Tuesday, April 30, 2013

ကျွန်မ ရောက်ဖူးချင်သော နေရာတခု (ခင်မမမျိုး)

လူတွေရဲ့သဘောသဘာဝက အသစ်အဆန်းတွေ၊ နေရာသစ်တွေ၊ အတွေ့အကြုံသစ်တွေကို စိတ်ဝင်စားလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း ရွာကြီးသဖွယ်ဖြစ်လာတဲ့ ကမ္ဘာတဝှမ်းမှာ သိန်းထောင်ပေါင်းများစွာရှိတဲ့ လူတွေဟာ တနေရာကနေ တနေရာကို အလည်အပတ်သွားတာ၊ ကူးလူးဆက်သွယ်တာ၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းဆောင်တာတွေ အတူပူးတွဲလုပ်ဆောင်တာတွေ ပြုလုပ်လာကြပါတယ်။ 

စာစောင်၊ မဂ္ဂဇင်း၊ မီဒီယာတွေမှာ ပါလာတတ်တဲ့ ကြော်ငြာတွေကြောင့် ကိုယ်မရောက်ဖူးသေးတဲ့နေရာဒေသတွေကို သွားရောက် လည်ပတ်လိုစိတ်တွေလည်း ပေါ်ထွက်လာကြပါတယ်။ ကျွန်မရောက်ဖူးချင်တဲ့ နေရာဒေသတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ဒီနေရာတွေထဲမှာ ရောက်ဖူးလိုစိတ် အပြင်းထန်ဆုံးနေရာတခုလည်း ပါဝင်နေပါတယ်။ 

ရဲနွယ်ချောင်းဖျား၊ ပဲခူးရိုးမ။ 


ဒီစကားလုံးလေးတခု ကျွန်မရဲ့စိတ်ထဲကိုစရောက်လာခဲ့တာ လူမှန်းသိတတ်စအရွယ်တုန်းကပါ။ ဖိုးဖိုးက မြန်မာပြည်ရဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလ စစ်သမိုင်းတွေကို ကျွန်မကိုပြောပြခဲ့ပါတယ်။ ခြံထဲမှာလမ်းလျှောက်ရင်း ကြားခဲ့ရတဲ့စကားလုံးတွေက အများအပြားပါပဲ။ ကလေးဉာဏ်လေးနဲ့ လိုက်မှတ်ရတာဆိုတော့ တခါတလေ လူမျိုးတွေနဲ့ အဖွဲ့တွေနဲ့တောင် ရောကုန်ပါတယ်။ 

တိုက်ပွဲ နာမည်တွေကလည်းများလွန်းတော့ စစ်ဆင်ရေးနာမည်တွေ၊ တိုက်ပွဲနာမည်တွေ၊ ဖြစ်ခဲ့တဲ့နေရာတွေ၊ ပါဝင်တဲ့ အဖွဲ့တွနဲ့ပတ်သက်ပြီး အလုံးစုံကိုတော့ မမှတ်မိတော့ပါဘူး။ မြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲတွေကိုသာ သုတေသနပြု လေ့လာမယ်ဆိုရင် ကမ္ဘာ့နိုင်ငံ ငါးဆယ်လောက်က ပြည်တွင်းစစ်ပွဲတွေကို လေ့လာရသလိုဖြစ်မယ် ထင်ပါရဲ့။ 

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ရဲနွယ်ချောင်းဖျားဆိုတဲ့ စကားလုံးလေးကိုတော့ မှတ်မှတ်ထင်ထင်ရှိနေဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆယ်တန်းအောင်ပြီး ရန်ကုန်မှာ ကွန်ပျူတာသင်တန်းသွားတက်ဖြစ်တော့ ဖြူးမှာ ကားရပ်ချိန်မှာ ဒီဒေသဘက်မှာ ရဲနွယ်ချောင်းဖျားဆိုတာ ရှိလား၊ တောင်ပေါ်ရွာတွေက ဒီနားမှာလားလို့ ထမင်းဆိုင်က အဒေါ်ကြီးကို မေးလိုက်မိပါတယ်။ အဒေါ်ကြီးက ထူးဆန်းသလိုပြန်ကြည့်ရင်း ကျောက်တံခါးဘက်မှာ မေးကြည့်။ မသိဘူးဆိုပြီး ထွက်သွားပါတယ်။ 

နာက်ပိုင်း ရန်ကုန်၊ မန္တလေးမြို့တွေမှာ ပညာသွားသင်ဖြစ်ပေမယ့် နယ်ခရီးကျတော့ အဖော်ပါသင့်တယ်လို့ စဉ်းစားမိတာကြောင့် သူငယ်ချင်းတွေကို အဖော်လိုက်စပ်ပါသေးတယ်။ ဒါပေမယ့် ဘယ်သူကမှလည်း အဖော်မလိုက်ပေးတာကြောင့် သွားချင်ရက်နဲ့ မသွားဖြစ်ခဲ့ပါဘူး။ ပြည်ပရောက်လာတော့ ပိုဝေးသွားပါတယ်။ 

ရဲနွယ်ချောင်းဖျားနဲ့ပတ်သက်တဲ့ သမိုင်းလေးတစွန်းတစတွေကို ဟိုနားဒီနားက ကြားရပေမယ့် ဒီထက်ပိုတဲ့ သမိုင်းကြောင်းတွေ အများအပြားရှိနေလိမ့်မယ်လို့ ကျွန်မစိတ်ထဲ ထင်နေမိပါတယ်။ 

ဒီနေရာမှာ တောင်ပေါ်ရွာကြီးတွေ ရှိခဲ့တယ်။ 

ဒီနေရာဟာ တော်လှန်ရေးအခြေခံဒေသ ဖြစ်ခဲ့ဖူးတယ်။ 

ဒီနေရာမှာ အားမာန်တွေ ရှိခဲ့လိမ့်မယ်။ 

ဒီနေရာမှာ စာချုပ်စာတမ်းနဲ့မချည်နှောင်ဘဲ မေတ္တာတရား၊ သံယောဇဉ်နဲချည်နှောင်ဖြစ်တည်ထားတဲ့ ဘဝလက်တွဲဖော်တွေ ရှိခဲ့လိမ့်မယ်။ 

ဒီနေရာမှာ ကျားမ ခွဲခြားသတ်မှတ်မှုမထားဘဲ ရဲဘော်ရဲဘက်စိတ်တွေ ရှင်သန်ခဲ့လိမ့်မယ်။ 

ဒီနေရာဟာ တော်လှန်ရေးမျိုးဆက်တချို့ရဲ့ ချက်မြှုပ်ရာမွေးဖွားရာမြေလည်း ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။ 

ဒီနေရာမှာ ရဲရဲတောက် ကြွေးကြော်သံတွေ ရှိခဲ့လိမ့်မယ်။ 

စစ်နဲ့ငိမ်းချမ်းရေး၊ ရှင်သန်မှုနဲ့ သေခြင်းတရား၊ အချစ်နဲ့ အမုန်း၊ နာကျည်းမှုနဲ့ ခွင့်လွှတ်မှု၊ မေတ္တာနဲ့ ဥပေက္ခာ။ ဒီလို ဝိရောဓိတွေလည်း ရှိကောင်းရှိခဲ့လိမ့်မယ်။ 

မန်မာ့မြေပေါ်မှာ ဒီလိုနေရာတွေ အများအပြားရှိမှာပါ။ 

ဒါပေမယ့် ရဲနွယ်ချောင်းဖျားဆိုတဲ့နေရာလေးကတော့ ကျွန်မရဲ့စိတ်အစဉ်ထဲမှာ ကာလအတန်ကြာအောင် ခိုအောင်းနေခဲ့တယ်။ 

အဲဒီနေရာကို ကျွန်မရာက်ဖူးချင်တယ်။ အဲဒီမှာရှိခဲ့တဲ့ အရိပ်ကောက်ကြောင်းတွေကို ကျွန်မ ရှာဖွေချင်တယ်။ ဒီနေရာမှာ လူအများ မသိသေးတဲ့အရာတွေ အများကီးရှိခဲ့လိမ့်မယ်။ 

အဲဒီနေရာက သမိုင်းကိုဖြတ်သန်းခဲ့ဖူးတဲ့ သက်ရှိသမိုင်းစာအုပ်ကြီးတွေကို ဆုံစည်းချင်မိတယ်။ ခုအချိန်လောက်ဆို သူတို့ခေါင်းပေါ်က ဆံပင်တွေကပဲ ဖွေးဖွေးလှုပ်နေမလား။ ဒါမှမဟုတ် သမိုင်းတွေကိုပြောခွင့်မရလိုက်တဲ့ သက်မဲ့သမိုင်းစာအုပ်တွေများ ဖြစ်သွားကြပြီလား။ ကျွန်မ သူတို့နဲ့ တွေ့ချင်တယ်။ ရဲနွယ်ချောင်းဖျားမှာ ထမင်းလက်ဆုံ စားချင်တယ်။ 

ကဗျာဆရာကြီး ဦးတင်မိုးက ကဗျာတပုဒ် ရေးခဲ့ဖူးတယ်။ 

"ဆေးလိပ်လဲတို 
 နေလဲညိုပြီ၊ 
ငါ့ကိုအိမ်ပြန်ပို့ပါလေ" တဲ့။ 

ဒီကဗျာလေးကိုသတိရမိရင်း၊ ရင်ထဲမှာ စကားတခွန်းထွက်လာတယ်။ 

ကံကြမ္မာက အိမ်ပြန်ပို့တဲ့အခါ ရဲနွယ်ချောင်းဖျားကို ကျွန်မ သွားမယ်။ 

ခင်မမမျိုး 
(၃၀၊ ၄၊ ၂၀၁၃)


 

No comments: