ကျနော်တို့ တောထဲကနေ မိုးရေးမြို့ပေါ် ပြန်ရောက်လာတယ်။ ကိုကူးမားဆိုင်နောက်က မြေကွက်လပ်ကြီးမှာ စတည်းချကြတယ်။ မိုးရေးမြို့က ပူတော့ ညဆိုရင် ဆိုင်နောက်က ကွက်လပ်မြေကြီးပေါ်မှာပဲ ဖျာခင်းအိပ်ကြတယ်။ နေ့ခင်းလည်း ထင်ထင်ပေါ်ပေါ် အပြင်မထွက်ရဘူး။ ရဲဖမ်းမှာကြောက်လို့။ စားလည်း အဲဒီမှာ၊ အိပ်လည်း အဲဒီမှာပဲ။ လူစိမ်းတွေလာရင် ပန်ချာလှမြင့်(ကွယ်လွန်) က လာသတိပေးတယ်။ ဆိုင်ထဲက ဂိုဒေါင်ထဲ ခဏအောင်းနေလိုက်တယ်။
ကျနော်တို့ဟာ နှစ်ဝက်နီးပါး ဒီလူနဲ့ ဒီလူပဲမြင်နေရပြီး လူများများစားစားလည်း မတွေ့ရတော့ အူကြောင်ကြောင်တွေဖြစ်ကြတယ်။ တောထဲကနေ မိုးရေးမြို့ပေါ်ရောက်တော့ လူတွေအများကြီးကိုတွေ့ရပြီး ဟိုငေးလိုက် ဒီငေးလိုက်နဲ့ တောသားမြို့ရောက်သလို ဖြစ်နေတယ်။ ကလေးအသံကြားလည်း ထူးဆန်းသလိုလို၊ တမူးကကုန်သည် ဈေးသည်တွေ အမျိုးသမီးကြီးတွေ သွားလာရင်း စကားပြောနေတာကိုလည်း မဆီမဆိုင် လိုက်နားထောင်နေမိတယ်။ ဟိုလူ့လှမ်းကြည့် ဒီလူ့လှမ်းကြည့်နဲ့ အိနြေ္ဒမရဖြစ်နေတယ်။ ပုဆိုးတွေ ထမီတွေနဲ့ လွတ်လွတ်လပ်လပ်သွားလာနေတဲ့ တမူးဘက်က ဗမာတွေကို ဗမာစကားတွေ ဟောင်ဖွာဟောင်ဖွာပြောနေတော့ ကိုယ်လည်း သွားပြီးနှုတ်ဆက်ချင်သလိုလို၊ ရောနှောပြောချင်သလိုလို စိတ်ထဲယားကျိကျိကြီးဖြစ်နေတယ်။
နှစ်အတော်ကြာ လူသူကင်းတဲ့ ကျွန်းပေါ် သောင်တင်နေတဲ့ ရော်ဘင်ဆန်ခရူးဆိုးရဲ့ဘဝကို ဘာမဆိုင် ညာမဆိုင်သွားပြီး စာနာနေမိသေးတယ်။ ကျောင်းလုံခြည်စိမ်းလေးဝတ်ထားပြီး ရေခဲချောင်းပုံး ကိုယ်စီလွယ်ရင်း မင်း ဘယ်လောက်ရောင်းရတယ်၊ ငါ ဘယ်လောက်ရောင်းကောင်းတယ်နဲ့ ငြင်းခုံစကားပြောနေတဲ့ ၁၀ နှစ်အရွယ် ကလေးတွေကိုမြင်တော့ သူတို့နဲ့ စကားအရမ်းပြောချင်တယ်။ သူတို့ကိုကြည့်ပြီး အားရပါးရပြုံးပြမိတယ်။ ရင်ထဲမှာ အရမ်းသနားနေတယ်။ သူတို့ကို စာသင်ခန်းနဲ့ ကစားကွင်းတွေကလွဲလို့ ရေခဲပုံးတွေ၊ တောင်းပလုံးတွေ၊ လင်ဗန်းတွေနဲ့ မပတ်သက်စေချင်ဘူး။
ကျနော်တို့ တောထဲကနေ မိုးရေးမြို့ကိုရောက်တော့ ဒန်အိုး ဒန်ခွက်နဲ့ အိန္ဒိယစောင်တွေ၊ ပုဆိုးတွေရောင်းတဲ့ ကိုကူးမားဆိုင်ခန်းတဖက်က အခန်းကျဉ်းလေးထဲ ခဏခိုနေခဲ့ဖူးတယ်။ အခန်းနံရံ အပေါက်ကလေးကနေ လမ်းမပေါ်မှာ ဖြတ်သွားဖြတ်လာနဲ့ ကိုယ့်နိုင်ငံသား ဈေးသည်တွေကို ချောင်းကြည့်နေမိတယ်။ သူတို့အချင်းချင်း ပြောသွားတဲ့ ဗမာစကားသံတွေကို စိတ်ပါလက်ပါ ခိုးနားထောင်နေမိတယ်။
အဲဒီအချိန်က ကျနော်တို့ဟာ တဖက်နိုင်ငံမှာ တရားမဝင်တဲ့၊ အိမ်ရှင်နိုင်ငံက လက်မခံလို့ မောင်းနှင်ထုတ်ခံထားရတဲ့လူတွေ ဖြစ်နေတယ်။ ခိုးကြောင်ခိုးဝှက်နေရသလို၊ ဘယ်သူမှနဲ့ နှုတ်မဆက်ရဲဘူး၊ ဗမာလိုလည်း မပြောရဲဘူး။ ကျနော်တို့ဟာ ကိုယ့်ဗမာလူမျိုးတွေအချင်းချင်းကို နံရံအပေါက်သေးသေးလေးက ချောင်းကြည့်ပြီး ချစ်နေကြတယ်။ ကိုယ့်ဗမာအချင်းချင်း ရဲရဲအတွေ့မခံရဲဘူး။ မမြင်ကွယ်ရာက ခိုးကြည့်ပြီး ငါတို့ပြည်သူတွေပါလားဆိုတဲ့ မျိုးချစ်စိတ်နဲ့ အချစ်ကြီး ချစ်နေမိတယ်။ သူများနိုင်ငံမှာ လအတန်ကြာနေလိုက်ရတော့ ကိုယ့်လူမျိုးအပေါ် သိပ်ပြီးမေတ္တာထားနေမိတာမျိုး။ အဲဒီခံစားမှုမျိုး အဲဒီတုန်းက ပထမဆုံးရလိုက်တာပဲ။
အဲဒီတုန်းက ကျနော်တို့အဖြစ်ဟာ အင်မတန်မှ သဘာဝမကျတဲ့ ဟာသကြီးလိုပါပဲ။ မလွတ်မလပ်နေထိုင်နေတဲ့လူတွေက မဆိုစလောက်လေး လွတ်လပ်နေကြတဲ့ ကိုယ့်ပြည်သူတွေကို ကယ်တင်ပြီး လွတ်လပ်ရေးအတွက် လှုပ်ရှားနေကြတဲ့ဘဝပါ။ ခါးမသန်ပေမယ့် မာန်ကြီးတဲ့ ခါချဉ်ကောင်တွေပါ။
ကျနော်တို့အားလုံး တောထဲကနေ အရင်ဆုံး မိုးရေး ရဲစခန်း ဝင်ကြတယ်။ မိုးရေးက ဆရာမန်းတို့ကို ကူးမားတို့က ရဲစခန်းကို ဘာပြောထားလဲတော့ မသိဘူး။ အမှန်တော့ အဲဒီတုန်းက ကျနော်တို့ဟာ ဗမာပြည်က အခုမှထွက်လာတဲ့ ပြည်ပြေးကျောင်းသားတွေပုံစံနဲ့ တကျော့ပြန်ပြီး ရဲစခန်းကိုဝင်တာဖြစ်တယ်။ ပုံမှားရိုက်ဝင်တာဖြစ်တယ်။ အဲဒီအချိန်က မဏိပူရ အာဏာပိုင်တွေကလည်း မြန်မာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အကြပ်ရိုက်နေတယ်။ တကယ်တန်းဆို အိန္ဒိယအာဏာပိုင်တွေက မြန်မာပြည်က ဒုက္ခသည်တွေကို တရားဝင် ဒုက္ခသည်စခန်းဖွင့်ပြီး လက်ခံနေပါပြီလို့ ကမ္ဘာသိ ကြေငြာထားတာဖြစ်တယ်။ ၆ လလောက်မှာ စခန်းကလူတွေ မကြေမနပ် ဆန္ဒပြလို့ နောက်ဆုံး စခန်းကနေ မောင်းနှင်ထုတ်လိုက်ရတဲ့အထိဖြစ်ကုန်တော့ မဏိပူရအာဏာပိုင်တွေဟာ အကြံအိုက်ခဲ့ရတယ်။ ဒုက္ခသည်တွေကို လက်ခံရတာလည်း ဘာမှ ကြိုတင်ပြင်ဆင်လုပ်ဆောင်တာမျိုး မရှိဘူး။
တခြား အိမ်နီးချင်းနိုင်ငံတွေက (ဥပမာ ဘင်္ဂလားဒေခ်ျ့၊ နီပေါ၊ သီရိလင်္ကာက ဒုက္ခသည်ဆိုတာက သဘာဝဘေးဒဏ်တွေ၊ စစ်ပွဲနဲ့ လူမျိုးရေး၊ ဘာသာရေး နိုင်ငံရေးပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ၊ မိသားစုတွေ အလုံးအရင်းနဲ့ ခိုလှုံကြတာမျိုး။ စားနပ်ရိက္ခာနဲ့ အဝတ်အထည်၊ ခိုစရာနဲ့ အန္တရာယ်ကင်းရင် လုံလောက်တယ်။ အခုကျနော်တို့လို ဒုက္ခသည်က သာမန်စစ်ပြေးဒုက္ခသည်တွေလို မဟုတ်ဘူး။ တိုင်းပြည်လွတ်လပ်ရေးအတွက် ထွက်လာသူတွေ။ လာတဲ့ လူတွေကလည်း ကျောင်းသားလူငယ်တွေက များများ။ ငတ်လို့လာတာ၊ သေမှာကြောက်လို့လာတာ မဟုတ်ကြ။ ဓား ဓားချင်း၊ သေနတ် သနတ်ချင်း ယှဉ်ပြိုင်တိုက်ဖို့ အကူအညီလာတောင်းတာဖြစ်တယ်။ နယ်ချဲ့အင်္ဂလိပ်ကိုတိုက်ဖို့ ဂျပန်ကိုသွားပြီး စစ်ပညာသင်ဖို့ထွက်သွားကြတဲ့ ရဲဘော်သုံးကျိပ်လို ဒုတိယကမ္ဘာစစ်ကသမိုင်းကို ပြန်ပြီးအိပ်မက်မက်ကြတာ ဖြစ်တယ်။ တောင့်တကြတာ ဖြစ်တယ်။
ဒါပေမယ့် နိုင်ငံရေးအသိ မရှိ၊ ပြည်ပနိုင်ငံရေး ဗဟုသုတလည်းမရှိတဲ့ ကျနော်တို့ဟာ စစ်အေးခေတ်ထဲက နိုင်ငံရေး ရေစီးကြောင်း အပြောင်းအလဲတွေကို သတိမမူမိခဲ့ဘူး။ ဟိုတုန်းက ခြေရာအတိုင်း တထပ်တည်းဖြစ်လာမယ်လို့ မျှော်လင့်ခဲ့ကြတယ်။ အိမ်နီးချင်းလည်းဖြစ်၊ ဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်၊ လွတ်လပ်ရေးရပြီးစ ရောင်စုံသူပုံထကြွစဉ်မှာ ဝန်ကြီးချုပ် ဦးနုအစိုးရကို လက်နက်တွေ ထောက်ပံ့ခဲ့တာ စိတ်ကူးယဉ်ပြီး အိန္ဒိယကို အထင်ကြီးခဲ့ကြတယ်။ သမိုင်းဖြစ်ရပ်ဟာ ခပ်ဆင်ဆင်တူပေမယ့် တထပ်တည်းမကျဘူးဆိုတာ ကျနော်တို့ မတွက်ချက်နိုင်ခဲ့ဘူး။
မိုးရေး ရဲအရာရှိတွေကို ကျနော်တို့ ဗမာပြည်ကအသစ်ရောက်လာတဲ့ ကျောင်းသားတွေအသွင် ပုံမှားရိုက်နိုင်ခဲ့ပါတယ်။ အရွယ်တူ၊ ပုံစံတူ အသွေးအရောင်တူတွေမို့သူတို့လည်း ဘယ်မှတ်မိနိုင်မလဲ။ ပြီးတော့ ကျနော်တို့လူဟောင်းတွေချည်း မဟုတ်ဘူး။ အစောကတည်းကရောက်နေတဲ့ လူသစ်တယောက်စ နှစ်ယောက်စလည်း ညှပ်ပါလာသေးတယ်။
ဒီလိုနဲ့ ဗမာပြည်ထဲလည်း မဝင်ချင်၊ တခြားနေရာလည်းသွားဖို့မရှိတဲ့ ကျနော်တို့အုပ်စု အယောက် ၂၀ လောက် မူလဒုက္ခသည်စခန်းထဲကိုပဲ ပြန်အောင်းဖို့လမ်းကြောင်းပဲ ရွေးလိုက်ရတယ်။ ဒီလိုရွေးဖြစ်အောင်လည်း ဆရာမန်း (ဒေါက်တာမန်းမြင့်ဆိုင်)က အားပေးတယ်။ သူ ခေါင်းဆောင်မယ်။ စခန်းကို စိတ်သစ်လူသစ် ပြန်တည်ဆောက်မယ်။ သူ့ခေါင်းဆောင်မှုအောက် မနေလိုသူတွေ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်။ အိန္ဒိယက ရုပ်ဝတ္တုပိုင်း အထောက်အပံ့ရအောင် ကြိုးစားမယ်။ မြန်မာပြည် လွတ်မြောက်ရေးအတွက် ကျနော်တို့ ပြည်ပကနေ ဆက်လုပ်ဖို့ လိုအပ်တယ်။
ဒီလိုနဲ့ မဏိပူရစခန်းမှာ မနေလိုတဲ့ ကိုမြင့်ဆန်း၊ ကိုကျော်သန်းနဲ့ ကိုမြင့်အေးတို့အဖွဲ့တွေကတော့ မီဇိုရမ်နယ်စပ်ဘက် ခရီးဆက်သွားပါတယ်။ မီဇိုရမ်နယ်ဘက်မှာလည်း မြန်မာကျောင်းသားစခန်းရှိပြီး စားဝတ်နေရေးပြဿနာတော့ မရှိဘူး၊ အဲဒီဘက်မှာ ပိုပြီးလွတ်လပ်သလို ပြင်ပအဖွဲ့အစည်းနဲ့ အိန္ဒိယအာဏာပိုင်တွေကို ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်း ပိုရနိုင်တယ်လို့ တွက်ချက်ခဲ့သူတွေလည်း ဖြစ်တယ်။
တကယ်လည်း မီဇိုရမ်နယ် ကျန်ဖိုင်းမြို့မှာ အိန္ဒိယအာဏာပိုင်တွေက ဒုက္ခသည်စခန်းတခုဖွင့်ထားပြီး မဏိပူရထက် အတော်လေး လွတ်လပ်တယ်။ ကျန်ဖိုင်းစခန်းက ဆောက်လက်စ အကျဉ်းထောင် အသစ်ကြီးကို (အကျဉ်းသား မရှိ) ဒုက္ခသည်စခန်းအဖြစ် နေထိုင်ခွင့်ပေးထားတာပါ။
ရန်ကုန်၊ မုံရွာ ကလေးမြို့နယ်က ကျောင်းသားလူငယ်တွေအပြင် ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေ အများအပြားလည်း ပူးပေါင်းနေထိုင်တယ်။ စခန်းက အကျဉ်းထောင်ဖြစ်ပြီး နံရံမြင့်ကြီးတွေနဲ့ လုံခြုံပေမယ့် မဏိပူရလို ၂၄ နာရီ သေနတ်ကိုင်အစောင့်နဲ့ အကျဉ်းသားတွေလိုနေရတာ မဟုတ်ဘူး။ လွတ်လပ်တယ်။ အပြင်ထွက်လို့ ရတယ်။ အပြင်ထွက် အလုပ်လုပ်နေသူတွေလည်း ရှိတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) ဆိုတာ အဲဒီ ကျန်ဖိုင်းစခန်းကနေ သန္ဓေတည်သွားတာပဲ။ အပြင်ထွက် အလုပ်လုပ်ကြ၊ ရန်ပုံငွေရှာဖွေစုဆောင်းကြနဲ့ နောက်ပိုင်း ကချင်ပြည်နယ် ကေအိုင်အေဆီက စစ်သင်တန်းတွေတက်ပြီး ချင်းလက်နက်ကိုင်တပ်ထောင်ခဲ့တာပဲ။ သူတို့ထဲက တပ်မှူးတယောက် ပြန်ပြောပြတာကတော့ သူတို့လည်း စားဝတ်နေရေး ဒုက္ခတွေနဲ့ ကြုံခဲ့ပြီး ဆင်းဆင်းရဲရဲနဲ့ KIA ကချင်တပ်ကနေ လေ့ကျင့်သင်ကြားခဲ့ရတယ်လို့ ပြောတယ်။
အဲဒီချင်းတပ်ဗိုလ်ကြီး ဆလိုင်းမန်လျှာန်း ပြောတာက “ကျနော်တို့ ဘင်္ဂလားနယ်စပ်မှာ စခန်းတခု စထောင်တယ်။ ၁၉၈၉ မှာ CNA ချင်းအမျိုးသားတပ်မတော် ထောင်တယ်။ သေနတ် မလုံလောက်ဘူး၊ ဝါးချွန်ကိုင်ပြီး တညလုံး ကင်းစောင့်ရတယ်။ ၁၉၉၃ ကျမှ ချင်းပြည်နယ်ထဲ ပြန်ခြေချနိုင်တာ၊ ပြည်သူတွေဆီက ထောက်ပံ့ငွေနဲ့ စားသောက်ရတယ်။ ကုန်သည်တွေဆီက ၅ ရာခိုင်နှုန်း အခွန်ကောက်ပြီး တော်လှန်ရေးလုပ်ခဲ့ရတယ်။ ခေတ်မီလက်နက်ဆိုတာလည်း မရှိပါဘူး၊ ရန်သူ့လက်နက် ကိုယ့်လက်နက်မူနဲ့ နယ်စပ်က ရဲစခန်းတွေ၊ တပ်စခန်းတွေကို ပြောက်ကျားတိုက်ပြီး လက်နက်စုရတာပါ” လို့ ပြောခဲ့ဖူးတယ်။
တကယ်တမ်းဆို ကျနော်တို့တတွေဟာ တိုင်းရင်းသားတွေလောက် တော်လှန်ရေးလုပ်တာ လက်တွေ့မကျဘူးလို့ သုံးသပ်ရင် မမှားပါဘူး။
ကျန်ဖိုင်းဒုက္ခသည်စခန်းလည်း နောက်ပိုင်းမှာ ဖရိုဖရဲတွေဖြစ်ကုန်တာပဲ။ တချို့လည်း စခန်းထဲဝင်လိုက်၊ ပြည်တွင်းပြန်ဝင်လိုက်၊ ပြန်ထွက်လာလိုက်၊ တချို့လည်း အပြင်ထွက် အလုပ်ကလေးဘာလေး ရှာလုပ်ရင်း ရပ်တည်ကြတယ်။ မီဇိုရမ်ပြည်နယ်မှာက မြန်မာနိုင်ငံသား ချင်းလူမျိုးတွေ၊ လူရှိုင်းလူမျိုးတွေ အများကြီးရှိတယ်။ ၁၉၉၀ နောက်ပိုင်းမှာ ပိုပြီးများလာတယ်။ ဝပ်ရှော့လုပ်ငန်း၊ ဈေးရောင်း၊ ကုန်သည်၊ ဓာတ်ပုံဆိုင်၊ တီးဝိုင်းနဲ့ တေးသံသွင်း၊ စတူဒီယိုလုပ်ငန်းအပြင် ဝန်ထမ်းတွေ၊ အားကစားသမားတွေ၊ စီးပွားရေးသမားတွေ အများကြီး နေကြတယ်။
ဝမ်းနည်းစရာတခုက ၁၉၈၉ လောက်မှာ ကျန်ဖိုင်းစခန်းမှာ မြန်မာကျောင်းသား ကိုမြသောင်း(ကလေး)နဲ့ ကိုကြည်အောင်တို့ လုပ်ကြံခံခဲ့ရတယ်။ စခန်းလုံခြုံရေးတာဝန်ယူတဲ့ ချင်းအဖွဲ့တွေက လုပ်ကြံတာလို့ ကြားတယ်။ ကိုယ့်ဗမာအချင်းချင်းကလည်း ထောက်လှမ်းရေးကြောက်တဲ့ ရောဂါတွေကရှိနေတော့ မသင်္ကာလို့ အတို့အထောင်လုပ်တာကြောင့် နောက်ဆုံး လုပ်ကြံခံရတာပဲ။ မညီညွတ်မှုနဲ့ မယုံကြည်မှုတွေဟာ တော်လှန်ရေးကို နှောင့်နှေးစေတဲ့၊ ပျက်စီးစေတဲ့၊ စိတ်ဓာတ်ယိုယွင်းစေတဲ့ ဂုဏ်ဒြပ်တွေနဲ့ ပြည့်စုံစေတယ်။
ကျနော်တို့တတွေလည်း စိတ်ဓာတ်ကပြင်းထန်ကြပေမယ့် ကိုယ်မျှော်မှန်းထားတဲ့ ရေခံမြေခံမျိုး မဟုတ်လေတော့ သစ်ရွက်တွေလို ဟိုလွင့် ဒီလွင့်နဲ့ပေါ့။ နောက်ဆုံးတော့ လေထန်ကုန်း ဒုက္ခသည်ဘူတာကိုပဲ ပြန်ရောက်လာပါတယ်။ ကျနော်တို့ရောက်တော့ စခန်းမှာ မျက်နှာစိမ်းတချို့ကို တွေ့ရတယ်။ ကိုသံဒုတ်(မဲဆောက်-အလုပ်သမားသွေးစည်းညီညွတ်ရေး)နဲ့ ကိုသံခဲ(ABSDF)တို့ ညီအကိုရယ် သံလျှင်လူ့ဘောင်သစ်အဖွဲ့က ကိုမျိုးကြီးတို့အဖွဲ့တွေကို တွေ့ရတယ်။
စခန်းကလူတွေပြန်ပြောလို့ ကျနော်တို့ကို နယ်စပ်ပို့နေစဉ် သူတို့အခြေအနေတချို့ ပြန်သိရတယ်။ စခန်းမှာ ကျန်ရစ်သူတွေက ပြန်ပို့ခံရသူတွေနဲ့လည်း အဆက်ပြတ်နေပြီး နောက်ပိုင်းမှ အခြေအနေမကောင်းမှန်း သိရတယ်။ သူတို့လည်း သပိတ်မှောက်တဲ့အနေနဲ့ ဘားတိုက်ထဲပြန်မဝင်ဘူး။ မီးဖိုချောင်က သွပ်ပြားတွေကာပြီး မိုးထဲလေထဲ အပြင်မှာပဲ နေကြတယ်။ လေပြင်းတွေတိုက်တဲ့တနေ့ သွပ်ပြားတွေလွင့်စင်ပြီး ကိုကျော်ကြီး(ကျောက်မဲ) နောက်စေ့ကို သွပ်ပြားမှန်ပြီး ဒဏ်ရာအကြီးအကျယ်ရခဲ့တယ်။ နောက်တော့ လူသစ်တွေလည်းဝင်လာတော့ သပိတ်လှန်ပြီး ဘားတိုက်ထဲပြန်နေတယ်။
ဒုက္ခသည်စခန်းမှာ လူ ၄၀-၅၀လောက်ပဲရှိတော့တယ်။ အစားအသောက် ပြဿနာတွေမရှိပေမယ့် ဝိဉာဉ်ပျောက်နေသလိုပဲ၊ ခြောက်ကပ်ကပ်နဲ့။
ဆရာမန်းကတော့ မိုးရေးကနေ စာပုံမှန်ရေးပို့ပြီး အားပေးနေတယ်။ ကျနော်တို့ရောက်ပြီး သိပ်မကြာခင် ကိုမျိုးကြီးတို့ သံလျှင်အဖွဲ့တွေ ပြည်တော်ပြန်ဝင်သွားတယ်။ သူတို့မျှော်လင့်တဲ့ လိုချင်တဲ့အရာလည်း ဒီနေရာမှာ မရှိဘူးလေ။
ထူးခြားတာတခုက ကျနော်တို့ရောက်ပြီး တလလောက်အကြာ မူလဘားတိုက်ရဲ့ အနောက်ဘက် တောင်ကုန်းမှာ စခန်းအသစ်တခုပြန်ဆောက်တယ်။ နေ့စဉ် မြေညှိ၊ သစ်မြစ်ခုတ်ပြီး မဏိပူရ စစ်သားတွေနဲ့အတူ စခန်းနေရာသစ်ကို ပြန်ဆောက်တယ်။ မကြာခင်မှာ ကျနော်တို့ကို အဲဒီသွပ်မိုး ထရံကာ ဘားတိုက်ကြီးကို ရွှေ့လိုက်ကြတယ်။ အဲဒီဘားတိုက်မရွှေ့ခင် မိုးရေးကလူကြုံနဲ့ ဆရာထူးဆီက စာတစောင် ကျနော့်ဆီရောက်လာတယ်။ ဆရာထူးက ကျနော်တို့ တောထဲမှာနေစဉ်တုန်းက မိုးရေးကနေ ညီညီလွင်(မန္တလေး)နဲ့အတူ တောထဲလာပြီး အတူနေကြသေးတယ်။ ဆရာ့ကျန်းမာရေးက သိပ်မကောင်းဘူး၊ အဆစ်အမြစ်တွေ ကိုက်ခဲတတ်တယ်။ ဆရာဦးရွှေထူးရေးလိုက်တဲ့စာထဲမှာ
“မောင်ညို ... ငါတော့ ဒီမှာ ခြေကုန်ပြီလို့ ယူဆတယ်။ မကြာခင် အထဲပြန်ဝင်မယ်။ မင်း ကိုယ့်ဖာသာ ဆုံးဖြတ်ပြီး ငါနဲ့ပြန်လိုက်ချင်ရင် မိုးရေးကို လိုက်လာခဲ့။ ငါ စောင့်မယ်။ အကြောင်းပြန်ပါ” လို့ ရေးထားတယ်။ တပည့်ရင်းတယောက်ဖြစ်သလို အတူလာခဲ့သူမို့ ဆရာက ကျနော့်ကို ချန်မထားချင်ဘူး။ ဒါပေမယ့် ကျနော်ကလည်း ပြည်တော်မပြန်ချင်ဘူး။ တခုခုတော့ ဖြစ်အောင်လုပ်ချင်နေတယ်။ ဒါပေမယ့် ဆန္ဒပဲရှိတာ၊ လက်တွေ့ကျကျ မျှော်လင့်နိုင်တာက မရှိဘူး။ ဆရာထူးကို ကျနော် ပြန်မလိုက်ချင်ဘူး လို့ စာရေးအကြောင်းကြားလိုက်တယ်။
ဆရာထူး ကျနော့်ကိုရေးပို့တဲ့စာလေးမှာ ကဗျာတိုလေးတခုပါ ရေးထည့်ပေးသေးတယ်။ ခေါင်းစဉ်တော့ တပ်မထားဖူး။ ကဗျာလေးကတော့ …။
“ရဲခေါင်မြောက်ဟု၊ ဟိန်းဟောက်သံပ
ကြွေးကြော်ပြပြီး၊
ဓားသွားလှံဖျား၊ ဝေးရံရှား၍၊
တောကြားမြိုင်ဂျောက်၊ ပြေးကွယ်ပျောက်သည်၊
ဘယ်လောက်ဈေးလဲ၊ တော်လှန်ရေး”
ဆရာထူးရဲ့ကဗျာဟာ ကျနော်တို့အားလုံးရဲ့နားရွက် တံတွေးဆွတ်လှောင်ပြောင်လိုက်သလိုပဲ။ ရင်းနှီးသူတချို့ကို ဆရာ့ကဗျာ ပေးဖတ်တယ်။ ကြိုက်သူတွေရှိသလို၊ အောက်သက်သက်ခံစားရသူတွေလည်း ရှိတယ်။ ကဗျာက တော်လှန်ရေးဟာ ဘေးရန်ကင်းတဲ့ တောထဲမှာ မရှိဘူး၊ အန္တရာယ်နဲ့နီးတဲ့ မြို့ပေါ်မှာလည်း တော်လှန်ရဲသူအတွက် တိုက်ပွဲရှိတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်နေတယ်။ မြေအောက်တော်လှန်ရေးကိုလုပ်ဖို့ ပြည်တော်ဝင်ရမယ်ဆိုတဲ့ အယူအဆရှိတဲ့ဆရာထူးဟာ သူယုံကြည်တဲ့အတိုင်း မန္တလေး မစိုးရိမ်တိုက်ထဲခိုပြီး ကျောင်းသားတွေကို ကချင်မြောက်ပိုင်းဘက် ဆက်သွယ်ပို့ပေးတယ်။
မြောက်ပိုင်းမှာ လုပ်ကြံခံလို့ကျဆုံးသွားတဲ့ မန္တလေးက ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားလူငယ်တွေဟာ ဆရာထူးနဲ့ဆက်စပ်ပြီး အလုပ်အတူလုပ်ခဲ့သူတွေဖြစ်တယ်။ ဆရာထူးရဲ့ မြေအောက်လှုပ်ရှားမှုဟာ ထိရောက်တယ်လို့ ဆိုရမယ်။ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ရေဒီယိုမိန့်ခွန်းတွေမှာ ဆရာထူးနဲ့အဖွဲ့တွေ မန္တလေး သံဃာတော်တွေ စစ်အစိုးရကို သပိတ်မှောက်ကံဆောင်လှုပ်ရှားမှုတွေနဲ့ အမျိုးသားညီလာခံ ဆန့်ကျင်ရေးကိစ္စတွေလုပ်နေတဲ့အကြောင်း ပါလာတယ်။ နောက်ပိုင်းမှာတော့ ကျနော့်ဆရာ ဦးရွှေထူးလည်း အဖမ်းခံလိုက်ရတယ်လို့ သတင်းပြန်ကြားတယ်။ ကျနော့်ဆရာအတွက် သိပ်ကိုစိတ်ပူခဲ့ရတယ်။
ကိုညို
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment