလေးဘဝနဲ့ မူလတန်း အလယ်တန်းကျောင်းပညာအဆင့်မှာကတည်းက တဖန်တလဲလဲ လေ့ကျင့်သင်ကြားခဲ့ကြတယ်။
ကျနော်တို့လို အသက်ကြီးမှ တတိယနိုင်ငံရောက်လာသူတွေကိုတော့ နော်ဝေးနိုင်ငံနဲ့ လူ့အဖွဲ့အစည်းအကြောင်း လေ့လာသင်ယူစေရင်း သွန်သင်သွားကြတာဖြစ်တယ်။ ဥပမာ စိတ်ရှည်သည်းခံမှု(Patient) အပြုသဘောထားရှိမှု၊ တိုးတက်ဖြစ်ထွန်းမှု အလိုရှိစိတ်(Positive)၊ တခြားသူရဲ့ထင်မြင်ယူဆမှုနဲ့ လုပ်ဆောင်မှုအပေါ် စိတ်ရှည်ပြီး သည်းခံစိတ်မွေးခြင်း(Tolerant)၊ မလိမ်မညာ မခိုးမဝှက်တဲ့ အကျင့်စရိုက်၊ ရိုးသားစိတ်နဲ့ သစ္စာစောင့်ထိန်းမှု (Honest)၊ အရည်အသွေးနဲ့ စွမ်းရည်ပြည့်ဝမှု၊ အားထုတ်ကြိုးစားမှု(Competent)၊ ဇွဲနပဲကြီးပြီး ဖြစ်ချင်၊ လိုချင်စိတ် ပြင်းထန်မှုတွေ(Strong Desire) ကူညီယိုင်းပင်းလိုမှု(Help) လုပ်ငန်းကို စတင်ဆောင်ရွက် အကောင်အထည်ဖော်ပေးမှု၊ ကြိုးပမ်းဆောင်ရွက်မှု( Initiative)၊ စိတ်ကူးစိတ်သန်းကောင်းပြီး တီထွင်ကြဆမှု၊ ဖြစ်နိုင်တဲ့နည်းဖြင့် ဖန်တီးဆောင်ရွက်မှု(Creative Value) စတဲ့ ... စတဲ့ ... လူတယောက်မှာရှိသင့်တဲ့ အရည်အသွေးတွေကို ဖော်ထုတ်မွေးမြူကြရတယ်။ မိမိမှာ အားနည်းရင်လည်း ကျင့်ကြံအားထုတ်ရပါတယ်။
အဲလို စိတ်ဓာတ်သဘောတရားတွေ ကိုယ်မှာတပ်ဆင်ပြီးသွားရင် မိမိရဲ့အလုပ်ကို တိုးတက်အောင် လေ့ကျင့်ပျိုးထောင်ပြီး စွမ်းအင်မြှင့်သွားတာဖြစ်တယ်။ ဒီလို တာဝန်သိသိ ပေးဆပ်မှုတွေအတွက် မိမိဘက်ကရတဲ့ အခွင့်အရေးကတော့ တနှစ်တခါ လစာကို ရာခိုင်နှုန်းနဲ့ တိုးမြင့်သွားတယ်၊ လုပ်သက်နဲ့ လုပ်ငန်းကျွမ်းကျင်မှုအရရော မိမိတို့ ကုမ္ပဏီနဲ့ ဌာနရဲ့အမြတ်ရရှိမှုကနေတဆင့် ခံစားမှုလည်း ပိုရနိုင်တယ်။ တခြားအလုပ်တခုခုပြောင်းရင်လည်း နာမည်ကောင်းလက်မှတ် ရတတ်ပါတယ်။ ဒါတွေအားလုံးထက် ကောင်းမွန်တဲ့အရာကတော့ မိမိရဲ့ အလုပ်ခွင်ပျော်ရွှင်မှုနဲ့ စိတ်အေးချမ်းသာမှု၊ အများရဲ့ ယုံကြည်လေးစားမှုကို ခံရတာပဲဖြစ်တယ်။
ကျကျနန အခြေခိုင်နေတဲ့စနစ်ထဲက ပုံစံတကျဘဝ
တခါက ကျနော် အလုပ်တွေအရမ်းများပြီး ချန်ထားလေ့မရှိတဲ့ အလုပ်တွေထဲက အလုပ်တခု မပြီးမြောက်လိုက်ဘူး။ နောက်တရက်မနက်မှာ အလုပ်ရှင်က ကျနော့်အလုပ်တခု မနေ့ကမလုပ်ခဲ့တာကို လှမ်းထောက်တယ်။ ကျနော်က (ဗမာမှာ အမှားမရှိဘူး၊ ဆင်ခြေပဲရှိတယ်ဆိုတဲ့အတိုင်း) မနေ့ကခါတိုင်းထက် အလုပ်တွေပိုများနေလို့ မပြီးမြောက်တဲ့အကြောင်း ရှင်းပြတယ်။ အလုပ်ရှင်က ကျနော့်ဆင်ခြေကို လက်မခံဘူး။ “မင်းတယောက်ထဲမနိုင်ရင် တခြားလူတွေ အကူအညီတောင်းပါ။ သူတို့ ကူညီရမယ့်တာဝန်ရှိတယ်၊ မင်း တနေ့တာလုပ်ရမယ့်အလုပ်ကို အပြီးသပ်သွားရမယ်” လို့ သွန်သင်ပါတယ်။
တကယ်တော့ ကျနော့်အမှားပါ။ သူတို့က လူတယောက် အစပိုင်း တနာရီမှာ ဘယ်လောက်အထိ အလုပ်လုပ်နိုင်ပြီး နောက်ပိုင်းနာရီတွေမှာ ဘယ်လောက်နှုန်းထိ အလုပ်လုပ်နိုင်တယ်၊ တနေကုန်ဆို ဘယ်လောက်နှုန်း အလုပ်ပြီးနိုင်တယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကတည်းက စနစ်တကျ တွက်ချက်ခဲ့ပြီးသား။ စနစ်တကျလည်း ငြင်းခုံဆွေးနွေးခဲ့ပြီးသား၊ အဲဒီကတဆင့် တိုးတက်လာတဲ့ အလုပ်သမားနဲ့ ကုန်ထုတ်ကရိယာ၊ နည်းပညာ၊ အတတ်ပညာ၊ လုပ်ငန်းအတွေ့အကြုံတွေနဲ့ စနစ်တကျလည်း လေ့လာသုံးသပ် အဖြေရှာပြီးသားဖြစ်တယ်။ ကျနော် ငြင်းခုံနေတာ လေကုန်ရုံပဲ။ သူတို့က သေချာစနစ်တကျ ဘောင်ဝင်အောင် လုပ်ထားပြီးပြီ။ အဲဒီနှုန်းအတိုင်း ကျနော် အလုပ်လုပ်သွားဖို့ပဲရှိတယ်၊ ကျနော့်အလုပ်မပြီးတာ ကျနော့်မှာ အဓိကလုပ်ရမယ့်အလုပ်နဲ့ သာမန်လုပ်ရမယ့် အလုပ်တွေထဲမှာ အချိန်ခွဲဝေမှု အချိုးမကျတာ ဖြစ်ချင်ဖြစ်မယ်၊ ကျနော် အချိန်တချို့ခွဲဝေရာမှာ စီမံမှုညံ့ဖျင်းလို့ ဖြစ်လိမ့်မယ်။ အဲဒါ သူတို့အမှား မဟုတ်ဘူး။ အလုပ်ရုံတခုလုံးမှာ အပတ်စဉ် ဘယ်သူတွေ ဘာအားနည်းတယ်၊ ဘယ်အလုပ်နေရာက ဘယ်သူနဲ့ သင့်တော်တယ်၊ ဘယ်သူ့ကို ဘာတာဝန်ပေးသင့်တယ်၊ ဘယ်နေရာမှာ ဘယ်လို အပြောင်းအလဲတွေလုပ်မယ်ဆိုတာတွေကို တာဝန်ရှိသူတွေ အမြဲတိုင်ပင်လုပ်နေကြတာဖြစ်တယ်။ အမှားအယွင်းကင်းအောင် ဂရုစိုက်လေ့ရှိတယ်။
သူတို့နိုင်ငံတွေ တိုးတက်ကြတယ်ဆိုတာ အဲလို စိတ်ဓာတ်တွေ၊ အတူတကွ လက်တွဲလုပ်နိုင်တဲ့ အရည်အသွေးတွေနဲ့ စနစ်တကျ ပုံစံကျနေလို့ ဖြစ်တယ်။ စနစ်ထဲက အခြေခံထားတဲ့မူနဲ့ ကျင့်ကြံရမယ့် တရားတွေကို အုတ်မြစ်ချထားပြီးဖြစ်တယ်။ သေချာ သုသေသနလုပ်ထားပြီးသား၊ အကြိမ်များစွာ ငြင်းခုံပြီး အချိန်များစွာ အသုံးချပြီး ဆုံးဖြတ်ထားတဲ့မူအတိုင်း မဖြစ်ဖြစ်အောင် ကျင့်ကြံတယ်။ မဖြစ်မနေ လုံ့လ၊ ဇွဲ၊ ဝရိယနဲ့ ဖော်ဆောင်တယ်။ ပြီးခဲ့တဲ့လက ကျနော်တို့ အလုပ်သမားတွေကို ဦးစီးတဲ့ လက်ထောက် အရာရှိ လုပ်ငန်းခွင် မတော်တဆဖြစ်ပြီး ၃ လ ဆေးခွင့်ယူလိုက်ရတယ်။ ပုခုံးညှပ်ရိုးကျိုးသွားလို့ လူကသာ ကုတင်ပေါ်က မဆင်းနိုင်ပေမယ့် တယ်လီဖုန်း၊ ကွန်ပြူတာနဲ့ အလုပ်လုပ်နေပြီး ကျနော်တို့ကို အဝေးကနေ ထိန်းထားတယ်။ ဘယ်သူကဘာလုပ်ဆိုပြီး ညွှန်ကြားနေတယ်။ တကယ်တမ်းဆို သူ့ဖာသာ အနားယူနေလို့ရပေမယ့် တရက် ၂ နာရီလောက် အလုပ်ထဲလာလာပြီး စီမံခန့်ခွဲတာတွေလုပ်ပြီးမှ အိမ်ပြန်တယ်။ သူ မလုပ်လည်း လခရမှာပဲ၊ ဒါပေမယ့် သူ့တာဝန်ကို သူ အပျက်မခံဘူး။ တာဝန်နဲ့ အခွင့်အရေးကို မျှတအောင် ထိန်းကြောင်းတတ်ဖို့ ဒီမိုကရေစီစနစ်ထဲမှာ သိပ်လိုအပ်တယ်။
အဆင့်အတန်း ခွဲခြားတတ်တဲ့စိတ်
ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီစနစ်ထဲမှာ လူသားအချင်းချင်း တန်းတူရည်တူ မဆက်ဆံဘဲ အဆင့်အတန်း ခွဲခြားလိုတဲ့စိတ်တွေ မရှိစေရဘူး။ ဒီစိတ်ဓာတ်တွေကို ခေတ်နောက်ပြန်ဆွဲ သက်ဦးဆံပိုင် ကျွန်ခေတ်ကို ဆွဲဆန့်လိုသူတွေကသာ နှစ်ခြိုက်ကြတယ်။ ဒီမိုကရေစီသမားတွေက အဲဒါကို ဖယ်ထုတ်တယ်။ ဒီစနစ်တခုအတွက် လူ့အသက် သန်းပေါင်းများစွာ စတေးခဲ့ပြီးပြီ။ အခုအချိန်ကျမှ အတွေးအခေါ်ဟောင်းထဲ နောက်ပြန်မလှည့်ဘူး။ မြန်မာနိုင်ငံမှာတော့ အာဏာရှင်စနစ်က ဖျက်ဆီးထားလို့ ခွဲခြားဆက်ဆံမှုတွေက ဓလေ့လိုလိုဖြစ်နေတယ်။ ခေတ်မမီပေမယ့် ဟန်တခွဲသားနဲ့ ကိုယ့်အတွက် ကောင်းသလိုလိုထင်ပြီး စရိုက်ဆိုးကို ပိုးမွေးသလို မွေးသူတွေလည်း ရှိတယ်။ ပါးစပ်ကတော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့ပြောနေပြီး အလုပ်ခွဲခြားတယ်၊ ဆင်းရဲချမ်းသာ ခွဲခြားတယ်၊ အမျိုးမြင့်တယ်၊ နိမ့်တယ်ဆိုပြီး ခွဲခြားတတ်တဲ့ အိန္ဒိယက ယဉ်ကျေးမှုကလာတဲ့ ဇာတ်ခွဲခြားမှုက ပါလိုက်သေး။ အခုဆို အာဏာရှင် ဦးနေဝင်း မွေးထုတ်လိုက်တဲ့ စစ်ဗျူရိုကရက်မျိုးဆက်တွေက အတောင်အလက်စုံနေပြီမို့ စစ်ဘက် ရေပေါ်ဆီ မျိုးဆက်တွေက ပိုလို့ခေါင်းထောင်နေကြတယ်။
နိုင်ငံခြားရောက်နေသူတဲ့ မြန်မာအချင်းချင်းကြားမှာတောင် ခွဲခြားဆက်ဆံတတ်ကြတယ်။ တခါတုန်းက အဆိုတော်သားစိုးက အင်တာဗျူးတခုမှာ “အမေရိကားမှာနေထိုင်တဲ့ တခြားလူမျိုး အမေရိကားတွေက ကျနော်တို့အပေါ် တန်းတူ တရင်းတနှီး ဆက်ဆံတယ်၊ မခွဲခြားဘူး။ မြန်မာလူမျိုးအချင်းချင်းက ခွဲခြားဆက်ဆံကြတယ်” လို့ ပြောဖူးတာ မှတ်မိနေပါတယ်။ အဲဒါ အဟုတ်အမှန်ပါ။ မြန်မာအချင်းချင်း သူက ဒုက္ခသည်၊ အောက်လမ်းက လာတယ်၊ ငါက အပေါ်လမ်းက လာတယ်၊ သူက ဘာအလုပ်လုပ်တယ်၊ ငါက ဘာအလုပ်လုပ်တာ၊ သူ့ယောက်ျားထက် ငါယောက်ျားက သာတယ်၊ ငါ့လောက် သူတို့ အင်္ဂလိပ်စာမတတ်ဘူး၊ ငါတို့က ပိုပညာတတ်တယ်ဆိုတဲ့ တလွဲမာနတွေက ကျနော်တို့ ၈ လေးလုံးမျိုးဆက်ထဲမှာတောင် အမြင်ကပ်စရာကောင်းအောင် တွေ့နေရပါတယ်။ ပညာရဲ့သဘောနဲ့ တရားရဲ့ မစောကြောတတ်ရှာဘူး။
နော်ဝေးနိုင်ငံမှာတော့ အဲလို မထားသင့်တဲ့ လူ့အခြေခံစိတ်ဓာတ်အထိ ခွဲခြားဆက်ဆံတာမျိုး မရှိသလောက်ရှားပါတယ်။ လုပ်အားတန်ဖိုး ချစ်မြတ်နိုးဆိုသလို အလုပ်မလုပ်ရင်တော့ ဂုဏ်သိက္ခာကျဆင်းပါတယ်။ သန့်ရှင်းရေးလုပ်သားဆိုပြီး နှိမ့်ချဆက်ဆံတာမျိုး မရှိပါဘူး။ အစိုးရဝန်ကြီး၊ အရာရှိကြီးဆိုပြီးတော့လည်း အထင်တကြီးနဲ့ ပျာရိပျာယာ မဖြစ်သလို ဖားတတ်၊ အောက်ကျုံ့တတ်တာမျိုးလည်း လုပ်လေ့လုပ်ထမရှိဘူး။ အဲဒါမျိုး မြန်မာပြည်မှာပဲတွေ့ရတယ်။ ဒီမိုကရေစီဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ လူကို လူလိုပဲမြင်တယ်၊ လူ့သိက္ခာနဲ့ လူ့အသက်ကို တန်ဖိုးထားတယ်။ လူမျိုး၊ အသားအရောင်၊ ဘာသာတရားခွဲခြားတာကို ရှက်စရာလို့ မြင်တယ်။ လူစဉ်မမီတဲ့စိတ်လို့ သိထားကြတယ်။ မနက် ရထားပေါ်မှာ၊ ကားပေါ်မှာ လုပ်ငန်းခွင်အသီးသီး သွားနေကြသူတွေထဲမှာ သန့်ရှင်းရေးလုပ်သားတွေရော၊ ကုမ္ပဏီပိုင်ရှင်တွေရော၊ အရောရောအနှောနှော အတူတကွသွားကြသလို ဆေးရောင်စုံနဲ့ ထုံးတွေ ပေကျံနေတဲ့ဝတ်စုံနဲ့ အိမ်ဆေးသုတ်တဲ့လုပ်သားကိုလည်း ဘယ်သူမှ အထင်မသေးပါဘူး။
တိုင်းပြည်တခုမှာ လူတိုင်းအတွက် ကျရာအလုပ်တာဝန်ယူနိုင်တာ ဂုဏ်ရှိပါတယ်။ အလုပ်လက်မဲ့များတဲ့နိုင်ငံဟာ ဂုဏ်သိက္ခကျဆင်းပါတယ်။ နော်ဝေးနိုင်ငံဟာ ဆိုရှယ်ဒီမိုကရက်တစ်စနနစ်နဲ့ အသားကျသလို လူတိုင်းကို အလုပ်တခုခု ရှာဖွေထောက်ပံ့လို့ နော်ဝေးမှာ အလုပ်ရှာဖွေ အခြေချနေထိုင်သူများပါတယ်။ ဥရောပတိုက်မှာ အလုပ်လက်မဲ့ ၁၃.၂ ရာခိုင်နှုန်းရှိပေမယ့် နော်ဝေးမှာ ၃.၇ ရာခိုင်နှုန်းသာရှိတယ်။ အမေရိကားမှာ မနှစ်ကစာရင်းအရ ၁၇.၃ ရာခိုင်နှုန်းရှိပြီး တရုတ်နိုင်ငံမှာ ၄.၁ ရှိတယ်၊ အိန္ဒိယမှာတော့ ၃.၈ မြန်မာနိုင်ငံကတော့ ၅.၄ ရာခိုင်နှုန်းရှိတာကို ယှဉ်ပြီးတွေးကြည့်ပါ။ မြန်မာပြည်သူတွေကတော့ အလုပ်ရွေးတာ၊ ဂျီးများတာမျိုး သိပ်မရှိပေမယ့် အလုပ်အကိုင် အခွင့်အလမ်းတော့ နည်းနေတုန်းပါ။
ဒီမိုကရေစီစိတ်မမွေးနိုင်ရင် ဒီမိုကရေစီခေတ်မရောက်
ဗိုလ်ချုပ်အောင်ဆန်းကတော့… သူများနိုင်ငံက ခြေတလှမ်းဆို ကျနော်တို့က သူတို့ထက်ပိုပြီး လေးငါးလှမ်း ပိုလှမ်းနိုင်မှ အမီလိုက်နိုင်မယ်တဲ့၊ အခုလိုပုံစံနဲ့တော့ ဒုံးပျံခွစီးပြီးလိုက်တောင် မီနိုင်မယ် မထင်ပါ။ ရုပ်ပိုင်းဘဝပြည့်မီတောင် စိတ်ဓာတ်တွေက ကျောက်ခေတ်မှာ ကျန်နေခဲ့တယ်။ ပြည်သူတွေရဲ့ စိတ်ပိုင်းဘဝကို လမ်းပြသွန်သင်တဲ့ ဘာသာရေးနယ်ပယ်မှာတောင် ခွဲခြားဆက်ဆံမှုတွေရှိနေမှတော့ ဒီမိုကရေစီ တန်ဖိုးနဲ့ စိတ်ဓာတ်တော်လှန်ရေးကို အရှိန်မြှင့်ဖို့ လိုအုံးမယ်။ ဒီမိုကရေစီခေတ် ရောက်ပြီဟေ့လို့ ပါးစပ်ကပြောရုံနဲ့ ဒီမိုကရေစီရမှာ မဟုတ်ပါ။ ဒီမိုကရေစီစနစ် တည်ဆောက်မှ ပြည်ပအကူရမယ်ဆိုပြီး ရောယောင်ပြီး ဒီမိုကရေစီလိုက်ပေမယ့် စိတ်ဓာတ်နဲ့ အတွေးအခေါ်က အာဏာရှင်ဘဝက မကျွတ်လွတ်ရင် အမှောင်ထဲကလွတ်မှာ မဟုတ်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ ဒီမိုကရေစီ နာမည်ခံပြီး ဒီမိုကရေစီအတုနဲ့ ကိုယ်ကျိုးစီးပွားသာရှာနေလို့လည်း ဒီမိုကရေစီအရသာကို ခံစားရမှာ မဟုတ်။ ကျေးပိုင် ကျွန်ပိုင်ခေတ်ပဲ ပြန်ရောက်မှာဖြစ်တယ်။
ပြည်သူပိုင်ဥစ္စာပစ္စည်းတွေကို လက်ဝါးကြီးအုပ်ထားပြီးမှ မိမိတို့ပိုင်ဆိုင်မှုကို ရဲရဲမဖော်ပြရဲတာကလည်း ဒီမိုကရေစနစ်နဲ့ ဆန့်ကျင်တဲ့အရာပဲဖြစ်တယ်။ ဒီမိုကရေစီစိတ်ဓာတ်ဆိုတာ မြန်မာတွေအဖို့ သိပ်စိမ်းနေတဲ့ အရာမဟုတ်။ တရားနဲ့အညီ နေထိုင်ကျင့်ကြံတဲ့ စိတ်ထားမျိုးသာဖြစ်တယ်။ ဒီမိုကရေစီ တရားမှာ အဆင့်အတန်းခွဲခြားတာ မရှိ၊ အလုပ်ခွဲခြားတာ မရှိ၊ ပျင်းရိသူတွေ နောက်ကျကျန်ပြီး အလုပ်လုပ်သူများ ရှေ့တန်းရောက်တယ်။ အဓိကမှာ စိတ်ထားတတ်၊ ပြင်ဆင်တတ်၊ မွေးမြူတတ်ဖို့ပင်။ တရားဥပဒေစိုးမိုးရေးက ထိပ်တန်းမှာ နေရာယူတယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေးဟာ အမြင့်ဆုံးဖြစ်လို့ အများပြည်သူအကျိုးကို ကာကွယ်စောင့်ရှောက်ဖို့က အခရာကျတယ်။
ဒီမိုကရေစီလို့ ကြွေးကြော်နေရုံနှင့် ဒီမိုကရေစီအခွင့်အရေးက ပြည်သူတွေအတွက် ဘွားခနဲ ပေါ်လာမှာမဟုတ်။ အစိုးရကိုသာ အားကိုးနေရုံနဲ့ စနစ်က ပြောင်းသွားမှာမဟုတ်၊ ဒီအစိုးရ စိတ်သဘောအမှန်နဲ့ ပြောင်းချင်စိတ်ရှိရင်လည်း ဒီမိုကရေစီရဖို့ အနှစ် ၂၀ ကျော်စောင့်နေရမှာမဟုတ်။ ကျနော်တို့ အခွင့်အရေးအတွက် ကျနော်တို့ဖာသာ တည်ဆောက်ရမှာ ဖြစ်တယ်။ ကျနော်တို့စိတ်ဓာတ်တွေကသာ ဒီမိုကရေစီစိတ်ဓာတ်မျိုး ရှိမရှိ ပြန်ဆန်းစစ်ရမှာဖြစ်တယ်။ စိတ်ဓာတ်အရည်အသွေး စံချိန်မီအောင် ကိုယ့်ဖာသာကိုယ် လေ့ကျင့်ပျိုးထောင်ဖို့ပဲရှိတယ်။
အစိုးရကိုချည်း အားမကိုးစေလိုပါ၊ ဒီအစိုးရက ပြည်သူ့အကျိုးထက် မိမိကိုယ်ကျိုးသာကြည့်တတ်တဲ့ အလေ့အကျင့်တွေ လွှမ်းမိုးနေတာမို့ အကျင့်ဆိုးတွေပြင်ဖို့ ခက်အုံးမှာပါ။ အကောင်းဆုံးက မသန့်ရှင်းတဲ့အစိုးရကို မထောက်ခံမိဖို့ပဲဖြစ်တယ်။ ဒီမိုကရေစီလမ်းမပေါ်လျှောက်ဖို့ဆိုရင် အစိုးရချည်း သိပ်အားကိုးစရာမလိုဘဲ... မိမိတို့မှာလည်း ဘာတွေလိုအပ်နေသလဲ ရှာဖွေပြုပြင်သွားမှ ဖြစ်မှာပါ...။ ပြည်သူတွေ၊ အလုပ်သမား လယ်သမားတွေ၊ ဝန်ထမ်းတွေ သန့်ရှင်းနေရင် အစိုးရရဲ့ ညစ်ပတ်မှုတွေ ဖုံးကွယ်လို့မရနိုင်ပါဘူး။ ဘယ်သူတရားပျက်ပျက် ကိုယ့်ဘက်က မပျက်စီးသူတွေများလာရင်၊ သူများ မိုးခါးရေသောက်တာကို အားမကျဘဲ ကိုယ့်သီလနဲ့ကိုယ် နေနိုင်သူတွေရှိလာရင် ကျနော်တို့မှန်းတဲ့ ဒီမိုကရေစီခေတ်သစ်ကို ရောက်ပြီလို့သာ မှတ်ကြပါ…။ ။
ကိုညို (အော်စလို)
၂၂ ဇူလိုင် ၂၀၁၃
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment