ဆောင်းပါးရဲ့ ဒီအပိုင်းလေးရေးနေတဲ့ အခုမတ်လဟာ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ကို မဏိပူရ အာဏာပိုင်တွေက ဒုက္ခသည်စခန်းကနေ မြန်မာပြည်နယ်စပ်ကို တိတ်တဆိတ် မောင်းနှင်တဲ့လနဲ့ တိုက်ဆိုင်နေတယ်။ မတ်လဟာ တော်လှန်ရေးလ ဖြစ်တယ်။ တော်လှန်ရေးရဲ့သင်္ကေတလည်း ဖြစ်တယ်။ အပင်တိုင်း ရွက်ဟောင်းတွေ ကြွေနေတယ်။ တချို့အပင်တွေက ရွက်နုအသစ်တွေနဲ့ ပြောင်ပြောင်လက်လက်၊ အပင်တချို့ကတော့ ပုရစ်ဖူးတွေငုံလို့။ “တပေါင်းရောက်ပြီ၊ လက်ပံ ပေါက်လဲ မြိုင်ထဲနီရဲနဲ့ အစချီပြီး … … နီစွမောင်းမောင်း လတပေါင်း ...” နဲ့ အဆုံးသပ်ထားတဲ့ ဆရာထူးရဲ့ 'တပေါင်းနီ' ကဗျာလေးကို သွားသတိရတယ်။
အဟောင်းတွေကို ဖြိုချပြီး အသစ်ထူထောင်မယ့် ကျနော်တို့ဟာ မရေမရာခရီးကြမ်းကြီးတခုကို လျှောက်နေရပေမယ့် မာန်တွေကတော့ ကျမသွားသေးဘူး။ မဏိပူရ အာဏာပိုင်တွေကိုတော့ စိတ်ထဲ ကမ္ဘာမကြေဖြစ်နေကြတယ်။
ကျနော်တို့ဖြတ်နေတဲ့ မဏိပူရသစ်တောဟာ အရွက်တွေပြုန်းစပြုနေပြီ။ လျှိုမြောင်တွေအောက်က ဝါးတောကြီးတွေဟာ သင်္ကန်းဝါဝါကြီး ခြုံထားသလိုပဲ။ ကြွေကျနေတဲ့ ရွက်ဝါတွေကို နင်းခြေသွားလို့ထွက်လာတဲ့ တရှဲရှဲ တရှပ်ရှပ်နဲ့ အသံတွေကပဲ လွှမ်းမိုးနေတယ်။
အားလုံး ကိုယ့်အတွေးတွေနဲ့ကိုယ် ငိုက်ဆိုက်ငိုက်ဆိုက် လျှောက်နေကြတာ။ နေကလည်းပြင်းမှပြင်း ကျနော်တို့ တတောင်ပြီးတတောင် ဖြတ်ကျော်နေတဲ့ မဏိပူရနယ်စပ် တောင်တန်းကြီးတွေဟာ သိပ်ပြီး မတ်စောက်တယ်လို့လည်းမဆိုသာပေမယ့် ခက်ခက်ခဲခဲတော့ ကျော်ရတယ်။ တောက်ခါးပတ်ရံကိုပတ်ပြီး လူသွားလမ်းသေးသေးလေးကနေ သွားရသလို တောင်ထိပ်လမ်းတွေအတိုင်း ဖြတ်ရတာလည်း ရှိတယ်။ ကျနော်တို့ကို ခေါ်ဆောင်လာတဲ့ မီဇိုလမ်းပြတယောက်က ရွာပြင် သင်္ချိုင်းကုန်းတခုကျော်တာနဲ့ အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ဝိုင်းထိုင်စုဝေးစေပြီး သူတို့ဘာသာစကားနဲ့ ဆုတောင်းပေးတယ်။ အန္တရာယ်ဘေးကင်းပြီး လိုရာခရီး ချောချောမောမောရောက်ဖို့ပေါ့။
ကျနော်တို့အများစုက ခရစ်ယာန်ဘာသာဝင်တွေမဟုတ်ကြပေမယ့် သူဆုတောင်းပေးတာကိုတော့ ကျေနပ်ကြတယ်။ ဆုတောင်းလို့ အဆုံးသပ်ရင် “အာမင်” လို့ ရွတ်ဖို့ မစန်းပွီးကမှာတဲ့အတိုင်း “အာမင်”လိုက်ကြတယ်။ တရွာရောက်ပြီဆို ပထမလမ်းပြက အဲဒီရွာက လမ်းပြတယောက်လက်ထဲ ကျနော်တို့ကို လွှဲအပ်တယ်။ လမ်းပြပြောင်းတယ်။ တောင်ပေါ်ရွာတွေကလည်း သိတဲ့အတိုင်း တရွာနဲ့တရွာ လှမ်းသာမြင်ရတယ်၊ တောင်လေး ငါးလုံးကျော်လည်း မရောက်နိုင်ဘူး။ ကျနော်တို့ဟာ တောင်ပေါ် ချင်းမျိုးနွယ် ဇိုမီး၊ မှာ၊ မီဇို စတဲ့ တိုင်းရင်းသားတွေ ရွာသေးသေးတချို့ကို ဖြတ်ကျော်သွားကြတယ်။
ရွာတရွာရောက်ရင် ကျနော်တို့ထဲက ဆေးမှူးတာဝန်ယူတဲ့ ကိုမိုးဇော် (ယခု VOA သတင်းထောက်- ချင်းမိုင်) ကပါလာတဲ့ ထိုးဆေး၊ စားဆေးတွေနဲ့ ရွာထဲပတ်တော့တာပဲ။ ရွာထဲက လူကြီး၊ ကလေး လူမမာတွေကို တတ်သလောက် မှတ်သလောက်စမ်းသပ်ပြီး ဆေးကုပါလေရော။ ရွာသားတွေကလည်း သူတို့ကို အလကားကုပေးတယ်ဆိုပေမယ့် စေတနာတုံ့ပြန်ရှာတယ်။ ကျောက်ဖရုံသီးတွေနဲ့ ကြက်ဥတွေ ပြန်ပေးတယ်။ ဒုက္ခဆင်းရဲတွေ၊ ပင်ပမ်းနွမ်းနယ်မှုတွေကြားက ပျော်ရွှင်တက်ကြွတယ်။
တခါတော့ ... မိုးချုပ်ကြီး ရွာတရွာဝင်နားတယ်။ ဇရပ်လိုလို သစ်လုံးအိမ်ကြီးတလုံးမှာ ကျနော်တို့ စုပြုံနေကြတယ်။ ကိုမိုးဇော်ကိုလည်း ရွာထဲက ကလေးတယောက်အသဲအသန်ဖြစ်လို့ဆိုပြီး လာပင့်သွားတယ်။ တညလုံးလည်း ဘုရားရှစ်ခိုးသံ၊ ဗုံတိုတီးခတ်သံတွေ ကြားနေရတယ်။ ခရစ်ယာန်ဘာသာဝင်တွေပါပဲ။ ည ၂ ချက်တီးလောက်ကြီး ရွာထဲက စူးစူးဝါးဝါး အော်ဟစ်သံတွေ ဆူညံနေအောင် ကြားလိုက်ရတယ်။ ဝူးဝူးဝါးဝါးနဲ့ ဘာမှ မသဲကွဲဘူး။ ကျနော်တို့ လန့်နိုးကုန်တယ်။
ဒီကြားထဲ ဦးအာလောကကလည်း တယောက်ချင်းစီကို တိုးတိုးတိတ်တိတ်နှိုးပြီး ကိုယ့်အထုတ်ကိုယ် ပြင်ခိုင်းတယ်။ အားလုံး ငုတ်တုတ်လေးတွေ။ ဖယောင်းတိုင်မီး မှုတ်ထားလိုက်တယ်။ အမှောင်ထဲမှာ စိုးရိမ်ထိတ်လန့်နေကြတယ်။ ဘာသာပြန်တဲ့ မစန်းပွီး၊ မိုးဇော် တို့အပါအဝင် လူ ၄ ယောက် ပြန်မလာသေးဘူး။
တကယ်တော့ ကျနော်တို့အားလုံးမှာ စိတ်ဒဏ်ရာတွေ သင့်နေတယ်။ တယောက်နဲ့တယောက် မယုံသင်္ကာမှုနဲ့ သွေးကွဲမှုတွေ၊ ဒုက္ခသည်စခန်းက ခါးသီးချက်တွေ၊ ခွဲခြားဆက်ဆံခံရတာတွေ၊ ညသန်းခေါင်ကျော်ကြီး လူအစုလိုက်အပြုံလိုက်ကြီးကို သားရဲတွင်းထဲ တွန်းပို့လိုက်တာတွေက ကျနော်တို့ စိတ်တွေကို ခြောက်ခြားစေတယ်။ အခုလို အော်သံ ငိုသံ စူးစူးဝါးဝါးတွေက ကျနော်တို့ကို ထိတ်လန့်စေတယ်။ ပဋိပက္ခကြီးတခုခုဖြစ်နေသလိုပဲ။ ကျနော်တို့ ဒီရွာမှာ တစက္ကန့်မှ မနေချင်ဘူး။ မြန်မြန်ပြေးချင်ပြီ။
နောက်တော့ အိမ်နားကပ်လာတဲ့ ခြေသံတွေကြားတယ်။ သူများတော့ ဘယ်လိုနေမယ်မသိဘူး။ ကျနော် စိတ်ကို တင်းလိုက်တယ်။ လာမယ့်ဘေး ပြေးတွေ့မယ်ဆိုပြီး မာန်တင်လိုက်တယ်။ ကြောက်ပြီးတင်တဲ့မာန်။ “လာလာ မြန်မြန်လာ ... ခင်ဗျားတို့ကိုစောင့်နေတာ” လို့ ဦးအာလောပြောတဲ့အသံနဲ့ တံခါးတွန်းဖွင့်ဝင်လာတဲ့ မိုးဇော်တို့ကို မြင်ရမှ စိတ်သက်သာသွားတယ်။ မနက်စောစော အလင်းမထွက်ခင် ကျနော်တို့ ရွာက အမြန်ထွက်သွားကြတယ်။
အခြေအနေမှန်ကို မိုးဇော်တို့ပြောမှ သိရတယ်။ သူကုပေးတဲ့ကလေးက အပူကြီးပြီး အသဲအသန်၊ ဆေးကုမရဘူး၊ အခြေအနေက လွန်နေပြီ၊ မိဘတွေက အတင်းဆေးထိုးခိုင်းလို့ မိုးရေ ထိုးပေးလိုက်တယ်။ ဝူးဝူးဝါးဝါး အော်သံတွေက ရွာကလူတွေ ဝိုင်းဝန်းဆုတောင်းပေးတာတဲ့။ တောင်ပေါ် ခရစ်ယာန် တိုင်းရင်းသားတွေ ဆရာဝန်မရှိ ဆေးမရှိ အသဲအသန်ဖြစ်ပဟေ့ဆို ဆုတောင်းပေးပြီး ဘုရားကု ကုရုံကလွဲလို့ ဘာမှ မတတ်နိုင်။ နောက်ဆုံးတော့ ကလးငယ်လေး ဆုံးပါးသွားတယ်။
ကျနော်တို့ တတောင်ပြီးတတောင် တတောပြီးတတော မိုးရေး (တမူးနယ်စပ်ကို) ချီတက်နေတယ်။ လမ်းပြ မရှိတော့ဘူး။ ရွာလူကြီးညွှန်းတဲ့လမ်းအတိုင်း ခရီးဆက်နေကြတာပါ။ မှတ်မှတ်ရရ အဲဒီနေ့က တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်။ ကျနော့်မှာ တော်လှန်ရေး ဘာဝနာတွေ ပွားပြီး၊ ဟိုခေတ်က တော်လှန်ရေးနဲ့ ကျနော်တို့ဘဝတွေကို ထင်ဟတ်ကြည့်ရင်း တဖြည်းဖြည်းချင်း တောင်ပေါ်တက်နေတယ်။ နေက အရမ်းပူတယ်။ တောင်တွေက ပြေပြေလေးနဲ့ တက်နေရတာရှိသလို ခပ်မတ်မတ် တက်ရတာလည်းရှိတယ်။
ကျနော် အပါအဝင် တော်တော်များများ ခြေတောက်တွေ ပေါက်ပြဲနေပြီ။ မန္တလေးက ကျနော်နဲ့ ကျောင်းနေဖက် မောင်မောင်မြင့် (တရုတ်မ) ဆို လူတွဲလျှောက်နေရပြီ။ ရေကလည်း ငတ်တယ်။ တနေရာမှာ တောငှက်ပျောပင်တွေ တွေ့တယ်။ ကလေးနယ်က တောကျွမ်းတဲ့ ရဲဘော်တယောက်က ရေသောက်နိုင်တဲ့နည်းကို သင်ပေးတယ်။ ငှက်ပျောပင်စည်ကို တုတ်ချွန်လေးနဲ့ ထိုးလိုက်တယ်။ တုတ်တလျှောက် ရေအေးအေးတွေ စီးကျလာတယ်။ အဲဒါကို လျှာဖျားလေးနဲ့ခံ သောက်ကြတာ။ ချိုမြပြီး အေးနေတာပဲ။ ငှက်ပျောပင်အခေါက်တွေမှာ ကပ်ညှပ်နေတဲ့ ရေတွေပေါ့။
နေမွန်းလွဲတော့ တောင်ထိပ်တခုကို ရောက်လာတယ်။ ဝါးတဲလေးတခုလည်း တွေ့တယ်။ တောင်ထိပ်ကကြည့်ရင် သွပ်မိုးလဲ့လဲ့နဲ့ ရွာလေးတရွာ တွေ့ရတယ်။ အဲဒီရွာကျော်သွားရင် နောက်ထပ် ရွာကြီးတရွာရောက်မယ် ဘုံရမ် လို့ ခေါ်တဲ့ ရွာပဲ။ အဲဒီကိုရောက်ရင် နားလို့ရပြီ။ “ဒီမှာ ရေတွေ့ပြီဟေ့ ပွတာပဲ” စပ်စုတတ်တဲ့ ဝင်းကိုက ကျနော်တို့နားနေတဲ့ လယ်စောင့်တဲလိုလို ဝါးတဲ အောက်ခြေတွေကို ငုံ့ကြည့်ရင်း ဝါးပိုးဝါးကျည်တောက်တခုကို လှမ်းယူလိုက်တယ်။ ပါးရွက်ဆိတ်အမဲတွေက ဝါးပိုးဝါးမှာ အများကြီး။ ဝါးကျည်တောက်ရေရဲ့ အအေးဓာတ်ကို ခိုနေကြတာလား မသိ။ ပုရွက်မဲတွေကိုဖယ်ပြီး ရေ တယောက်နည်းနည်း ဝေမျှသောက်ကြတယ်။ အာဆွတ်ရုံပေါ့။
ဒီလို တောင်ထိပ်မှာ ရေပြတ်တတ်လို့ တောင်သူတွေ ဝါးကျည်ထဲ ရေထည့်ပြီး ထားပေးထားတာပါ။ ပိုင်ရှင် မသိပေမယ့် ခရီးသွားတွေ သောက်လည်း ဘာမှမဖြစ်ဘူးလို့ သိရတယ်။ တောင်ပေါ်ချင်းတွေဟာ သိပ်ရိုးသားပြီး မိသားစုစိတ်ရှိတယ်။ ဧည့်သည်တို့ ခရီးသွားတို့ကို နေရာပေး ဦးစားပေးတတ်တယ်ဆိုတာ နောက်ပိုင်း ကျနော် ချင်းရွာတွေကိုရောက်တော့ ပိုသဘောပေါက်တယ်။
တခါတုန်းက (၂၀၀၂ ခုနှစ်)လောက်က CAN ချင်းအမျိုးသားတပ်က ဆေးမှူး ဒေါဝ်မန်းနဲ့ကျနော် ချင်းသူပုန်တွေနဲ့အတူ နယ်စပ်စည်းရုံးရေး ခရီးလှည့်ရင်း ရွာတရွာရောက်တယ်။ တနေကုန် တောင်တွေ တတောင်ပြီးတတောင် ကျော်လာတာဆိုတော့ ပင်ပမ်းပြီး ဗိုက်လည်းဆာနေပြီ။ အိန္ဒိယနယ်စပ်ဘက်က ချင်းရွာတရွာရောက်တော့ မိုးချုပ်ခါနီးပြီ။ ဒေါဝ်မန်းက အနီးဆုံးအိမ်တအိမ် တက်သွားတယ်။ လူ မရှိဘူး။ တံခါး မရှိဘူး။ ဝါးတလုံးနဲ့ တံခါးကို ကန့်လန့်ကာထားတာ။
ကြုံကြိုက်တုန်း ပြောရအုံးမယ်။ ချင်းလူမျိုးတွေမှာ “သော့” ဆိုတဲ့ ဝေါဟာရ မရှိဘူး။ မြန်မာလို သော့ လို့လည်း ခေါ်တတ်တယ်။ အိန္ဒိယဘက်က မီဇိုချင်းတွေက အိန္ဒိယလို “ကျာဗီး” လို့ ခေါ်တယ်။ မူပိုင်စကားမှာ သော့ ဆိုတာ မရှိဘူး။ အခုထိ နယ်စပ်ရွာတွေမှာ အိမ်တံခါး သော့မခတ်ဘူး၊ သူခိုးလည်း မရှိဘူး။ ဒါနဲ့ အိမ်ထဲဝင်လိုက်တော့ မီးခိုးငွေ့တလူလူနဲ့ မီးဖိုပေါ်က မြေအိုးမှာ အခွံချွတ် ပြောင်းဆန် ဖြူလွလွတွေက အဖုံးကိုအာပြီးပြူထွက်နေတယ်။ မွှေးနေတာပဲ။ ဒေါဝ်မန်းက တဇွန်းမြီးလိုက်ပြီး လတ်တည်တည်ပဲ ပန်းကန် ၂ ချပ်ကောက်ဆွဲပြီး ပြောင်းဆန်တွေ ခူးခပ်နေတယ်။ ကျနော်က မစားရဲဘူး။ စိုးရိမ်နေတယ်။ ပိုင်ရှင်မသိဘဲ ခိုးစားတာဆိုတော့။ ဒေါဝ်မန်းက ရှင်းပြတယ်။ စိတ်ပူစရာမလိုဘူး။ ကျနော်တို့ ခရီးသွားတွေပဲလို့ ပြောတယ်။ တယောက် ၂ ပန်းကန်စီ ဆာဆာနဲ့ အုပ်ထည့်လိုက်တာ ကုန်ရော။ ကျနော်က ကြောက်လန့်ပြီး ရွာထဲက အိမ်ဆိုင်လေးတခုက ကြက်ဥနဲ့ ယိုးဒယား မာမားထုတ်တွေဝယ်ပြီး အဲဒီအိမ်မှာ ထားပေးခဲ့တယ်။ အိမ်ရှင် အဖိုးကြီးက တောင်ယာသွားနေတာလို့ သိရတယ်။
သွားဖန်များ ခရီးရောက်ဆိုသလို ကျနော်တို့နားမယ့်ရွာ မရောက်ခင် ရွာတရွာကို ကျနော်တို့ ရောက်တယ်။ ခဏ နားတယ်။ ရွာပြင်ချောင်းမှာ ခြေလက်ဆေးကြော၊ ရေချိုးကြတယ်။ ဟင်းခတ်အမွှေးအကြိုင် ကရဝေးပင်တွေ တောထဲမှာ အများကြီးပဲ။ အရွက်တွေက တတောလုံး သင်းပျံ့နေတယ်။ ရွာကနေထွက်မယ်လုပ်တော့ ကျနော်တို့အုပ်စုမှာပါတဲ့ အမျိုးသမီး ၃ယောက်ထဲက နီနီသိန်း ပျောက်သွားတယ်။ သူလည်း စိုးရိမ်ကြောက်လန့်မှုတွေရှိမှာပေါ့။ တောထဲပုန်းနေတာ။ ရှာမရဘူး။ ရွာမှာနေခဲ့ချင်ပုံရတယ်။ နောက်ဆုံး မတွေ့လို့ အားလုံး လက်လျှော့ပြီး ခရီးဆက်တယ်။ နောက်မှသိရတာ နီနီသိန်းက ရွာမှာနေခဲ့ပြီး ရွာက လူတယောက်က မိုးရေးကို ပို့ပေးတဲ့အကြောင်း၊ နောက်တော့ မိုးရေး ရဲစခန်းကဖမ်းပြီး အင်ဖားထောင်ကို ပို့လိုက်တယ်လို့ သိရတယ်။
ဘုံရမ် ရွာအဝင် အသံချဲ့စက်က သီချင်းသံတွေကြားရတယ်။ ရွာပြင်ကွင်းထဲမှာ ဘာသာရေးပွဲတော်တခု လုပ်နေကြတာပါ။ အဲဒီနေ့က ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် ဂွတ်ဖရိုင်းဒေး (Good Friday) ဖြစ်တယ်။ ကျနော်တို့လာတာမြင်တာနဲ့ ရွာသူရွာသားတွေက ဟိုဘက်ဒီဘက် တန်းစီနေရာယူလိုက်တယ်။ ကျနော်တို့လည်း စီတန်းပြီး ရွာထဲဝင်လာတာ။ တန်းစီနေသူတွေ ကျနော်တို့ တယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်ပြီး ကြိုဆိုတယ်။ ပြီးတော့ ကျနော်တို့အဖွဲ့ကို နွားနောက်သားတတွဲ လက်ဆောင်ပေးတယ်။ ကျနော်တို့ အရမ်းပျော်သွားတယ်။ ရွာကလူတွေ ကြိုဆိုပုံက နွေးထွေးတယ်။
အမှန်တော့ ရွာသားတွေက ကျနော်တို့ ဗမာပြည်ကနေ အခုပဲထွက်လာတဲ့ ကျောင်းသားတွေလို့ ထင်နေကြတာ။ ကျနော်တို့ ဒုက္ခသည်စခန်းက ထွက်လာသူတွေမှန်း မသိကြဘူး။ နောက်တရက်မှ ကျနော်တို့သိရတာက မဏိပူရ စစ်တပ်က ကျနော်တို့ ဗမာပြည်ထဲမဝင်ဘူးဆိုတာ သတင်းရပြီး ကျနော်တို့ကို စစ်ကြောင်းထိုးပြီးလိုက်ရှာနေသလို တမူးခရိုင်က မြန်မာစစ်တပ်ကလည်း ကျနော်တို့ ဗမာကျောင်းသားတွေ တောလမ်းတွေကတဆင့် တမူးမြို့ထဲဝင်လာနေပြီဆိုတဲ့ သတင်းကြောင့် တပ်လှန့်ထားတဲ့ သတင်းပါ။
ကျနော်တို့ဟာ ၂ နိုင်ငံစစ်တပ် ကြားမှာညှပ်နေတယ်။ အခြေအနေမကောင်းဘူး။ အဲဒီသတင်းတွေမရခင်တော့ ကျနော်တို့ ကိုယ့်ကိုယ်ကို အရမ်းလွတ်လပ်လပ်သွားပြီလို့ထင်ပြီး အိန္ဒိယပိုင် ချင်းရွာလေးမှာ နွားနောက်သားချက် အတုံးသေးသေးလေးတွေကို ဝေပုံကျနဲ့ မဝတဝ ညစာစားပြီး ကုလားဘီဒီ ဆေးလိပ်လေးနဲ့ အရမ်းကို ဇိမ်ယူနေလိုက်တယ်။ သိပ်ကို စိတ်ပေါ့ပါးလွတ်လပ်ပြီး ကြည်နူးနေကြတယ်။ တည်းခိုရာ အိမ်ရှေ့က ကျောက်တုံးကြီးပေါ်မှာ ကဗျာရူး စာရူး ကာတွန်းဂျိုကာနဲ့ ကျနော်တို့ ၂ ယောက် ဖတ်ဖူးတဲ့ စာတို ကဗျာတိုလေးတွေတောင်ရွတ်ပြီး ဘုံရမ် ဆည်းဆာချိန်လေးကို အရသာခံနေသေးတာ။
တခါတခါ လူ့ဘဝဟာ အိုင်စတိုင်း အဓိပ္ပာယ်ဖွင့်သလို ရေမရှိတဲ့ တွင်းပျက်ကြီးထဲက မျှော်လင့်ခြင်းဆိုတဲ့ သစ်ကိုင်းကြီးကို တွဲလွဲခိုနေရင်း မရဏဆိုတဲ့ ရေတွင်းထဲက ပါးစပ်ဖြဲစောင့်နေတဲ့ သတ္တဝါကြီးကိုလည်း မေ့ထားလိုက်၊ ရှင်သန်ခြင်းသစ်ကိုင်းကို ကိုက်ဖျက်နေတဲ့ နေ့နဲ့ ညလို့ နာမည်ပေးထားတဲ့ ကြွက်ဖြူနဲ့ ကြွက်မဲကိုလည်း မေ့ထားလိုက် သစ်ကိုင်းထက်က ယိုစီးကျနေတဲ့ ပျားရည်စက်လေးတွေဆိုတဲ့ ဘဝရဲ့အရသာကိုပဲ လျှာနဲ့ယက်ပြီး မျက်စိစုံမှိတ်နေလိုက်တာ သောကငြိမ်းပါတယ်။
ကျနော်နဲ့ ဂျိုကာတို့နှစ်ယောက် အလွတ်ရတဲ့ တော်လှန်ကဗျာနဲ့ ဒဿနအဆိုအမိန့်တွေ အရူးတွေလို ရွတ်နေလိုက်တယ်။ မကြာခင် ရက်ပိုင်းအတွင်း ကျနော်တို့ တောကြီးမျက်မဲထဲ တလနီးပါး ခိုလှုံနေရမယ်၊ ကိုယ့်ရဲဘော်ရဲမေတချို့ မဏိပူစစ်တပ်နဲ့ မြန်မာစစ်တပ်ရဲ့ ညှပ်ပိတ် အဖမ်းခံရမယ်ဆိုတာကို ကျနော်တို့ ကြိုမသိခဲ့ကြဘူး။ ဓားသွားထက်က ပျားရည်စက်တွေနဲ့တူတဲ့ ဒုက္ခရဲ့ညနေခင်းထဲက ကဗျာအလှ စာအလှတွေနဲ့ ဒဿနလေးတွေကို တမက်တမော ရွတ်ဆိုနေကြတော့တယ်။
ကိုညို
၀၆ မတ်လ ၂၀၁၃။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment