Tuesday, July 23, 2013

နိုင်ငံရေးသမားတွေ လူထုကို မေ့လျော့နေကြသည် (ဖေမြင့်)

‘ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်လျှင်လည်း NLD အနေဖြင့် နိုင်ငံ့အကျိုးရှေးရှုပြီး အကောင်းဆုံးလမ်းကိုသာ ဆက်လျှောက်မည်’ တဲ့။ ၂၁ ဇူလိုင် ၂၀၁၃ Daily Eleven သတင်းစာပါ သတင်းခေါင်းစဉ်တစ်ခုက ဖော်ပြထားသည်။ 

သည်ဟာ ဖတ်ရတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတစ်ရပ်အဖြစ် ကြေညာပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအနေဖြင့် သည်အရေးကိစ္စအပေါ် လေးနက်မှု လျော့သွားလေသလား သံသယဖြစ်မိသည်။ 

တစ်ဖက်တွင် ဖွဲ့စည်းပုံကို စောင့်ကြပ်သူတို့သည် အလျှော့ပေးလိမ့်မည်မဟုတ်ဟူ၍ မိမိတို့ဘာသာ နားလည်လက်ခံကာ သည်ကိစ္စတွင် မသိမသာ နောက်ဆုတ်သွားခြင်းလားဟုလည်း စဉ်းစားစရာ ဖြစ်သည်။ အချို့ပုဂ္ဂိုလ်များအနေနှင့်မူ ဘာအပေးအယူ တစ်စုံတစ်ရာရှိ၍ သည်ကိစ္စကို အလဲအလှယ်ပြုလေသလဲဟုပင် ထင်စရာရှိ၏။ 


အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းသည့်အခါ ပြိုင်ဘက်အင်အားစုများအကြား ညှိနှိုင်းမှု၊ အပေးအယူ အလျှော့အတင်းပြုမှုများ လုပ်ရလိမ့်မည်၊ သို့မှသာ အကူးအပြောင်း ဖြောင့်တန်း ညင်သာမည်ဟု နိုင်ငံရေးပညာရှိတို့ ဆိုကြတာတော့ ရှိသည်။ သို့သော် ထိပ်သီးချင်းပြုလုပ်သည့် ပွင့်လင်းမြင်သာမှုမရှိသော ညှိနှိုင်းမှုတွေ များပြားလာခဲ့သည်ရှိသော် နိုင်ငံရေးဖြစ်စဉ်တွင် အများပြည်သူတို့ အရာမဝင်ဖြစ်ကာ ဒီမိုကရေစီ အနှစ်သာရများ ပျက်ပြယ်လိမ့်မည်။ 

ထားပါတော့၊ အဲဒါက NLD ၏ အပိုင်းဖြစ်သည်။ အခြားပါတီအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများကော ဖွဲ့စည်းပုံကိစ္စတွင် ဘာလုပ်နေကြသနည်း။ 

ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ သို့မဟုတ် အသစ် ပြန်လည်ရေးဆွဲရေး၊ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး၊ တိုင်းရင်းသားတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး စသည့်ကိစ္စများကို ရန်ကုန်မြို့တွင်ရော ပြည်နယ်ဒေသများမှာပါ နိုင်ငံရေးပါတီ အဖွဲ့အစည်းအများအပြားက ပုဂ္ဂိုလ်တွေ ဆွေးနွေးပြောဆိုနေကြတာ မကြာခဏ ကြားသိနေရသည်။ သို့သော် လက်ရွေးစင်ပုဂ္ဂိုလ်တွေ နားလည်တတ်သိသူတွေချည်း ကျိတ်ဝိုင်းဖွဲ့ကာ ပညာရှင်ဆန်ဆန် ဆွေးနွေးပုံမျိုးတွေ ဖြစ်နေသည်။ လူထုများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာ၊ လူထုသဘောဆန္ဒတွေ နားထောင် မှတ်သားတာ မတွေ့ရ။ 

ထို့ပြင် ဆွေးနွေးဝိုင်းများမှနေ၍ ဟောဒါ ကျွန်တော်တို့ ပြင်ဆင်ချင်တဲ့အချက်တွေ၊ ဟောဒါ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် နမူနာ၊ စသည်များကိုလည်း အများပြည်သူကြား ထင်ထင်ရှားရှား ဖြန့်ချိတင်ပြတာမျိုး မတွေ့ရ။ 

အဲဒါ ဘာကြောင့်လဲ။

နိုင်ငံရေးသမားများမှာ ကိုယ်ပိုင် အစီအစဉ် မရှိကြဘူးလား။ အစိုးရက စတင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အစီအစဉ်အတိုင်းလိုက်ပါရန် စောင့်ဆိုင်းနေကြသည်လား။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ယခုတော့ အဲသည်အတိုင်း ဖြစ်လာနေတာ မြင်ရသည်။ 

လက်ရှိ ဖွဲ့စည်းပုံမှာ ပြင်စရာ ဆင်စရာတွေ များစွာရှိပါသည်ဟု ပြောဆိုနေကြသော်လည်း တကယ် လက်တွေ့ ပြင်ဆင်ရေးအတွက် မည်သည့် အတိုက်အခံပါတီ အဖွဲ့အစည်းကမှ ထထကြွကြွ လှုပ်ရှားဆောင်ရွက်မှုမပြုဘဲရှိနေစဉ် အာဏာရပါတီက ဦးဆောင်မှုယူလိုက်တာ မြင်ကြရသည်။ 

ကာင်းပြီ၊ ခင်ဗျားတို့အားလုံး ပြင်ချင်နေတဲ့ ဖွဲ့စည်းပုံကို ကျွန်တော်တို့ကိုယ်တိုင်ပဲ ကမကထလုပ်ပြီး ပြင်ပေးမယ် ဟူသော သဘော။ သို့သော် လက်ရှိ ဖွဲ့စည်းပုံကို ဦးဆောင်ရေးဆွဲခဲ့ပြီး ၎င်းဖြင့်ပင် အာဏာရရှိခဲ့သော ပုဂ္ဂိုလ်တို့က ဦးဆောင် ပြင်ဆင်မည်ဆိုလျှင် ဘာတွေ ဘယ်လောက် ပြင်ဆင်လိမ့်မည်နည်း။ 

အများပြင်ဆင်ချင်သည်ဆိုသော အချက်များထဲက ကိုယ်တိုင်လည်း ဒါတော့ ပြင်သင့်သည်ဟု သဘောရသည့် အချက်တွေကိုပြင်၍ အများမစဉ်းစားဘဲ ၎င်းတို့သာ စဉ်းစားထားသည့် မည်သည့်အချက်တွေ ဖြည့်စွက်လာမည်နည်း။ ထားပါတော့၊ အဲဒါ နောက်တော့ သိရလိမ့်မည်။ 

အရေးကြီးတာက ပြင်ပြီးသည့်အခါ လူထုအတွက် ဘာတွေပါလာမည်ဟု မျှော်လင့်နိုင်သလဲ။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုများ ပြည့်ဝသည့် ဒီမိုကရေစီစနစ်ဆီသို့ ဘယ်လောက်နီးစပ်သွားမည်လဲ။ ဒါတွေပြောသည့်အခါ ဘာမှမလုပ်ရသေးမီ အပြစ်ပြောနေသည်ဟု ထင်စရာရှိသည်။ သို့သော် နောက်မှပြောသည့်အခါကျတော့လည်း ခင်ဗျားတို့က စောစောစီးစီးမပြော၊ ပြီးပြီဆိုတော့မှ ဘာပြင်ပေးပါ ညာပြင်ပေးပါ လာပြောနေတယ်ဟု ဆိုကြလိမ့်ဦးမည်။ 

စဉ်းစားကြည့်ပါ။ ယခု ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ကော်မရှင်ဆိုတာ စဖွဲ့နေပြီ။ ပြည့်ပြည့်စုံစုံ ဖွဲ့စည်းပြီးပြီဆိုလျှင် ဒါသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်နှင့် အလားတူ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခွင့်ရလိမ့်မည်။ 

တစ်နည်းပြောသော်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ၎င်းအဖွဲ့၏ သဘောဆန္ဒပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်လိမ့်မည်။ ဘာတွေ ပြင်မည် မပြင်ဘူးဆိုတာ ၎င်းအဖွဲ့က ဆုံးဖြတ်လိမ့်မည်။ 

အဲသည်အဖွဲ့မှာ ဘယ်သူတွေပါသနည်း။ 

လောလောဆယ် စတင်ထားသည့် စာရင်းအရတော့ ပြင်ဆင်ရမည်ဆိုသော ၂၀၀၈ ဖွဲ့စည်းပုံကို ဦးဆောင်ရေးဆွဲကာ ၎င်းအရ ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အာဏာရပါတီမှ ကိုယ်စားလှယ်များက အရေအတွက် အများအပြား ပါဝင်နေတာ တွေ့ရသည်။ သည့်အပြင် အခြား ပါတီအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တွေလည်း (အချိုးကျသဘော) အနည်းအကျဉ်းစီ ပါဝင်ရာ ၎င်းတို့အသီးသီး၏ သဘောဆန္ဒများကို ဖော်ပြခွင့်ရနိုင်စရာ အကြောင်းရှိသဖြင့် အမြင်အားဖြင့် မဆိုးသလို ထင်ရသည်။ 

သို့သော် အားလုံး၏ သဘောဆန္ဒတွေ ပြောကြ ဆိုကြပြီးနောက်၌ မတူသော အချက်တွေအတွက် မဲခွဲဆုံးဖြတ်ကြလျှင် ဘယ်သူ့ဆန္ဒသည် အတည်ဖြစ်မည်နည်း။ 

၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲစဉ်က ရေးဆွဲရေးအဖွဲ့ကို ဘယ်ပုံ ဖွဲ့စည်းခဲ့သလဲ၊ ဘယ်လို အချိုးအစားတွေဖြင့် ထည့်သွင်းခဲ့သလဲ၊ စဉ်းစားကြည့်ပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အများစုအနိုင်ရခဲ့သော NLD သည် ဖွဲ့စည်းပုံ ရေးဆွဲရေးမှာ ကိုယ်စားလှယ် အချိုးအစား ဘယ်ရွေ့ ဘယ်မျှ ရရှိခဲ့သလဲ။ 

ထားပါတော့၊ အဲဒါက နိုင်ငံရေးသမားတို့၏ အပိုင်းဖြစ်သည်။ လူထုအပိုင်းကိုကြည့်ရသော် လူထု ဘာတတ်နိုင်သနည်း။ 

လာလောဆယ် အနေအထားအရတော့ တစ်နေ့သောအခါ အဲသည်အဖွဲ့က ဖွဲ့စည်းပုံ ပြင်ဆင်ရေးသားပြီး၍၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဆိုတာကြီး လုပ်လာသည့်အခါ အသည်းကြားက မဲတစ်ပြားဆိုတာကို ပေးကြရလိမ့်မည်။ ခြိမ့်ခြိမ့်သဲကျင်းပမည့် မဲပေးပွဲကြီးတွင် လူထုက ဘာဆန္ဒတွေ ထုတ်ဖော်ပြသနိုင်ကြ၍ ဘာအကျိုးရလဒ်တွေ ခံစားရစရာရှိသနည်း။ 

အဲသည် ပြင်ဆင်ထားတာကြီးကို ကိုယ်က ဘာလုပ်နိုင်တာမှတ်လို့ ဟူ၍ ဖြစ်စေ၊ အော်၊ ပြင်ဆင်ဖော်ရပေတာပဲ ဟူ၍ ဖြစ်စေ၊ ဘာမှန်း နားမလည်၍ဖြစ်စေ ထောက်ခံပေးလိုက်ကြလျှင် အဲသည် ပြင်ဆင်ချက်များသည် အတည်ဖြစ်လိမ့်မည်။ 

အဲဒါကြီးကို မကြိုက်၍ ဝိုင်းပြီး ကန့်ကွက်မဲပေးလိုက်လျှင်ကော ဘာဖြစ်မည်နည်း။ အဲဒါကြီး ပျက်သွားပြီး ယခု တည်ရှိနေတာကြီး ဆက်လက်တည်ရှိနေမည်ပေါ့။ ဦးဆောင်ပြင်ဆင်သူများအဖို့တော့ ခေါင်းကျကျ ပန်းကျကျ အနိုင်ချည်း ဖြစ်သည်။ 

ထို့ကြောင့် ရေးဆွဲပြီးကာမှ ထောက်ခံ ကန့်ကွက် ဆန္ဒမဲပေးရတာထက် ရေးဆွဲဆဲကာလမှာ လူထုက မိမိသဘောဆန္ဒတွေ ဖော်ပြခွင့်ရဖို့ လိုသည်။ လူထုက ဖွဲ့စည်းပုံမှာ ဘာတွေ ပြင်ပါ၊ ဘာတွေ ဖြည့်စွက်ပါ ဆိုတာတွေကို ဘယ်လို ဝိုင်းဝန်း ဆွေးနွေးကြ၊ ဘယ်ပုံ အတည်ပြုကြပြီး ရေးဆွဲရေးအဖွဲ့ကို ဘယ်လို တင်ပြနိုင်ကြမည်လဲ။ 

အဲဒါတွေ ဦးစီးဆောင်ရွက်ဖို့ လူထုကိုယ်စားလှယ်တွေ လိုနေသည်။ အများပြည်သူကြားမှာ စည်းရုံးဆော်သြကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆွေးနွေးပွဲတွေ ကျင်းပဖို့၊ အဲသည် ဆွေးနွေးပွဲများမှနေ၍ အများပြည်သူ၏ သဘောဆန္ဒများကို စုစည်းရယူဖို့၊ စတာတွေသည် ယနေ့တည်ရှိနေသည့် ပါတီအဖွဲ့အစည်းများ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေး အထူးပြု လူထုအဖွဲ့အစည်းများ၏ တာဝန်ပဲ ဖြစ်သည်။ 

ဒီမိုကရေစီ လိုလားသော နိုင်ငံရေးသမားတွေ ဘာလုပ်ကြမည်လဲ။ 

ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်၏ ဒီမိုကရေစီ အဆင့်အတန်းကိုပြသော စာချုပ်စာတမ်း ဖြစ်သည်။ သည်ဖွဲ့စည်းပုံကို တိုးတက်အောင် မပြင်ဆင်နိုင်လျှင် မြန်မာပြည်သည် ဒီမိုကရေစီနှင့် နီးစပ်လိမ့်မည် မဟုတ်။ တိုးတက်အောင် ဘယ်လိုဆောင်ရွက်ကြမည်လဲ။ အကောင်းမြင်သမားတို့က ၂၀၁၅ တွင် သိသာသော အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပေါ်လေမည်လား မျှော်တွေးကြသည်။ 

သို့သော်၊ ဘယ်သူက ဘာတွေ လုပ်သဖြင့် ပြောင်းလဲမည်လဲ။ ပြောင်းလဲမည့် အစီအစဉ်ကော ဘယ်သူ့လက်မှာ ရှိသလဲ။ 

ယခုတော့ မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်သည် နှစ် ၂၀ လောက် ကြာမြင့်လိမ့်ဦးမည်ဟု ခန့်မှန်းမှုတွေ ရှိလာနေသည်။ 

နှစ် ၂၀ ဆိုသည်မှာ ပြောင်းချင်မှ ပြောင်းမည်ဟူသော အဓိပ္ပာယ် ဖြစ်သည်။ 

မှန်သည်။ 

အလိုအလျောက် အခြောက်တိုက် ဖြစ်ပေါ်တိုးတက်လာလေမလား စောင့်မျှော်နေလျှင် နှစ် ၂၀ မှာလည်း ဖြစ်လာစရာမရှိ။ ဒီမိုကရေစီ (လူထုအုပ်စိုးမှု)စနစ်ဟူသည် လူထုပါဝင်မှ ရသည်။ နောက်ခံ လူထုမရှိလျှင် နိုင်ငံရေးသမားမှာ ဘာစွမ်းအားမှ မရှိ။ 

ယခုအထိတော့ ပြည်သူ့ကိုယ်စားလှယ်များ၊ ပြည်သူ့ကိုယ်စားလှယ်လောင်းလျာများ၊ မိမိကိုယ်ကို ဒီမိုကရေစီ နိုင်ငံရေးသမားဟု ခံယူထားသူများနှင့် အများပြည်သူကြားမှာ ဆက်ဆံရေး နည်းပါးနေတာ မြင်နေရသည်။ 

လူထုအကြားမှာ နိုင်ငံရေးတရားပွဲတွေ ကျင်းပနေတာ၊ လူထုနှင့် နိုင်ငံရေးသမားအကြား ဆွေးနွေးပွဲ၊ တွေ့ဆုံနှီးနှောပွဲ၊ မေးမြန်း ဖြေကြားပွဲတွေ ပြုလုပ်နေတာ မတွေ့ရ။ 

တကယ်ဆိုလျှင် ယခုလိုအချိန်မှာ အဲသည် လှုပ်ရှားမှုတွေ များများစားစား တွေ့နေရဖို့ ကောင်းသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲများသည် နိုင်ငံရေးသမား လူကြီးလူငယ်များအား အများပြည်သူတို့နှင့် ထိတွေ့ကာ ဒီမိုကရေစီ နိုင်ငံရေးသမားစစ်စစ်များဖြစ်အောင် ဖန်တီးတည်ဆောက်နိုင်ရန် အခွင့်အလမ်းများ ဖွင့်လှစ်ပေးနေသည်ဟု ရှုမြင်ပါသည်။ ။ 

ဖမြင့် 
၂၂၊ ၇၊ ၂၀၁၃ 

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၅) 


 

No comments: