ကိုလှသန်း
ခင်ဗျားကို လွမ်း လို့
ကျနော် ဒီကဗျာရေးတယ်. . .
"ကဗျာဆရာဆိုတာ
လည်စင်းခံပေးရုံသက်သက်
သိုးတွေ မဟုတ်ဘူး. . ."
ကဗျာ့တပ်ဦးက အကိုကြီးတယောက်
အဲသလို ရေရွတ်ဖူးခဲ့. . .
ပြီးတော့
လက်ဆောင်ပန်းခြင်းသွားပို့
ပြီးတော့
ရဲတွေနဲ့ပေါင်း
ပြီးတော့
သစ်ပင်စိုက်
ပြီးတော့
သမဂ္ဂဖွဲ့
ပြီးတော့
တိုက်ပုံဆင်တူဝတ်
ပြီးတော့
အခမ်းအနားတက်
ပြီးတော့ . . .
"မတရားတာတွေ ရှိနေသေးသရွေ့
တော်လှန်ရေးဆိုတာ ရှိနေမှာပဲ. . ."
ကဗျာဆရာ ဆိုတာ
ပစ္စေကဗုဒ္ဓါ လို
သာသနာတွင်း ပ
ကာလ မရွေးဘူး
ဓမ္မ ကို ရှာ
ဓမ္မ ကို တွေ့တယ်
ဘယ်သူတွေ ဘယ်လို
ဘယ်အကျိုးမျှော် လို့
ဘယ်လို ဒူးထောက် ဒူးထောက်
ဘယ်လို အလံလှဲ အလံလှဲ
ကဗျာဆရာ
ဘယ်တော့မှ ဒူးမထောက်ဘူး
သေချာတာ
ကဗျာရဲ့ နှလုံးသား က
သေတဲ့အထိ ဒူးမထောက်ဘူး။
ကိုလှသန်း
ခင်ဗျားကို လွမ်း လို့
ကျနော် ဒီကဗျာရေးတယ်။
ခုထိ ကုလို့မပျောက်သေးတဲ့ မီးလောင်ဒဏ်ရာတွေရယ်
နှာစေးဝမ်းချုပ် နာတာရှည်ရသွားတဲ့ စုံစမ်းရေးကော်မရှင်တွေရယ်
ဒီအကြောင်းမပြောကြေးဆိုတဲ့ စင်ပေါ်က မင်းသားကြီးတွေရယ်
ဘယ်တော့မှ မမှား၊ မလွဲ၊ အပြစ်အနာအဆာမရှိတဲ့
အဲဒီလူတစု ဘာလုပ်လုပ် လက်ခုပ်တီး
ယုံတယ် ယုံတယ် အော်နေတဲ့ လူအုပ်ကြီးရယ်
နတ်ဝတ်ပုဆိုး လက်ညှိုးထိုးမယ့်သူ မရှိတဲ့ ဇာတ်ခုံ. . .
ကဗျာဆရာတွေ
ဘယ်သွားသေကြသလဲ. . .
အို ကဗျာဆရာတွေ
ဘယ်နား သွားသေနေကြသလဲ
သမဂ္ဂသင်္ချိုင်းမှာ သေနေသလား
အမတ်ရူးသင်္ချိုင်းမှာ သေနေသလား
နိုင်ငံရေးရူးပိုး ဦးနှောက်ထဲဝင်ပြီး
အကျိုးအမြတ်သွက်ချာပါဒ လိုက်သွားသလား
ကိုလှသန်း
ခင်ဗျားကို လွမ်းလို့
ကျနော် ဒီကဗျာရေးတယ်။
တိုင်းပြည်ကြီး
မတရားတာတွေ
စီးရီးလိုက် ထွက်နေလဲ
လူတွေ လူတွေ
အမေ တ
အကို တ
တ ရင်း မတရားတာတွေကို မျက်ကွယ်ပြုကြ. . .
တော်လှန်ရေး သေ ပြီ တဲ့
ကဗျာတွေ မသေမချင်း
တော်လှန်ရေး ဘယ်တော့မှ မသေ. ..
ကဗျာဆရာတွေသာ
သေမနေဖို့ အရေးကြီး
မင်း သစ္စာဖောက်
ငါ သစ္စာဖောက်
အပြန်အလှန်ထိုးတဲ့ လက်ညှိုးတွေကြားမှာ
ကိုယ့်နှလုံးသားကိုယ်
သစ္စာမဖောက်ဖို့ အရေးကြီးတယ်. . .
အဲဒီပြည်သူတွေ ညည်းနေ တွားနေသမျှ
နိုင်ငံရေးသမားနားတွေ အပင်းဆို့ထားတောင်
ကဗျာဆရာတွေ နှလုံးသားက
ဆတ်ဆတ်ခါ ကြားနေဖို့ လိုတယ်. . .
ကဗျာတွေ မသေသရွေ့
တော်လှန်ရေး မသေဘူး
"ဒီ တန်ခူးမှာတော့ တသက်လုံး မိုက်မဲဖူးသမျှမှာ ဟိုအဒေါ်လည်း မမျှော်တော့ဘူး ကိုပေါ်လည်း မမျှော်တော့ဘူး.. .. .." တဲ့
ကဗျာဆရာညီငယ် က ငိုညည်းတယ်
ညီလေးရေ. . .
ကဗျာတွေရေးကွာ
ကဗျာတွေရေးစမ်း
ငါတို့နှလုံးသားတွေကို
ငါတို့သစ္စာမဖောက်ကြေး
ငါတို့နှလုံးသားတွေထဲ
သေသွားတဲ့ ငါတို့ရဲဘော်တွေ. . .
တောထဲ
ထောင်ထဲ သေသွားကြတဲ့
ငါတို့ရဲဘော်တွေ
အရေးမပါတဲ့
ငါတို့ရဲဘော်တွေ
ရှိတယ်။
ငါတို့အားလုံး အရေးမပါ ပါဘူး. . .
မင်းပြောသလို
ပွဲသိမ်းဖို့
စင်ပေါ်က လူက ဆုံးဖြတ်
ကားဆွဲတဲ့
ထမီခေါက်တဲ့
ပတ်စာခွာ ဖျာသိမ်းတဲ့
ညကြေးနိမ့်သမားတွေကို ဘယ်သူမှ ထည့်မစဉ်းစားကြ. . .
ငါတို့
ငါတို့ကဗျာတွေနဲ့
တော်လှန်ရေးကို ဆက်ကြတာပေါ့. . .
မတရားမှုတွေ ရှိနေသရွေ့
တော်လှန်ရေးက ရှိနေမှာပဲ. . .
ငါတို့ ကဗျာတွေနဲ့ တော်လှန်ကြ. . .
ငါတို့ ကဗျာတွေ
ဆက်ရေးကြ. . .
အဲဒီကဗျာတွေက လူတွေကို ထမင်းမကျွေးဘူး
အဲဒီကဗျာတွေက တိုင်းပြည်ကို လက်တွေ့ ဘာမှ ဖြစ်မလာစေဘူး
အဲဒီကဗျာတွေက. . .
. . . . . .
ကိုချောပြောတဲ့
လဘက်ရည်တဇွန်းစာ
ဘုရားသခင်က ဦးနှောက် ခပ်ယူပြီး လူ့ပြည်လွှတ်လိုက်တဲ့သူတွေက
ဝိုင်းရယ်ကြ
ဝိုင်းကဲ့ရဲ့ကြ
ဝိုင်းတိုက်ခိုက်ကြ
အဲဒီ ကဗျာတွေထဲမှာ
လူတွေအတွက် ထမင်းတွေလည်း ရှိတဲ့
တိုင်းပြည်တခုစာမက ကမ္ဘာကြီးပါ . . . ရှိတဲ့
နောက်ထပ်တော်လှန်ရေးကြီးတခုကို မွေးဖွားပေးမယ့်
တော်လှန်ရေးတခု ရှိတယ်ဆိုတာ
သူတို့ရဲ့ လဘက်ရည်တဇွန်းစာရော့နေတဲ့ ဦးနှောက်တွေက
ဉာဏ်မီရှာမှာ မဟုတ်ဘူး. . .
ကဗျာတွေရေးကြ
ကဗျာတွေနဲ့ တော်လှန်ကြ
ညီလေးရေ. . .
ငါတို့ ကဗျာတွေ နာနာရေး
ကိုချောပြောသလို
ငါတို့ဒဏ်ရာတွေကို ငါတို့ရဲ့ကဗျာတွေနဲ့ ကုစားကြရင်း
ငါတို့ရဲ့တော်လှန်ရေးကို ဆက်ကြတာပေါ့
ကိုလှသန်း
ခင်ဗျားကို လွမ်းလို့
ကျနော် ဒီကဗျာ ရေးတယ်. . .
ခင်ဗျား သေပေမယ့် မသေ
ခင်ဗျား ရဲဘော်တွေသာ
အရှင်လတ်လတ် သေ
တပိုင်းသေ
တခြမ်းသေ
တကောင်လုံးသေ. . .
သေကုန်ကြလေရဲ့. . .။
ချိုတူးဇော်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment