Friday, February 8, 2013

စစ်ဟိန်းသံ တချို့ကြောင့် ရင်တမမ ဘုရားတမိ (မောင်ဝံသ)

စေ့စပ် ဖျန်ဖြေရေးသည် ပညာရပ်တစ်ခု 

ဆရာ ဒေါက်တာ အောင်ထွန်းသက်က ပညာရှင် ရှုထောင့်ကနေ သူပြုစုထားတဲ့ ‘စေ့စပ် ဖျန်ဖြေခြင်း ပညာ’ (Mediation) ပါဝါပွိုင့် ဟောပြောချက်တစ်စုံကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင်တွေ လေ့လာဖတ်ရှုဖို့ အီးမေးလ်နဲ့ ပို့ထားလို့ ခုတလော ကျွန်တော် စိတ်ဝင်စားစွာ လေ့လာနေပါတယ်။

ဆရာသက်ရဲ့ ဟောပြောချက် မှတ်စုထဲမှာ မီဒီယာသမားတွေ ကြုံတွေ့ရနိုင်တဲ့ အမှုအခင်းတွေကို စာနယ်ဇင်းကောင်စီက ကြားဝင်စေ့စပ် ဖျန်ဖြေပေးရတဲ့ အချိန်အခါတွေမှာ လက်တွေ့အသုံးချနိုင်တဲ့ အခြေခံသဘောတရားတွေ ကျင့်သုံးပုံတွေ အစုံအလင်ပါတာဖြစ်လို့ အလွန်မှ ကျေးဇူးကြီးလှပါတယ်။

ကစ်ဆင်းဂျားရဲ့ အတွေ့အကြုံများ 

ကျွန်တော်ကလည်း စေ့စပ်ဖျန်ဖြေရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကိုလေ့လာဖို့ ပိုပြီးထက်သန်ခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး လုံးချင်းစာအုပ် ‘ဒေါက်တာ ဟင်နရီကစ်ဆင်းဂျား’ နိုင်ငံရေး အတ္ထုပ္ပတ္တိ (၁၉၇၃ ခုနှစ် စက်တင်ဘာလ) ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲလာချိန် (၁၉၇၀ စောစောပိုင်းနှစ်များ) မှာ ဟင်နရီကစ်ဆင်းဂျားဆိုတဲ့ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူ တက္ကသိုလ် ဆရာတစ်ယောက်ဘဝကနေ စေ့စပ်ဖျန်ဖြေရေး သံတမန်တစ်ဦးအဖြစ် အောင်မြင်စွာ စွမ်းဆောင်ခဲ့ပုံတွေကို ရေးသားတင်ပြခဲ့တာ ဖြစ်ပါတယ်။


အမေရိကန်-တရုတ် ဆက်ဆံရေး တံခါးပြန်ပွင့်အောင် အမေရိကန် စားပွဲတင်တင်းနစ် အားကစားအဖွဲ့ကို ပထမဆုံး စေလွှတ်ပြီး Pingpong Diplomacy နဲ့ အစပျိုးခဲ့တယ်။ ပြီးတော့ သမ္မတ နစ်ဆင်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကစ်ဆင်းဂျားကိုစေလွှတ်ပြီး မော်စီတုန်း၊ ချူအင်လိုင်း စတဲ့ တရုတ် ထိပ်တန်းခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်အရ ယုံကြည်မှုကို ရအောင် Personal Diplomacy ပုဂ္ဂိုလ်ရေးချဉ်းကပ်တဲ့ သံတမန်နည်းနဲ့ ကြိုးစားခဲ့ပုံတွေ၊ ဗီယက်နမ်စစ်ပွဲ ရပ်စဲရေး ပါရီ ဆွေးနွေးပွဲမှာ ကစ်ဆင်းဂျား အောင်မြင်စွာ စေ့စပ်ခဲ့ပုံတွေ၊ အာရပ်-အစ္စရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်အောင် မျက်နှာချင်းမဆိုင်နိုင်သူတွေအကြား Shuttle Diplomacy ဆိုတဲ့ လွန်းပျံ သံတမန်နည်းတွေနဲ့ ဖန်တီးပေးခဲ့ပုံတွေကို တတ်နိုင်သမျှ စုဆောင်းပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီခေတ်က ဘက်ဆဲလား စာအုပ်တစ်အုပ်အဖြစ် အကြိမ်ကြိမ် ပြန်ရိုက်ခဲ့ရတာ လွမ်းမိသေးဗျာ။

မင်ဒဲလားနဲ့ စေ့စပ်ရေး 

နောက်ပိုင်းမှာလည်း အောင်မြင်သွားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြောင်းရော၊ မအောင်မြင်တာတွေ အကြောင်းရော လက်လှမ်းမီသမျှ ကျွန်တော် ရှာဖွေဖတ်ရှုခဲ့ပါတယ်။ အဲဒါတွေထဲမှာ အကြိုက်ဆုံးကတော့ တောင်အာဖရိကမှာ မင်ဒဲလားကို ထောင်က မလွှတ်ခင် လေးနှစ်လောက်ကြိုပြီး စေ့စပ်ဆွေးနွေးမှုစတင်ခဲ့ပုံ အတွင်းရေး ဇာတ်လမ်းတွေပါရှိတဲ့ စာအုပ် Tomorrow is Another Country by Alistairs Sparksပါပဲ။ ၁၉၉၄ လောက်က ထွက်ခဲ့တာပါ။ အဲဒီစာအုပ်နဲ့ မင်ဒဲလား ကိုယ်တိုင်ရေးတဲ့ Long Road to Freedom ကို တွဲဖတ်ရင် ပိုပြီး ဇာတ်ရည် လည်ပါလိမ့်မယ်။

အွန်လိုင်း ဆွေးနွေးပွဲ မလုပ်သင့်ပါ 

ကျွန်တော် ပြောချင်တာက ဆရာသက် ဟောပြောချက် မှတ်စုထဲပါသလိုပဲ စေ့စပ်ဆွေးနွေး ဖျန်ဖြေခြင်းဆိုတာ ငါးပွက်ရာ ငါးစာချ စိတ်ကူးရသလို ထလုပ်လို့ရတာမျိုး မဟုတ်ဘူး၊ လူကြားကောင်းအောင် ဟန်ဆောင်ပန်ဆောင်လုပ်လို့ မရဘူးဆိုတာပါပဲ။ တိကျရေရာတဲ့ ဦးတည်ချက်ရှိရမယ်၊ အခြေခံ သဘောထား ခံယူချက်ရှိရမယ်။ ငါပဲ နိုင်ရမယ်၊ ငါပဲ အသာရရမယ်ဆိုတဲ့ အပေါ်စီး သဘောထားမျိုးကို လုံးဝ ဖယ်ရှားထားရပါမယ်။

အဲသလို သဘောထားနဲ့ လက်တွေ့ ကျင့်သုံးနိုင်မှသာ ဆွေးနွေးပွဲတွေ အောင်မြင်နိုင်ပါတယ်။ စေ့စပ်ရေးလုပ်နေချိန်မှာ ဝါဒဖြန့်ဖို့ မကြိုးစားသင့်ဘူး။ နှစ်ဖက်စလုံးက ယုံကြည်မှုရှိသူ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်ဖွဲ့တစ်စည်းကို ပုဏ္ဏားတိုင်ထားပြီး ကစ်ဆင်းဂျားရဲ့ လွန်းပျံ သံတမန်နည်းလိုမျိုးနဲ့ ကြိတ်ဝိုင်း ဆွေးနွေးမှုတွေ အရင် စတင်သင့်တယ်။ ကြိတ်ဝိုင်းအဆင့်မှာ ကျေလည်အောင် ညှိနှိုင်းပြီး အတော်ကလေး ခရီးရောက်တော့မှ အပြင်လူတွေကို အသိပေးတာ ပိုကောင်းပါတယ်။ တစ်လောတုန်းက အွန်လိုင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ကြဖို့ အကြံပေးချက်တချို့ ကြားလိုက်ရတယ်။

ကျွန်တော့်သဘောကတော့ မလုပ်သင့်ဘူး ထင်တယ်ဗျ။ အဲသလို လူသိရှင်ကြား စစချင်းဖွင့်ချလိုက်ရင် စေ့စပ်ရေး အောင်မြင်ဖို့ထက် ကိုယ့်ဘက်က မှန်တယ်၊ သူ့ဘက်က မှားတယ်ဆိုတဲ့ တိုင်တည်ချက်တွေ၊ အပြန်အလှန် အပြစ်ပြောတာတွေက လွှမ်းမိုးသွားနိုင်တယ်ဗျာ။ ပေါက်တတ်ကရ ဘေးပြောတွေလည်း အများကြီး ဝင်လာမှာ သေချာတယ်ဗျ။

ရှေ့ကို သွားနေတာ အမှန် 

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရဟာ သက်တမ်း ၂ နှစ်တာအတွင်း ပြည်တွင်းရော ပြည်ပကိုပါ ရှော့ခ်ဖြစ်သွားစေခဲ့တဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့တာ အမှန်ပဲဗျာ။ ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်းတွေ အများစုပါတဲ့ အဲဒီအရပ်သား အစိုးရနဲ့ လွှတ်တော် အကြီးအကဲတွေက တဖွဖွ ပြောခဲ့ကြ ပြောနေကြတဲ့ “ဘယ်တော့မှ နောက်ကြောင်း ပြန်မလှည့်ဘူး” ဆိုတဲ့စကားကို အကြောင်းပြုပြီး အချို့သော ဒီမိုကရေစီဘက်တော်သားတွေက “နောက်ကြောင်း ပြန်မလှည့်ပါဘူးဆိုရအောင် ဘယ်တုန်းက ရှေ့ကို ရောက်ခဲ့လို့လဲ” ဆိုတဲ့ စကားနဲ့ အငေါ်တူးခဲ့ကြပေမယ့် ကျွန်တော်ကတော့ လက်ရှိအစိုးရဟာ ဒီမိုကရေစီဘက်ကို မျက်နှာမူပြီး ခြေလှမ်းတွေ အတော်သင့်လှမ်းခဲ့ပြီးပြီဖြစ်တဲ့အပြင် ဆက်ပြီးတော့လည်း လှမ်းနေတယ်လို့ အခိုင်အမာ ယူဆတယ်ဗျ။

စတုတ္ထမဏ္ဍိုင် ခံယူချက် 

ကျွန်တော်ဟာ မိမိနိုင်ငံရဲ့အနာဂတ် သာယာလှပရေးအတွက် အရေးပါတဲ့ ထောက်ကြီးတစ်ထောက်ဖြစ်တဲ့ စတုတ္ထမဏ္ဍိုင် မီဒီယာလောကသားတစ်ဦးအဖြစ် မိမိကိုယ်မိမိ ဂုဏ်ယူစွာ တာဝန်ပေးအပ်ထားသူ တစ်ယောက်အနေနဲ့ အစိုးရ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲမှာ မှန်တယ်ထင်ရင် ထောက်ခံ၊ မှားတယ်ထင်ရင် ဝေဖန် ထောက်ပြ ရေးသားခဲ့တာ စာဖတ်ပရိသတ်များ သက်သေရှိပါတယ်။ ကျွန်တော် ရေးခဲ့တဲ့ စာတွေ ပြောခဲ့တဲ့ ဆွေးနွေးချက်တွေကလည်း ဖျောက်ဖျက်ပစ်လို့ မရပါဘူး။ တတ်နိုင်သလောက် ကိုယ့်ရဲ့ အတ်နောမတိ မပါအောင် သတိထားဖယ်ခွာပြီး ဆန်းစစ် သုံးသပ် ဝေဖန် ရေးသားနိုင်ဖို့ ကြိုးစားခဲ့တာကိုလည်း ကျွန်တော့်စာတွေ ဖတ်ရင် သိနိုင်လိမ့်မယ်လို့ ရိုးရိုးသားသား ယုံကြည်တယ်ဗျာ။

ကချင်ကိစ္စ မဖြေရှင်းနိုင်တာ နားမလည်နိုင် 

အခုလက်ရှိအချိန်မှာ ကျွန်တော်တို့ ပြည်သူအားလုံး စိတ်အနှောင့်အယှက်ဖြစ်နေကြရတဲ့ကိစ္စတွေအနက် အဆိုးဆုံးကတော့ ကချင်ပြည်နယ်က စစ်ပွဲတွေကိစ္စပဲလို့ ကျွန်တော် အတပ်ပြောနိုင်တယ်ဗျာ။ အစိုးရသစ်လက်ထက် အံ့ဖွယ်သရဲလို့ ဆိုရလောက်အောင် ကိစ္စကြီးတွေအတော်များများကို ဖြေရှင်း အောင်မြင် ကျော်လွှားနိုင်ခဲ့လို့ နိုင်ငံတကာရဲ့ အာရုံစိုက်ခြင်း၊ ချီးမွမ်းခြင်း၊ အားပေးကူညီခြင်းကို စတင်ရရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံဟာ ဒီ ကချင်ပြည်နယ် အရေးကိစ္စကျမှ ဘာကြောင့် ရှေ့မတိုးနိုင် (deadlock) ဖြစ်နေရတာလဲဆိုတဲ့အချက်အပေါ် စေ့စပ်ဖျန်ဖြေရေး အတွေ့အကြုံတွေ (ပြည်တွင်းရော ပြည်ပပါ) အတော်များများကို လေ့လာဖတ်ရှုထားဖူးတဲ့ ကျွန်တော်ကိုယ်တိုင် နားမလည်နိုင်အောင် ဖြစ်နေတာကိုလည်း ဝန်ခံပါတယ်ဗျာ။

ဘယ်သူပြောတာ ယုံရမှာလဲ 

တစ်ဖက်မှာ သမ္မတကြီးက မိမိကိုယ်မိမိ ခုခံကာကွယ်မှုမှတစ်ပါး အခြား မည်သည့်ထိုးစစ်ဆင် တိုက်ခိုက်မှုကိုမှ မလုပ်ရလို့ တပ်မတော်ကို ညွှန်ကြားထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း သမ္မတကြီးရဲ့အမိန့်ကို အပြည့်အဝ လိုက်နာနေပါတယ်လို့ပြောနေတဲ့ တစ်ချိန်တည်းမှာ အဲဒီဒေသက စစ်ပွဲတွေဟာ တစ်နေ့တခြား အရှိန်မြင့်သထက် မြင့်လာနေပြီး စစ်ပြေးဒုက်္ခသည်တွေ များသထက် များလာနေတာကလည်း အမှန်ပဲ ဖြစ်တယ်ဗျ။ အစိုးရပိုင် သတင်းစာတွေက KIO/KIA ရဲ့ မိုင်းခွဲတဲ့ သတင်းတွေ၊ ပြန်ပေးဆွဲတဲ့ သတင်းတွေ၊ တိုက်ခိုက်တဲ့သတင်းတွေ နေ့စဉ် ဖော်ပြနေသလို ပြည်ပ ရုပ်သံ သတင်းဌာနတွေ၊ ရေဒီယို အသံလွှင့်ဌာနတွေက ထုတ်လွှင့်တဲ့သတင်းတွေမှာတော့ အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် KIO/KIA အဖွဲ့ရဲ့ ခြေကုပ်စခန်းတချို့ လက်လွတ်ဆုံးရှုံးခဲ့ရပုံတွေ၊ ဒုက္ခသည်တွေ မိမိတို့ အိုးအိမ်ရပ်ရွာကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ သတင်းတွေ မြင်နေကြားနေရလေတော့ ကျွန်တော်တို့ ပြည်သူတွေဟာ ဘယ်သူပြောတာ ယုံရမှန်းမသိ ဖြစ်နေကြတာ ဖြစ်တယ်ဗျာ။

အပြုတ်တိုက် အပြတ်ရှင်းတော့မလား 

တစ်ချိန်တည်းမှာ ပြည်သူအစိတ်အပိုင်းတချို့ထဲမှာ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေထဲမှာ မြန်မာအစိုးရဟာ KIO/KIA ကို အပြုတ်တိုက် အပြတ်ရှင်းဖို့ စဉ်းစားနေတာလားဆိုတဲ့ သံသယတွေဝင်လာနေပြီဆိုတဲ့ အသံတွေလည်း ကြားနေရတယ်ဗျ။ အဲသလိုမျိုး သံသယဖြစ်လာအောင်လည်း စစ်ဟိန်းသံတချို့က ထွက်လာခဲ့တာကိုးဗျာ။ လွှတ်တော်ထဲကပါ အဲသလို အပြုတ်တိုက် အပြတ်ရှင်းရေး အသံတချို့ထွက်လာတဲ့အခါမှာတော့ ကျွန်တော့်မှာ ရင်တမမနဲ့ ဘုရားတမိတာ အမှန်ပဲဗျ။

ကိုယ်ရေးကိုယ်တာ နည်းနည်းထည့်ပြောရရင် ခုချိန်ခါဟာ ကျွန်တော့် ကျန်းမာရေး ပြန်လည် ထူထောင်နေချိန်ဖြစ်လို့ ဆေးကုသမှုခံယူခြင်းအပြင် တရားဘာဝနာ ကျင့်ကြံအားထုတ်မှုကိုလည်း အထူးဝါယမစိုက်နေချိန် ဖြစ်ပါတယ်။ တရားထိုင်ပြီးတဲ့အချိန်တိုင်းမှာ သတ္တဝါများကို မေတ္တာပို့ပါတယ်။ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ လှိုက်လှိုက်လှဲလှဲ မေတ္တာပို့ပါတယ်။ ခုတလောတော့ လွှတ်တော် ကိုယ်စားလှယ်ကြီးများကိုပါ နာမည်တပ်ပြီး မေတ္တာပို့နေပါတယ်ဗျာ။

ပွင့်ပွင့်လင်းလင်း သတိပေးချင် 

နိုင်ငံတော်အစိုးရ သို့မဟုတ် တပ်မတော်ခေါင်းဆောင်တွေဦးခေါင်းထဲမှာ အဲဒီလိုမျိုး အပြုတ်တိုက် အပြတ်ရှင်းမယ်ဆိုတဲ့ အယူအဆ သဘောထားရှိနေမနေဆိုတာ အခုအချိန်မှာ ကျွန်တော်တို့မသိနိုင်ပေမယ့် တကယ်ပဲ အဲဒီအယူအဆ ရှိနေရင်တော့ အဲဒါဟာ ကျွန်တော်တို့နိုင်ငံအတွက် ဘေးဆိုးကပ်ဆိုးကြီးကျရောက်စေမယ့် အတွေးအခေါ်ပဲလို့ ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်း သတိပေးချင်တယ်ဗျာ။ အကြောင်းကတော့ ကျွန်တော်တို့နိုင်ငံ အခုလို ကမ္ဘာ့အလယ်မပြောနဲ့ ဒေသ အလယ်မှာတောင် ဓားမနောက်ပိတ်ခွေး ဘဝရောက်ခဲ့ရတာရဲ့ အဓိက တရားခံဟာ အဲဒီအတွေးအခေါ် ဖြစ်လို့ပဲဗျ။

ငြိမ်းချမ်းရေးကိုးပမ်းမှု အကြိမ်ကြိမ် ပျက်ခဲ့ရ 

၁၉၄၈ လွတ်လပ်ရေးရပြီး လသားအရွယ်ကစလို့ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရတယ်။ ပါလီမန် ဒီမိုကရေစီခေတ်မှာ အာဏာရ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သူပုန်ဖြစ်သွားတဲ့ နိုင်ငံရေးသမားတွေအကြား စေ့စပ်ဆွေးနွေး ငြိမ်းချမ်းရေး ကြွေးကြော်ပြီး အကြိမ်ကြိမ် ကြိုးစားခဲ့ကြပေမယ့် သောင်းကျန်းသူ အမြစ်ဖြတ်ချေမှုန်းရေး လမ်းစဉ်သမားတွေရဲ့ ပယောဂကြောင့် နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းရေးရယူဖို့ ကြိုးပမ်းမှုတွေ အကြိမ်ကြိမ် ပျက်စီးခဲ့ရတယ်ဗျာ။ သည်အကြောင်းတွေကို ကျွန်တော်ပြောခဲ့တာလည်း အပ်ကြောင်းထပ်နေပါပြီ။ ထပ်လောင်း မပြောချင်တော့ပါဘူး။ စိတ်ဝင်စားသူ တူ တူမလေးများ စာအုပ်တွေ မှတ်တမ်းတွေ ရှာပြီးသာ ဖတ်ကြပေတော့။ အဲဒီမှာ နောက်ဆုံးကောက်ချက်ချနိုင်တာကတော့ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးတဲ့နည်းလမ်းကို မကျင့်သုံးသမျှ ဘယ်တော့မှ ထာဝရငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတာ တွေ့ကြရလိမ့်မယ်။

၁၇ နှစ် ငြိမ်းချမ်းရေး ယူနိုင်ခဲ့ပြီးမှ 

အခုအချိန်ဟာ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နှစ်ဖက်စလုံးက အတိတ်က မှားခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြိုးပမ်းနေကြတာကို ပြည်သူတွေက ဝိုင်းပြီး လက်ခုပ်သြဘာပေးနေကြချိန် ဖြစ်တယ်ဗျာ။ နှစ်ပေါင်းခြောက်ဆယ်လုံးလုံး တစ်ခါမှ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်တောင် မချုပ်နိုင်ခဲ့ဖူးတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့တောင် နိုင်ငံရေး ဆွေးနွေးပွဲတံခါးတွေ ဖွင့်လိုက်နိုင်ပြီဖြစ်တဲ့ ယခုလို အချိန်မျိုးမှာ ၁၉၉၄ ခုကနေ ၂၀၁၁ ခု အထိ ၁၇ နှစ်တိုင်တိုင် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူနိုင်ခဲ့ပြီးဖြစ်တဲ့ KIO/KIA အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကြီးတွေသုံးပြီး သဲသဲမဲမဲ ပစ်ခတ်တိုက်ခိုက်နေကြတယ်ဆိုတဲ့ သတင်းတွေကြားရတာ တကယ့်ကို စိတ်မချမ်းမြေ့စရာပါပဲဗျာ။

ကြည်နူးပီတိ ဖြစ်ပါရစေ

သည်ဆောင်းပါးကို ယခုအခါ နိုင်ငံတော်သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်နေသူ၊ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် မကြာသေးခင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တဲ့ ဓာတ်ပုံဟောင်းလေး တစ်ခုအကြောင်းတင်ပြရင်း အဆုံးသတ်ပါရစေ။ ဓာတ်ပုံကလေးက ထိုစဉ်က မြန်မာ့တပ်မတော် အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ရဲထွဋ်နဲ့ ကေအိုင်အေ စစ်ဗိုလ်လေးတစ်ယောက် ပခုံးဖက်ပြီး ကြည်လင်တဲ့ အပြုံးကိုယ်စီနဲ့ ယှဉ်တွဲနေကြပုံ ဖြစ်ပါတယ်။ အဲသလို မြင်ကွင်းမျိုးတွေကို မကြာတော့မယ့် ကာလတစ်ခုမှာ ပြန်လည်မြင်တွေ့ရပြီး ကျွန်တော်တို့လည်း ကြည်နူးပီတိ ဖြစ်ပါရစေလားဗျာ။

၀၁၊ ၀၂၊ ၂၀၁၃
maungwuntha@gmail.com

ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၃၊ အမှတ် ၁၃၂ မှ …



 

 

No comments: