Saturday, April 27, 2013

မြန်မာ့နှစ်သစ်ကူး ဆုတောင်း (မောင်ဝံသ)

၆ ဧပြီ ၂၀၁၃ ရက်စွဲနဲ့ ပြည်သူ့ခေတ်မှာ ကျွန်တော်ရေးခဲ့တဲ့ အမှန်တရားဖော်ထုတ်မလား၊ ပြဿနာ ရှာမလား ဆောင်းပါးရဲ့ နောက်ဆုံးစာပိုဒ်မှာ ကျွန်တော် ခုလို ရေးခဲ့တယ်ဗျ။ 

"(စပိန်နိုင်ငံက) တရားသူကြီး ဂါဇွန်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး သမိုင်းမှာ တိမ်မြှုပ်နေတဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ စူးစူးရဲရဲ အနစ်နာခံကြိုးပမ်းမှု တစ်ခုအဖြစ် မြင်တဲ့သူတွေ ရှိနိုင်သလို အသားနုတက်နေပြီဖြစ်တဲ့ အနာတစ်ခုကို စူးချွန်နဲ့ထိုးဆွ ပြဿနာရှာတဲ့လုပ်ရပ်အဖြစ်လည်း တချို့က မြင်နိုင်တယ်ဗျ။ ကျွန်တော်ကတော့ ဒီမိုကရေစီပိုးတုံးလုံးကောင် အဆင့်ကို ဖြတ်သန်းနေဆဲဖြစ်တဲ့ နိုင်ငံတစ်ခုက နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီမိုကရေစီဖွံ့ဖြိုးခိုင်မာပြီးဖြစ်တဲ့ နိုင်ငံတစ်ခုမှာ သမိုင်းနဲ့ တရားမျှတမှုတို့နဲ့ ဆက်နွှယ်နေတဲ့ အဲဒီအမှုကိစ္စ ဘယ်လိုနိဂုံးချုပ်မယ်ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေမယ်ဗျာ။" 



ယူကေရောက် ကိုခွန်စိုင်းရဲ့အမြင် 

ကျွန်တော့်ရဲ့ ဆောင်းပါးကို face book တင်လိုက်တော့ ဖတ်မိသူအတော်များများက သဘောတူကြောင်း မှတ်ချက်ပေးကြပါတယ်။ ယူကေနိုင်ငံကို ရောက်နေတဲ့ မိတ်ဆွေကြီး ကိုခွန်စိုင်းကတော့ အောက်ပါအတိုင်း သူ့ထင်မြင်ချက်ကို ရေးလိုက်ပါတယ်။ 

Khun Saing ဆရာရဲ့ ဒီမိုကရေစီ ပိုးတုံးလုံးကောင်အဆင့်ကို ဖြတ်သန်းဆဲလို့ မြင်တဲ့အမြင်ကို ကျွန်တော်လည်း လက်ခံပါတယ်။ ဒါပေမယ့် ဒါကို အဝေးရောက်လူတချို့က ဒီမိုကရေစီသားလျှောသွားတာလို့ စွပ်စွဲသတ်မှတ်တယ်။ လက်ရှိအခြေအနေဟာ-၂၀၀၈ အောက်မှာ အုပ်ချုပ်ခံနေရတဲ့ စစ်ကျွန်ခေတ်မြန်မာပြည်လို့ အဲဒီပုဂ္ဂိုလ်တွေကသတ်မှတ်ပြီးကာမှ တချိန်ထဲမှာပဲ လက်ရှိသူတို့ရောက်နေတဲ့ တိုင်းပြည်တွေက အခွင့်အရေးတွေနဲ့ တန်းတူ-ယှဉ်ပြီး တင်းပြည်ကျပ်ပြည့် အခြေအနေ တောင်းဆိုနေတာဟာ မဆီလျော်ဘူးလို့ မြင်ပါတယ်။ ကိုယ်တိုင်ဝင်မလုပ်နိုင်ဘဲ တကယ်လုပ်နေတဲ့ ပြည်တွင်းကလူတွေကို တိုက်ခိုက်ခြင်းဟာ မစာနာဘူးလို့ မြင်ပါတယ်။ 

လူ့အခွင့်အရေးခေါင်းစဉ် သက်သက်အောက်က နိုင်ငံခြားသား လော်ဘီတွေကလည်း တင်းပြည့်ကြပ်ပြည့် တိုင်းပြည်တွေမှာ စတိုင်ကျကျနေပြီး အလွယ်တကူ ကြေငြာချက်ထုတ်-နောက်က အစ်ရှူးတွေ အတင်းရှေ့ပို့နေတယ် ဆရာ။ အေဘီမြောက်ပိုင်းကိစ္စ ပြန်လည်ဖော်ထုတ်ကြတဲ့ ဥပမာကိုကောက်ပြောရင် ဆရာပြောတဲ့ အမှန်တရားကို ပြန်လည်ရှာဖွေဖော်ထုတ်သူတွေနဲ့ ပြဿနာသက်သက်ရှာချင်သူ ၂ မျိုးလုံးကို အဲဒီမှာတွေ့နိုင်တယ်လို့ မြင်မိပါတယ်။ 

အဲဒီမှာပါတဲ့ အမှန်တရားကို ပြန်လည်ဖော်ထုတ်တဲ့သူတွေရဲ့သဘောထားတွေကို ဖတ်ရနားထောင်ရတာ အလွန်အကျိုရှိပြီး အလွန်လေးစားဖို့ကောင်းပါတယ်။ မနေ့ကတင် အာဂျင်တီးနားက သားပျောက်တဲ့ အမေတွေရဲ့ သောကပရိဒေဝတွေနဲ့ တချိန်က နိုင်ငံတော်ရာဇဝတ်မှုတွေအကြောင်း အစီအစဉ်ကိုကြည့်ပြီး ဗမာပြည်ကို သတိရနေတယ် ဆရာ။ တနေ့ အာဂျင်တီးနားမှာ အဖြေရှာသလို ဗမာပြည်လည်း အဲလိုကုစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဆရာ ကျန်းမာပါစေ ... 

ကိုခွန်စိုင်းရဲ့ အင်မတန်မှ မျှတတဲ့အမြင်ကို ကျွန်တော် အထူးလေးစား တန်ဖိုးထားပါတယ်။ သူဟာ ၁၉၉၀ နှစ်များနောက်ပိုင်းကာလမှာ အင်းစိန်ထောင်ထဲ ထပ်ရောက်လာစဉ် ကျွန်တော်နဲ့ တွဲဖက်ထောင် ကျွန်းတိုက်မှာ ဆုံခဲ့ဖူးတယ်။ သူက ဆေးကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပြီး စိတ်တိုင်းကျ ကိုအောင်ထိုက်တို့ရဲ့ သူငယ်ချင်းရဲဘော်ပါ။ ယခင် သွေးသစ်လူငယ်နိုင်ငံရေးပါတီကို ဒေါက်တာ သက်လွင်နဲ့အတူ တည်ထောင်ခဲ့ကြပြီး ၁၉၈၉- ၁၉၉၀ လှိုင်းဂယက်ထဲပါခဲ့တယ်။ ထောင်ထဲရောက်ခဲ့တယ်။ 

အပြင်ရောက်တော့ နိုက်တင်းဂေးလ်ဆိုတဲ့ ဆေးရုံတစ်ရုံကို မိတ်ဆွေများနဲ့ထူထောင်ပြီး အလုပ်လုပ်နေချိန်မှာ ကိုအောင်ထွန်းရဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းအတွက် ကူညီခဲ့မှုနဲ့ ထပ်အဖမ်းခံရ၊ ကျွန်တော်တို့ရှိတဲ့နေရာကို ၁၉၉၈ နှစ်ဦးပိုင်းလောက် ရောက်လာခဲ့တာပါ။ ထောင်ကလွတ်တော့ ပြည်ပကို ထွက်သွားပြီး အခု ယူကေမှာ ပညာလည်းသင်၊ အလုပ်လုပ်လည်းလုပ်နေတယ်လို့ သိရပါတယ်။ ကိုခွန်စိုင်းလို မျှတတဲ့အမြင်နဲ့ နိုင်ငံရေးကို လေ့လာသုံးသပ်သူများ တိုးပွားလာရင် ကျွန်တော်တို့ တိုင်းပြည်ရှေ့ရေး ရင်အေးစရာပိုကောင်းလာမယ် ထင်ပါတယ်။ 

သမ္မတကြီးနဲ့ သုံးလေးမှတ်တိုင် 

ဧပြီလဆန်းက face book စာမျက်နှာတချို့မှာ ကဗျာဆရာမိုးဝေးရဲ့ သမ္မတကြီးနဲ့ သုံးလေးမှတ်တိုင်ဆိုတဲ့ ကဗျာတစ်ပုဒ် အတော်ပျံ့နှံ့ခဲ့တယ်။ ကဗျာဆရာက သမ္မတကြီးနဲ့ ပြည်လမ်းက ဘတ်စ်ကားလိုင်းတစ်ခုမှာ အတူတူစီးနင်းလိုက်ပါခဲ့ပုံ၊ ကားပေါ်မှာ စည်းမဲ့ကမ်းမဲ့လူတွေနဲ့ စပယ်ယာရဲ့ မသိသား ဆိုးဝါးမှုတွေခံရပုံ၊ နောက်ဆုံးတော့ သူတို့ဆင်းမယ့် မှတ်တိုင်ကိုကျော်ပြီး ပြည်သူ့ရင်ပြင်ရှေ့ကျမှ မြေနီကုန်းမှတ်တိုင်လို့ဆိုကာ ကဗျာဆရာနဲ့ သမ္မတကို စပယ်ယာက တွန်းချခဲ့ပုံ၊ သူတို့နှစ်ယောက်လမ်းလျှောက်ပြီး သွားလိုရာနေရာကို ပြန်လာစဉ် သမ္မတက သူ့အနေနဲ့ တိုင်းပြည်ရဲ့ အဓိကလိုအပ်ချက်တွေကိုပဲ အာရုံစိုက်နေခဲ့ရတယ်၊ အခု ကြုံခဲ့ရတဲ့ အဖြစ်တွေကို မောင်ရင်တို့ ကဗျာရေးရင် ထည့်ရေးသလားလို့ မေးသတဲ့။ 

ကဗျာဆရာက "ပါတာပေါ့၊ ပြည်သူတွေအကြောင်းတွေကို ကဗျာတွေနဲ့ ရေးဖွဲ့ရတာပေါ့" လို့ ပြန်ပြောတော့ သမ္မတက "ဒါဆိုရင် ကဗျာကိုလည်း တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်ထဲမှာ ထည့်ရလိမ့်မယ်" လို့ ပြောသွားတဲ့အကြောင်း သရော်စာအနုပညာမြောက်စွာ ရေးဖွဲ့ထားတာပါ။ မိုးဝေးရဲ့ကဗျာကို ကျွန်တော် နှစ်သက်စွာဖတ်ရင်း သမ္မတကို ကဗျာထဲထည့်ရေးတဲ့ ယနေ့ခေတ်ရဲ့ အနေအထားကို သဘောကျနေမိပါတယ်။ 

ဘာပဲပြောပြော သမ္မတကြီး ဦးသိန်းစိန်ဟာ ပြည်သူတွေရဲ့ ပုဏ္ဏားတိုင်တစ်ယောက်လို ပုံရိပ်ရှိလာတာကို သတိထားမိပါတယ်။ ဧပြီ ၁၀ ရက်မှာ ရန်ကုန်က သမီးလတ်ဆီက သတင်းစကားကြားရပါတယ်။ သမ္မတကြီးမိသားစုက ညွှန်ချုပ် ဦးရဲမင်းကို ရန်ကုန်ကိုလွှတ်ပြီး စင်ကာပူမှာ ဆေးကုသနေတဲ့ ကျွန်တော့်ကျန်းမာရေးအတွက် ဆုမွန်တောင်းကြောင်းသတင်းစကားကို ပါးလိုက်ပါတယ်။ သာဓု၊ သာဓု၊ သာဓုပါ သမ္မတကြီး။ ဒါ ဒုတိယအကြိမ်ပါ။ 

ကျွန်တော့်ကျန်းမာရေးသတင်းကို ကြားပြီးပြီးချင်း မနှစ်က နိုဝင်ဘာလကလည်း သမ္မတမိသားစုက ညွှန်ချုပ်ဦးရဲမင်းကို စေလွှတ်ပြီး ကျွန်တော့်အတွက် မြန်မာ့ငှက်သိုက် ဓာတ်စာများ ပို့ပေးပါတယ်။ ဆုမွန်တောင်းတဲ့စာသဝဏ်လည်း ဓာတ်စာများနဲ့အတူ ပါခဲ့ပါတယ်။ ကျွန်တော့်ကို လွတ်လပ်တဲ့ သတင်းစာဆရာတစ်ယောက်အနေနဲ့ အစိုးရကို ဝေဖန်စရာရှိရင် ဝေဖန်တယ်၊ အစိုးရလုပ်ရပ်တွေထဲမှာ ကောင်းတယ်လို့ မြင်တာတွေကိုလည်း ထုတ်ဖော်ရေးတာကို သမ္မတကြီးက ကျေနပ်တယ်လို့ ပြောကြောင်း ဦးရဲမင်းက ပြောပြပါတယ်။ ဒါကြောင့်လည်း ကျွန်တော့် မွေးနေ့အကြိုအဖြစ် face book မှာ အောက်ပါ ကျေးဇူးစကားကို ကျွန်တော် တင်ပြခဲ့ပါတယ်။ 

ကျွန်တော့်မွေးနေ့ ဆုတောင်း

မြန်မာသက္ကရာဇ် ၁၃၇၄-၇၅ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကြီး လှလှပပ အေးအေးချမ်းချမ်းဖြင့် ပြည်သူအများ ဘေးမသီရန်မခ သောကကင်းဝေးစွာ ပြီးဆုံးအောင်မြင်သွားခြင်းအတွက် အထူးစိတ်သက်သာရပြီးစိတ်ချမ်းသာ ဝမ်းမြောက်ရပါကြောင်း ရှေးဦးစွာ ဖော်ပြလိုက်ပါတယ်ခင်ဗျာ။ 

အမေရိကန်နိုင်ငံ ဘော်စတွန်မှာ မာရသွန်အပြေးပြိုင်ပွဲဝင်တွေကို ဗုံးဖောက်ခွဲ သတ်ဖြတ်တဲ့ အဖြစ်ဆိုးကြီးဖြစ်တာ ကြားလိုက်ရတော့ အများကြီးစာနာမိပါတယ်ခင်ဗျာ။ နက်ဖြန် ဧပြီ ၁၇ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဟာ ကျွန်တော့်ရဲ့ အသက် ၆၈ နှစ်ပြည့်မြောက်တဲ့မွေးနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆၈ နှစ် ကျွန်တော်မွေးဖွားတဲ့ ၁၉၄၅ ဧပြီ ၁၇ အင်္ဂါနေ့ကတော့ မြန်မာနှစ်ဆန်းတစ်ရက်နဲ့ မတိုက်ဆိုင်ခဲ့ပါဘူး။ မြန်မာလိုဆိုရင် ၁၃၀၇ ခု ကဆုန်လဆန်း ၇ ရက် အင်္ဂါနေ့ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်အတော်များများကျတော့ မြန်မာနှစ်ဆန်းတစ်ရက်နဲ့ ဧပြီ ၁၇ အမြဲတမ်းလို တိုက်နေခဲ့တာသတိထားမိပါတယ်။ 

ဒီနှစ်သင်္ကြန်ကာလကတော့ ကျွန်တော့်ဘဝမှာ ထူးခြားလှပါတယ်။ အဆုတ်ကင်ဆာရောဂါကို ၂၀၁၂ အောက်တိုဘာလဆန်းကစလို့ ခုခံတွန်းလှန်တိုက်ဖျက်ရင်း စင်ကာပူနိုင်ငံကို ရောက်နေချိန်ဖြစ်ပါတယ်။ နှစ်သစ်ကူးအကြိုကာလမှာ ကျွန်တော့် ကျန်းမာရေးအတွက် ဆုမွန်ကောင်းများတောင်းပေးပြီး မေတ္တာ ကရုဏာ စေတနာဓာတ်များ လွှတ်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ဇနီးဒေါ်ခင်ခင်ဝင်းနှင့် မိသားစု၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်နှင့်ဇနီး၊ စင်ကာပူရှိ မြန်မာသံအမတ်ကြီးနှင့် သံရုံးအဖွဲ့သားများ၊ ဦးအေးကိုကို၊ ကိုဝင်းထိန်+မေကျော်စိုးညွန့်မောင်နှံ၊ ကိုဂျိမ်း၊ ကိုဝဏ္ဏ၊ ဦးစိုးဝင်း၊ ကိုဘိုဘိုဝင်း၊ စုချစ်သူနှင့်ရောင်းရင်းများ၊ ရသအလင်းစာကြည့်တိုက်အဖွဲ့သားများ၊ ဒေါက်တာအောင်မျိုး အစရှိသော စင်ကာပူရှိ မိတ်ဆွေ သင်္ဂဟများ၊ MAI International နှင့် ကျွန်တော်၏ စာဖတ်ပရိသတ်များ၊ မွေးနေ့ဆုမွန်တောင်းပေးသူများ၊ ပြည်တွင်းပြည်ပမှ ရုပ်ပိုင်းစိတ်ပိုင်း နှစ်ရပ်လုံးဖြင့် ကူညီထောက်ပံ့ခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း၊ ကျွန်တော့်စာဖတ်ပရိသတ်များ အပါအဝင် မြန်မာပြည်သူများအားလုံး လာမည့်နှစ်သစ်တာတွင် ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာလျက် ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းကြစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်း တောင်းလိုက်ပါသတည်း။ 

ကျွန်တော့်မွေးနေ့ဆုတောင်းကို ဖတ်မိတဲ့ face book မိတ်ဆွေများက ဝိုင်းဝန်းအားပေးပြီး ဆုတောင်းမေတ္တာပို့သကြပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေများနှင့် ပြည်သူ့ခေတ် စာဖတ်ပရိသတ်များအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေသတည်း။ 

၂၀၊ ၀၄၊ ၂၀၁၃ 
maungwuntha@gmail.com


 ယခုအပတ် ပြည်သူ့ခေတ်ဂျာနယ် ၂၅၊ ၀၄၊ ၁၃ ထုတ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး


  

No comments: