(၁)
၉၀ ဖေဖော်ဝါရီ ၂၂ ရဲ့ သင်္ချိုင်းမြေမှာ
မီးခိုးဖြူတွေလွင့်ပါး
တစတစ မှုန်ဝါး
အမေ - ထွက်ခွာသွားပြီ။
(၂)
၅၂ နှစ်
အချစ်နဲ့ ဒေါသတရား တဝမ်းတခါးနဲ့ မာန
လမ်းဘေးဈေးသည်မရဲ့ ဈာပန
ဘယ်သူမျက်ရည်ကျရဲပါသလဲ။
ပေးဝေ ရင်းနှီး တဲ့
သမီး ၃၊ သား ၃
လူတလုံး သူတလုံး
အမေရယ် အတွေးမှဆုံးသွားရှာရဲ့လား။
'မနုဿတ္တ ဒုလ္လဘ'တဲ့
ရခဲလှသတဲ့ လူ့ဘဝ
ဗုဒ္ဓဒေသနာ ဝါဝင်၊ ဝါထွက် အိပ်မက်
အမေ တပ်မက်ရဲပါဦးမလား။
လူသားတယောက်ရဲ့ ဘဝခရီး
ပြီးစလွယ်နိုင်လွန်းစွာ
သံသရာတောမီးမှာ ထီးမပါ၊ ဖိနပ်မပါ
ညောင်ပင်ကြီးလဲမပါ၊ ညောင်စေ့လဲမပါ
အားနာနာနဲ့ ဆုတောင်း
အမေလဲ ကောင်းရာသုဂတိလားပါစေ။
(၃)
အမေ့ဈာပန သံတိုင်တွေကြားက ၅ ည သား
အတွေးနဲ့ ပို့သ
တဘဝစာ
ဒဏ်ရာရခဲ့သူ။
ထက်မိုး
(၂၂ ဖေဖော်ဝါရီလ ၁၉၉၂ ရက်နေ့တွင် ကွယ်လွန်သွားသော မိခင်အားရည်စူး၍ ထောင်ထဲတွင် ရေးသားသော ကဗျာ)
No comments:
Post a Comment