အခန်း - ၂
ကြယ်တစ်ပွင့်ကြွေ
မြေသို့မကျ
ငါ့မျက်ရည်ပါးပြင်ဆင်း
မင်းမမြင်ရ။
(မောင်လူမှိန်၊ ဆိုက်ကို အလွမ်းဟောင်း)
အခုတော့ ပစ်ခတ်သံတွေ ငြိမ်သက်သွားခဲ့ချေပြီ။
ပစ်သောသူတို့က အားရအောင် ပစ်ခတ်ပြီးနောက် ကျော့ကျော့မော့မော့နှင့် ထွက်ခွာသွားကြသည်။ သူတို့အဖို့မှာ အညောင်းညာပြေ လေ့ကျင့်ခန်းတခု လုပ်လိုက်ရသလို လွယ်လွန်းလှသည်။
ကျန်ရစ်သူတို့မှာကား သွေးအလိမ်းလိမ်း မျက်ရည်အလူးလူး။ လက်နက်အင်အား အပြည့်အစုံ တပ်ဆင်ထားသူတွေက အင်အားအလုံးအရင်းနှင့် တဖက်သတ် ဝင်ရောက်ပစ်ခတ်သွားသော အဖြစ်အပျက်ကို အားလုံး ဒီအတိုင်းကြည့်နေလိုက်ကြရသည်။ တရုတ်ကပ်မှန်တွေ ကွဲကြေပြီး သမံတလင်းပေါ် ပြန့်ကြဲနေကြသည်။ အုတ်တိုင်တွေနှင့် နံရံတို့တွင် ကျည်ဆံဒဏ်ရာကြောင့် ပဲ့ပြီးဖွာလန်ထွက်နေကြသည်ကို အထင်းသား မြင်ရသည်။ ကျောင်းသားတယောက်က ကျည်ဆံထိမှန်ထားသောနေရာတွေကို ဆော့ပင်အနီနှင့် လိုက်ဝိုင်းပြီး အမှတ်အသားပြုနေသည်။
သူငယ်ချင်းတွေ၏ ပြောစကားတွေကို စိုးအောင် ဆက်စပ်တွေးတောလိုက်သည့်အခါ ဖြစ်စဉ်တခုလုံး ကွက်ကွက်ကွင်းကွင်း ရုပ်လုံးပေါ်လာလေသည်။
စန္ဒာဝင်း လက်ဖက်ရည်ဆိုင်တွင် ကျောင်းသားနှင့် အရပ်သားတို့ မနေ့က ရန်ဖြစ်ကြရာမှ ပြဿနာ အစပျိုးခဲ့ခြင်းဖြစ်သည်။ မနေ့က ရန်ဖြစ်ကြသည်။ ပြဿနာက မပြီး။ ဒီနေ့ ကျောင်းသားတချို့ ဓားခုတ်ခံရသည်။ ထို့နောက် သမဝါယမဆိုင် မီးလောင်သည်။ (မည်သူ မီးရှို့သည်ကို ယနေ့အထိ မဖော်ထုတ်နိုင်သေး)။ ထို့နောက်တွင်မှ လုံထိန်းတပ်ဖွဲ့တွေ ရောက်လာကြခြင်းဖြစ်သည်။
ဓာတုအင်ဂျင်နီယာ ပါမောက္ခ ဒေါက်တာမောင်မောင်ဝင်းသည် ပစ်မိန့်မပေးခင်အချိန် အနည်းငယ်အလိုတွင် စက်မှုတက္ကသိုလ် ပင်မအပေါက်ဝသို့ ရောက်သွားခဲ့သည်။ စက်မှုတက္ကသိုလ် ပင်မဂိတ်ရှိဆိုင်းဘုတ်ကို ဖျက်ဆီးနေပြီဟုကြားသောကြောင့် သွားကြည့်ခြင်းဖြစ်သည်။ ကျောင်းတံခါးဝရောက်သောအခါ သူ သိထားသော အရာရှိတယောက်ကို တွေ့လိုက်ရသည်။ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးခင်ညွန့် ဖြစ်သည်။ သူနှင့် မျက်လုံးချင်းဆုံသည့်အခိုက်တွင် ဗိုလ်မှူးကြီးခင်ညွန့်က သူ့ကို နှုတ်ဆက်သည်။ သူက ပြန်လည်နှုတ်ဆက်ပြီး ထိုနေရာမှ ထွက်ခွာဖို့ပြင်သည်။ သို့သော် ဗိုလ်မှူးကြီး ခင်ညွန့်က သူ့ကို လှမ်းခေါ်လိုက်သည်။
“ဝန်ကြီးက ခင်ဗျားကို စကားပြောချင်လို့တဲ့ဗျ”
ဝန်ကြီးဆိုသူ အနားသို့ရောက်လာသည်။ ထိုသူကား ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင်ဖြစ်သည်။ ဝန်ကြီးသည် သူ့ကို တချက်မျှ စူးစူးစိုက်စိုက်ကြည့်ပြီး အကဲခတ်သည်။
“အခုဒီကိစ္စဟာ ပညာရေးနဲ့လည်း မဆိုင်ဘူး။ နိုင်ငံရေးနဲ့လည်း မဆိုင်ဘူး။ ဆရာတို့လည်း သိမှာပါ။ ဒါဟာ မှုခင်းကိစ္စပဲဆိုတာကို ကျောင်းသားတွေနားလည်အောင် ရှင်းပြပေးစေချင်တယ်”
ဗိုလ်ချုပ်မင်းဂေါင်သည် ဆရာ့ကို တာဝန်ပေးသကဲ့သို့ ပြောသည်။ သို့သော် ဆရာသည် ကျောင်းသားများအား ရှင်းလင်းပြောကြားချိန် မရခဲ့။ ထိုနေရာမှ ပြန်လှည့်လာပြီးနောက် ကျောင်းသားများထံ ပြန်မရောက်မီမှာပင် သူ မျှော်လင့်မထားသော အဖြစ်အပျက်များ တခုပြီးတခုဖြစ်လာတော့သည်။
စင်စစ် လုံထိန်းတို့သည် ကျောင်းသားများကို ပစ်ခတ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့။ ထိုအချိန်တွင် ကျောင်းသားနှင့်အရပ်သားတို့မှာ လူစုကွဲခဲ့ကြပြီဖြစ်သည်။ ကျောင်းသားအများစုမှာ ကျောင်းဝန်းထဲ ပြန်ရောက်နေကြပေပြီ။ ကျောင်းသား၊ အရပ်သား ပဋိပက္ခ၏ အထွဋ်အထိပ်ကိုလွန်မြောက်ပြီး ကျောင်းသားတွေ ကျောင်းထဲ ပြန်ရောက်လာပြီဖြစ်သောကြောင့် တဖြည်းဖြည်း အေးဆေးငြိမ်သက်သွားတော့မည်ဟု ထင်ခဲ့ကြသည်။ ကျောင်းသားတွေကို သီးခြားခွဲပြီးမှ ပစ်ခတ်လိမ့်မည်ဟုကား မည်သူမျှထင်မထားခဲ့။ မပစ်ခတ်ခင် ကြိုတင်သတိပေး ကြေညာတာမျိုးလည်း မလုပ်ခဲ့။ ထို့ကြောင့်လည်း တကယ်တန်း ပစ်ပြီခတ်ပြီဆိုသောအခါ ကျည်ဆံကြားမှ အသက်လု ပြေးလွှားကြရသူများတွင် ဆရာများပင် အပါအဝင် ဖြစ်ခဲ့သည်။
သတ္တုတူးဖော်ရေး အင်ဂျင်နီယာဌာန (မိုင်းနင်း) မှ နည်းပြဆရာလေး ဦးစိုးမြင့်သည် တခြားကျောင်းသားတွေနှင့်အတူ အသက်လု ပြေးခဲ့ရသူတယောက်ဖြစ်သည်။
ဆရာဦးစိုးမြင့်နှင့် မလှမ်းမကမ်းတွင် ထွက်ပြေးလာသော ကျောင်းသားတယောက် မှောက်လျက်လဲကျသွားသည်။ ကျည်ဆံဖောက်ဝင်သွားခဲ့လေပြီ။ တခြားကျောင်းသားနှစ်ယောက်နှင့် ဆရာဦးစိုးမြင့်သည် လဲကျသွားသော ကျောင်းသားကို စွန့်စားထူမပြီး ဘေးကင်းရာသို့ ဆွဲခေါ်ယူခဲ့သည်။ ထိုကျောင်းသားမှာ ပဉ္စမနှစ်ကျောင်းသား ဖုန်းမော် ဖြစ်သည်။
မြင့်ဦးကတော့ ရေပန်းကြီးအနီးတွင် တခြားကျောင်းသားတွေနှင့် အတူထိုင်နေခဲ့သည်။ စင်စစ်သူသည် လှုပ်ရှားမှုတွင် တက်တက်ကြွကြွ ပါဝင်နေသူတယောက် မဟုတ်။ ပွဲကြည့်ပရိသတ်ပမာ အေးအေးလူလူ လေ့လာနေသူတွေထဲက တယောက်ဖြစ်သည်။ မျက်ရည်ယိုဗုံး စတင်ဖောက်ခွဲသောအခါ ဘေးကင်းရာသို့ အလျင်အမြန် သူ ထွက်ပြေးသည်။ သို့သော် နောက်ကျောတွင် ပူခနဲဖြစ်သွားသည်။ ဘာဖြစ်သည်ကို တိတိပပ မသိသေး။ သို့သော် နောက်ကျောမှာ တဖြည်းဖြည်း အောင့်လာသည်။ သူ့နောက်ကျောကို ပြန်စမ်းကြည့်လိုက်သောအခါ သွေးတို့စိုရွှဲနေလေသည်။ ညာဘက် လက်ပြင်အောက်ဘက်နားတွင် ကျည်ဆံထိမှန်ခဲ့လေပြီတည်း။
ရူပဗေဒ ဌာနမှူး ဆရာဦးသာလှိုင်သည် Building one အဆောင်တစ်အောက်တွင် ရှိနေသည်။ ကျောင်းသားတချို့က ကျည်ဆံထိမှန်ထားသော ကျောင်းသားနှစ်ယောက်ကို ပွေ့ခေါ်လာကြသည်။ ထိုကျောင်းသား နှစ်ယောက်စလုံးတွင် သွေးတို့ဖြင့် စိုရွှဲနေသည်။ ကျောင်းသားတယောက်သည် ကျည်ဆံထိမှန်ထားသော်လည်း သတိရနေသည်။ နာနာကျင်ကျင် ငြီးငြူနေသည်။ ထိုကျောင်းသားမှာ မြင့်ဦးဖြစ်သည်။ နောက်ကျောင်းသားတယောက်မှာမူ ငြီးသံပင် မထွက်တော့။ အနီးသို့ကပ်လိုက်စဉ်တွင် မျက်ဖြူလန်သွားသည်။
ဆရာ့ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ဆရာသည် ထိုကျောင်းသား၏ လည်ပင်းသွေးပြန်ကြောပေါ်တွင် လက်ချောင်းတင် စမ်းသပ်ကြည့်သည်။ သွေးပြန်ကြောသည် မလှုပ်ရှားတော့။ ဖုန်းမော် သေဆုံးလေပြီ။ ကျောင်းသားတယောက်သည် ဆရာ့မျက်နှာကို အားကိုးတကြီး မော့ကြည့်သည်။ ဆရာက ခေါင်းကို မသိမသာ ယမ်းပြလိုက်သည်။ ထိုကျောင်းသားသည် တောက်တချက်ပြင်းပြင်း ခေါက်လေသည်။ လက်သီးကို တင်းတင်းဆုပ်ပြီး အံကိုတင်းတင်းကြိတ်ထားလေသည်။ ထိုသို့တင်းထားသည့်ကြားမှပင် သူ့ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးကျလာလေသည်။
လက်ထောက်ကထိက ဆရာ ဦးစိန်မောင်နှင့် ဆရာတချို့ကား ပဉ္စမနှစ် မိုင်းနင်းကျောင်းသား စိုးနိုင်ကို ကယ်တင်ဖို့ အပြင်းအထန် ကြိုးစားခဲ့သည်။ စိုးနိုင်သည် သတိမလစ်။ ဆရာ ကျွန်တော့်ကို ထိသွားပြီဟု ပြောသည်။ ဒဏ်ရာကို ဆရာများနှင့် တခြားကျောင်းသားတွေ ဝိုင်းဝန်းရှာဖွေကြသည်။ နောက်ကျောဘက် ခါးဘယ်ဘက်ခြမ်းနေရာတွင် လက်ညှိုးတချောင်းစာ အပေါက်တစ်ပေါက်ကို တွေ့ရသည်။ ကျည်ဆံဖောက်ဝင်သွားသော အပေါက်ဖြစ်သည်။ နောက်က ဖောက်ဝင်ထားသော ကျည်ဆံသည် ရှေ့ဘက်တွင် ပေါက်ထွက်မသွား။ ရှေ့ဘက် ဝမ်းဗိုက်တွင် ညိုမည်းစူထွက်နေသော နေရာတနေရာကိုသာ တွေ့ရသည်။
စိုးနိုင်ကို ဆေးရုံပို့ဖို့ရာ ကားအလွယ်တကူရှာမရ။ နောက်ဆုံးတွင် ဆရာတယောက်၏ကားဖြင့် ပို့ရန်စီစဉ်ကြသည်။ သို့သော် ကျောင်း၏ မိန်းဂိတ်ဝတွင် စစ်သားတွေ စောင့်ကြပ်နေဆဲဖြစ်သည်။ ဆေးရုံသွားမည့် သူတို့ကားကို ထွက်ခွင့်မပေး။ ပြန်လှည့်ခဲ့ရသည်။ စိုးနိုင်၏ဒဏ်ရာမှာ အချိန်ကြန့်ကြာလာသည်နှင့်အမျှ စိုးရိမ်စရာကောင်းလာသည်။ “ဗိုက်ထဲမှာ သိပ်အောင့်လာပြီ ဆရာ၊ ကျွန်တော်နေရတော့မှာ မဟုတ်ဘူး” ဟု စိုးနိုင်က ပြောသည်။ ဆေးရုံပို့ခွင့်ရဖို့ သူတို့ နောက်တကြိမ် ထပ်ကြိုးစားကြပြန်သည်။ သည်တကြိမ်တွင်မှ ဆေးရုံပို့ခွင့်ရသည်။ အကယ်၍ ထိုစဉ်က စောစောစီးစီးသာ ဆေးရုံပို့ခွင့်ရခဲ့ပါမူ စိုးနိုင် အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးပေမည်။
ခြေထောက်တွင် ကျည်ဆံထိမှန်ထားသော ကျောင်းသားတယောက်လည်း စိုးနိုင်ကို သယ်ဆောင်သွားသောကားနှင့်အတူ ဆေးရုံသို့ ပါသွားသည်။ ထိုကျောင်းသားသည် ပုဏ္ဏရိပ်ပင်တွေကြားတွင် ပုန်းနေခဲ့သည်။ မြေပြင်တွင် ပြားနေအောင် ဝပ်နေခဲ့လေသည်။ ထိုသို့ဝပ်နေခိုက် သူ့ရှေ့မလှမ်းမကမ်းတွင် မျက်ရည်ယိုဗုံးတလုံး ကျလာသည်။ မျက်ရည်ယိုဗုံးကျလာပြီး မီးခိုးငွေ့လေးတွေ တလိပ်လိပ်ထွက်လာသည်။
သူသည် ငေးကြည့်နေရာမှ ရုတ်တရက် သတိရလာပြီး မျက်နှာကို မြက်ခင်းပြင်ပေါ်တွင် မှောက်ထားလိုက်သည်။ သူ့ရင်သည် တဒိန်းဒိန်းခုန်နေလေသည်။ သူ့မျက်နှာ ပြန်မော့ကြည့်လိုက်သောအခါ မျက်ရည်ယိုဗုံးသည် မီးခိုးကုန်ခမ်ပြီး ငြိမ်သက်နေလေပြီ။ သူသည် မျက်ရည်ယိုဗုံးကို သက်သေခံ ပစ္စည်းအဖြစ်သိမ်းဆည်းထားဖို့ရာ စိတ်ကူးရလိုက်လေသည်။ ဝပ်နေရာမှထ၍ မျက်ရည်ယိုဗုံးခွံကို ကောက်ယူလိုက်သည်။ ထိုခဏတွင် ကျည်ဆံသည် သူ့ညာဘက်ခြေသလုံးကို ထိမှန်လေသည်။ ထိုကျောင်းသား၏အမည်မှာ မြအောင် ဖြစ်သည်။ မြအောင်ကို စိုးနိုင်နှင့်အတူ ကားပေါ်တင်၍ ဆေးရုံပို့လိုက်ကြလေသည်။
ရေပန်းအနီးနှင့် ပုဏ္ဏရိပ်ပင်တွေကြား ပုန်းအောင်းနေသော ကျောင်းသားတချို့ကိုလည်း လုံထိန်းတို့က ဝိုင်းဝန်းရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
သေနတ်ကျည်ဆံ ထိမှန်ခဲ့သော ကျောင်းသားအားလုံးတို့၏ဒဏ်ရာမှာ နောက်ဘက်မှ ထိမှန်သောဒဏ်ရာများသာ ဖြစ်သည်။ သူတို့သည် လုံထိန်းတွေ၊ စစ်သားတွေကို ခုခံတိုက်ခိုက်ကြသူများ မဟုတ်၊ တုန့်ပြန်ရန်မူကြသူများ မဟုတ်၊ အသက်အန္တရာယ်မှ ထွက်ပြေးတိမ်းရှောင်ကြသူများသာဖြစ်ကြောင်း ထိုအချက်က သက်သေထူနေလေသည်။ လက်နက်ဟူ၍ အပ်တိုတချောင်းမျှ မပါသည့်အပြင် အသက်အန္တရာယ်မှ လွတ်ရာလွတ်ကြောင်းအတွက် ထွက်ပြေး ပုန်းရှောင်ကြသူတွေကို သားကောင်ကို မုဆိုးက အမဲလိုက်သည့်နှယ် နောက်ကနေ လိုက်လံပစ်ခတ်ခဲ့ကြလေသည်။ ကျောင်းဝန်းထဲအထိ ကျော်နင်းဝင်ရောက်ပြီး ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။
ကျောင်းသားတွေနှင့်ရန်ဖြစ်သော ရပ်ကွက်သူရပ်ကွက်သားများကိုမူ လက်ဖျားနှင့်ပင် မတို့၊ ရေပိုက်နှင့်ပင် မပက်၊ တုတ်နှင့် တချက် မရိုက်ခဲ့ချေ။ ကျောင်းသားများကိုသာ တဘက်သတ် နှိမ်နင်းခဲ့လေသည်။ စက်မှုတက္ကသိုလ် ကျောင်းသားများ အပေါ်တွင် အာဏာပိုင်တို့ ရန်ငြိုးဖွဲ့သိုပြီး လက်စားချေ တုန့်ပြန်ခဲ့လေသလော။ မကြာခဏ ရှေ့တန်းက လှုပ်ရှားတတ်ကြသော ကျောင်းသားများကို ဒီတခါတော့ ဦးချိုးလိုက်မည်ဟု တွေးတောခဲ့လေသလော။
စွယ်တော်ရိပ်တွင် သွေးစွန်းထင်ခဲ့လေပြီ။ ပုဏ္ဏရိပ်ကိုင်းတို့ ကျိုးပြတ်ကျခဲ့သည်။ တရုတ်စကားပွင့်တို့ ကြွေလွင့်ခဲ့လေသည်။
ကျောင်းသားတချို့ ငေးငိုင်နေကြသည်။ ကျောင်းသားတချို့၏မျက်နှာတွင် မျက်ရည်စတို့ စီးကျနေသည်။ ကျောင်းသားတချို့၏ အဝတ်အစားတွေတွင် သွေးတွေ အကွက်လိုက် အကွက်လိုက် ပေကျံနေသည်။ ကျောင်းသားတချို့ လက်သီး တင်းတင်းဆုပ်ထားကြသည်။ ကျောင်းသားတချို့မှာမူ တီးတိုးတီးတိုးနှင့် ခေါင်းချင်းဆိုင်တိုင်ပင်နေကြသည်။
ဘာ့ကြောင့် ကျောင်းသားတွေ စကားကို တီးတိုးတီးတိုးပြောနေကြသနည်း။ တခြားကျောင်းသားတို့၏ ဝမ်းနည်းကြေကွဲမှုကို မနှောင့်ယှက်လိုသောသဘောနှင့် အသံကိုနှိမ့်ချပြောဆိုနေကြဟန်တူသည်။ လူတွေ၏ အပြုအမူမှာ ဈာပနအခမ်းအနားတခုတွင် ရောက်နေကြသလိုဖြစ်နေသည်။ တကယ်တော့ ထိုနေရာသည် ဈာပနအခမ်းအနားနှင့်ပင် မတူ။ စစ်မြေပြင်တခုနှင့် ပိုတူသည်။ လောလောလတ်လတ် ဗုံးကြဲခံထားရသော မြို့ပျက်တခုနှင့် တူသည်။
သေဆုံးသူ ဖုန်းမော်နှင့် ဒဏ်ရာရသူ မြင့်ဦးကိုလည်း ဆေးရုံပို့လိုက်ကြပေပြီ။ ဖုန်းမော်၏ သွေးစွန်းနေသော စွပ်ကျယ်မှာမူ ကျန်ရစ်ခဲ့သည်။
ပိသုကာကျောင်းသားတွေ လက်တွေ့ သင်ခန်းစာလုပ်ရန် စုဆောင်းထားသော အုတ်ခဲတွေကို တချို့က သယ်ဆောင်လာသည်။ အုတ်ခဲတွေကို အင်္ဂတေနှင့်မံပြီး အဆောင်တစ် ဆင်ဝင်အောက်တွင် ကြယ်ပွင့်တစ်ပွင့်ပုံစံ ပြုလုပ်လိုက်ကြသည်။ သြဘာလမ်းထိပ်လောက်တွင် ထိုကြယ်ပွင့်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကြယ်ပွင့်၏အလယ်တွင် သွေးစွန်းနေသော စွပ်ကျယ်ကို ချထားသည်။ ထို့နောက် စုဆောင်းကောက်ယူ၍ ရသမျှ ကျည်ဆံခွံများနှင့် မျက်ရည်ယိုဗုံး အခွံများကိုလည်း ထည့်ထားလိုက်သည်။ ပိုင်ရှင်မဲ့နေပြီဖြစ်သော ဖိနပ်တရံလည်း ပါဝင်လေသည်။
ကင်မရာ ဖလက်ရှ်ဂန်းမှ မီးရောင်လက်ခနဲ လင်းသွားသည်။ ပိသုကာကျောင်းသား ညွန့်ဝင်းက ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်လိုက်ခြင်းဖြစ်သည်။ သူ့ရှပ်အင်္ကျီအဖြူတွင် သွေးစက်တို့ စွန်းထင်နေသည်။ ပဉ္စမနှစ်ကျောင်းသား ကျော်နိုင်မင်းသည် သူနှင့် မလှမ်းမကမ်းတွင် ငိုင်နေသည်။
တိုင်ပင်ဆွေးနွေးနေကြသော ကျောင်းသားတွေထဲတွင် အေးလွင်နှင့် ယဉ်အေးတို့ကိုလည်း တွေ့ရသည်။
စိုးအောင် ဘာလုပ်ရမည် မသိ။ သို့သော် သမိုင်းဝင် အရေးအခင်းကြီးတခုကို သူ ကြုံတွေ့နေပြီဆိုသောအချက်ကိုတော့ သတိထားလိုက်မိသည်။ ကြယ်ပွင့်ကိုကြည့်ရင်း သူ့နှလုံးသားတွင် တဆစ်ဆစ်နာကျင် ကိုက်ခဲနေသည်။ သွေးစွန်းသော စွပ်ကျယ်၊ မျက်ရည်ယိုဗုံး အခွံ၊ ကျည်ဆံခွံတွေနှင့် ပိုင်ရှင်မဲ့သော ဖိနပ်တရံ။ ထိုအရာ အားလုံးကို နောင်နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် သူ့မျက်စိတွင် စွဲထင်နေသည်။ အိပ်မက်ထဲတွင် အကြိမ်ကြိမ်မြင်မက်သည်။ ထိုကြယ်ပွင့်ကား ဖျောက်ဖျက်၍မရမည့် ကြယ်ပွင့်ပေတကား။ ထိုကြယ်ပွင့်ကို ရင်၌ အပြီးအပိုင် သိမ်းဆည်းထားသူတွေ အများအပြား ရှိခဲ့ချေပြီတကား။
သည်သွေး၊ သည်ကျည်ဆံ၊ သည်သေနတ်သံတို့သည် စိုးအောင်ကို နိုင်ငံရေးလောကထဲသို့ ဆွဲခေါ် သိမ်းသွင်းခဲ့လေသည်။ သည်လေထုထဲတွင် ကျည်ဆံတွေ ဖြတ်သန်းပြေးလွှားခဲ့သည်။ သည်ကျည်ဆံတွေသည် ကျောင်းသားတွေကို တော်လှန်သော ကျောင်းသားများအဖြစ် အသစ်မွေးဖွားပေးလိုက်လေပြီ။ ထိုနေ့ကပစ်ခတ်ခဲ့သော ကျည်ဆံ အရည်အတွက်ထက်ပင် ပိုမိုများပြားသော တော်လှန်ရေးကျောင်းသားတို့ ပေါ်ထွက်လာလိမ့်မည်ဟူသောအချက်ကိုမူ မဆလ အစိုးရကိုယ်တိုင်ပင် ထိုစဉ်က မရိပ်မိခဲ့ပါချေ။
မတ်လ ၁၄ ရက်နေ့ အစိုးရသတင်းများတွင် ကျောင်းသားနှင့် အရပ်သားများ ရန်ဖြစ်ပြီး အရပ်သားတို့၏လက်ချက်ဖြင့် ကျောင်းသားတယောက် သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။ ပြောင်ပြောင်တင်းတင်း လိမ်ချေပြီ။ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သောအဖြစ်မှန်ကို ဖုံးကွယ်ဖျောက်ဖျက်ခဲ့လေပြီ။ လုံထိန်းတပ်ဖွဲ့လက်ချက်ဖြင့် သေဆုံးကြောင်းကိုလည်း ဝန်မခံ။ ကျောင်းသားအားလုံး ဒေါသူပုန်ထခဲ့ကြသည်။ ပြောင်လိမ်ညာသည့်လုပ်ရပ်တိုင်းသည် ကျောင်းသားတို့၏ဒေါသကို ဒီရေအလား တရိပ်ရိပ် တိုးပွားစေလေသည်။
မော်ကွန်းထိန်း ဦးဘိုအေးကို ဖိအားပေးပြီး ဖုန်းမော် ကျည်ဆံထိမှန်သေဆုံးတာ အမှန်ဖြစ်ကြောင်း ကျောင်းသားများက လက်မှတ်ရေးထိုးခိုင်းကြသည်။ ဆရာသည် အကျပ်အတည်းကို ရင်ဆိုင်ရသည်။ ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ် လှည်းထုတ်။ တဖက်က ဝိုင်းဝန်းပြောဆိုဖိအားပေးကြသော ကျောင်းသားများ။ ထိုကျောင်းသားတွေပြောသမျှ အမှန်တွေဆိုတာလည်း သူ သိသည်။ သို့သော် လက်မှတ်ရေးထိုးပေးလိုက်လျှင် နောက်ဆက်တွဲ ဖြစ်လာမည့် အဖြစ်အပျက်တို့မှာ မှန်းဆ၍မရ။ မဆလ အစိုးရ ဘယ်လောက် ရက်စက်တတ်ကြောင်းကိုလည်း သူ သိနေပြန်သည်။ သို့သော် ကျောင်းသားတွေ၏ နာကျင်ကြေကွဲမှုနှင့် သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသော ရက်စက်မှုတွေဘက်က အလေးသာသွားခဲ့သလား မဆိုတတ်။
နောက်ဆုံးတွင် ဆရာက လက်မှတ်ရေးထိုးပေးလိုက်သည်။ ထိုသို့ လက်မှတ်မရေးထိုးခဲ့လျှင် နောင်နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်ကြာသည့်တိုင် ကျောင်းသားတွေ သေမသေဆိုတာ အငြင်းပွားနေရနိုင်သည်။ သမိုင်းတလျှောက်တွင် မြောက်များစွာသော အမည်မဖော်ထုတ်နိုင်သည့် ကျောင်းသား အာဇာနည်တွေ ရှိကြသည်။ ထိုစဉ်က လက်မှတ်မရေးထိုးနိုင်ခဲ့လျှင် ဖုန်းမော်၊ စိုးနိုင်တို့သည်လည်း အမည်မဖော်နိုင်သော အာဇာနည်စာရင်းတွင် ထပ်မံတိုးဝင်လာမည့် ဂဏန်းတလုံးမျှသာ ဖြစ်ခဲ့လိမ့်မည်။ မဆလ စစ်အစိုးရ၏ လိမ်ညာမှုကို ဤနည်းအားဖြင့် သူတို့ ဖော်ထုတ်နိုင်ခဲ့လေသည်။ သမိုင်းအမှားရေးမည့် အာဏာပိုင်တို့၏ ကြိုးပမ်းချက်ကို ချေဖျက်ပြီး အမှန်တရားကို ပြည်သူတွေသိရှိအောင် တည့်မတ်ပေးနိုင်ခဲ့လေပြီ။
သို့သော် ဒီနေ့သည် အစ၏ အစမျှသာဖြစ်လေသည်။
********
ဆက်လက်ဖော်ပြပါမယ်။
သူ့ရဲ့ဖေ့ဘုတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment