ကျနော့်စိတ်ထဲ ဒုက္ခသည်စခန်းကြီးက ဇရပ်နဲ့တူလာသလိုပဲ။ လာချင်သူတွေ လာလိုက် ပြန်ချင်သူတွေ ထွက်သွားလိုက်ပေါ့။ စခန်းကြီးက ကျက်သရေမရှိတော့ဘူး။ အခြေခံ စစ်ရေးလေ့ကျင့်ခန်းတို့ ကျန်းမာရေး လေ့ကျင့်ခန်းတို့လည်း လုပ်ချင်လုပ် မလုပ်ချင်နေ။ ဒေသစွဲ ပုဂ္ဂိုလ်စွဲတွေနဲ့ အစုအဖွဲ့တွေလည်း ကွဲနေတယ်။ ခေါင်းဆောင်မှုလည်း ပြိုကွဲနေပြီ။ စခန်းထဲမှာ ကိုယ့်ဖာသာ နားလည်မှုတွေနဲ့ပဲနေကြတာ။ မျက်နှာချင်းဆိုင်တွေ့လို့ စကားပြောချင်သူနဲ့တွေ့ရင် ပြောမယ်။ စိတ်မပါရင် မျက်နှာလွှဲနေတယ်။
ကျနော်တို့အများစုကလည်း ခေါင်းဆောင်မှုဆိုတာကို ကိုယ်ဖတ်ဖူးတဲ့စာအုပ်ထဲက ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ပေတံနဲ့ပဲတိုင်းနေတာ။ ဗိုလ်ချုပ်က စံပြပဲ။
ခေါင်းဆောင်ဆိုတာ ဗိုလ်ချုပ်လို ဖြစ်ရမယ်၊ ထက်ရမယ်၊ ဖြောင့်မတ်ရမယ်။ ဒါနဲ့ပဲ စံထိုးတာ။ ဥပမာပြောရရင် ခေါင်းဆောင်ကို ပေတံအရှည်ကြီးနဲ့ တိုင်းတယ်။ ပေတံရဲ့နာမည်က ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်ချုပ်စံချိန်ထက် နည်းနည်းလေးလျော့တာနဲ့ အမှတ်လျှော့ချလိုက်တယ်။ ဒီလူ ခေါင်းဆောင်နဲ့မတန်ဘူးပေါ့။ ဟိုတုန်းက ခေါင်းဆောင်တွေက ဘယ်ပုံ ဘယ်လိုဆိုတဲ့ ကိုယ်ဖတ်ဖူးတဲ့ ကောင်းပေ့ ညွှန့်ပေ့ အရည်အသွေးတွေနဲ့ သွားယှဉ်နေတာ။ စာအုပ်ထဲလည်း အကောင်းတွေပဲ ဖတ်ရတာကိုး။
အမှတ်ကို တိုးပြီးပေးဖို့မစဉ်းစားဘဲ လျှော့ချဖို့ပဲကြည့်တဲ့ စဉ်းစားပုံ စဉ်းစားနည်း။ လူတိုင်းမှာ ခြွင်းချက်ရှိတယ်ဆိုတဲ့ အရှိတရားကို လက်ခံဖို့ထက် ခေါင်းဆောင်ဆိုတာ အဲလိုမဟုတ်ရဘူး ဆိုတဲ့ အမြင်တွေပေါ့ဗျာ။ ဒါနဲ့ပဲ ကျနော်တို့မှာ ခေါင်းဆောင်ရှာမရတော့ဘူး။ စခန်းမှာ ဒေါက်တာအောင်ကျော်ဦး ဆိုတာ ကသဲ တပ်ရင်းမှူးနဲ့ စကားပြန်လုပ်ပေးတာ၊ သတင်းယူပေးတာဆိုတဲ့အဆင့်ပဲ။ ခေါင်းဆောင် မရှိတော့ဘူး။
အဲလို အီလည်လည်ဖြစ်နေတဲ့နောက် ခေါင်းဆောင်တယောက်ရဖို့ အကြောင်းဖန်လာတယ်။
ကျနော်တို့ကို ဦးဆောင်ခေါ်လာတဲ့ ဆရာထူးလည်း မိုးရေးကို ထွက်သွားတယ်။ ပြည်တွင်းဆက်သွယ်ရေး လုပ်ကြည့်မယ်လို့ တိုးတိုးတိတ်တိတ် ပြောသွားတယ်။ အဲဒီအချိန်က ၁၉၈၉ နွေဦးကာလပဲ။ နယ်စပ်ကို ဟင်္သာတက သပိတ်ခေါင်းဆောင်လည်းဖြစ်၊ တချိန်က ဦးနု ဦးဆောင်တဲ့ပြည်ချစ်တပ်မှာ မြွေဟောက်တပ်ရဲ့ တပ်မှူးဖြစ်တဲ့ ဒေါက်တာ မန်းမြင့်ဆိုင် ဆိုတဲ့ပုဂ္ဂိုလ် ရောက်လာတယ်လို့ သိရတယ်။
ဆရာဦးရွှေထူး မိုးရေးရောက်တော့ ကျနော့်ဆီ စာတစောင် လှမ်းပို့တယ်။ “ငါတို့အတွက် အသင့်တော်ဆုံး ခေါင်းဆောင်တယောက်ကို တွေ့ထားပြီ။ သူ့နာမည်က ဒေါက်တာ မန်းမြင့်ဆိုင်၊ ငါ့အကိုကြီးနဲ့ သူငယ်ချင်း (ဦးရွှေမှူး၊ မန်းတက္ကသိုလ်၊ အင်္ဂလိပ်စာဌာန)၊ သူဟာ လက်ရုံးရော နှလုံးပါ ကောင်းတယ်။ အခု ငါတိုက်တွန်းနေလို့ သူ့ရဲ့ ပြောက်ကျားစစ်ဆင်ရေး အတွေ့အကြုံ လေ့လာရေးစာစဉ်ကို ပြုစုနေတယ်၊ မကြာမီ ငါ စခန်းပြန်လာခဲ့မယ်၊ ဒီမှာ လုပ်စရာတွေ လုပ်နေတယ်” လို့ ရေးထားတယ်။ ဒါနဲ့ပဲ ကျနော်လည်း စာကို အချင်းချင်းဆီလှည့်ပြပြီး ခွန်အားပြန်ယူခဲ့တယ်။
ဆရာ မန်းမြင့်ဆိုင်ကလည်း စခန်းကို စာလှမ်းရေးတယ်။ စာထဲမှာ ပြည်တွင်းနိုင်ငံရေးအခြေအနေကို ရေးပြပြီး ပြည်သူက စစ်အာဏာရှင်တွေကို ဆော်ချင်နေပြီ။ တို့မှာ လက်နက်နဲ့ သင်တန်း လိုတယ်။ ဒါတွေရအောင် ကြိုးစားမယ်ဆိုတဲ့ အဓိပ္ပာယ်တွေ ပါတယ်။
ဒီလိုနဲ့ စခန်းထဲမှာ ကိုယ့်ဖာသာ အင်အားတွေ ပြန်ကျစ်လစ်အောင် လုပ်ကြတယ်။ စိတ်ဓာတ်တွေ ပြန်တင်းတယ်။ ဒါပေမယ့် လူတော်တော်များများက စိတ်ဓာတ်ကျနေပြီ။ ညီညွတ်မှုက ပြိုကွဲနေပြီ။
တနေ့မှာတော့ စခန်းထဲမှာ အံ့မခန်း၊ တကြိမ်တခါမှ မရဖူးကြတဲ့ ညီညွတ်မှုကို ရလိုက်ကြပါတယ်။ ညီသလားမမေးနဲ့ တယောက်နဲ့တယောက် အရင်က ကြည့်မရသူတွေလည်း လက်တွဲမဖြုတ် သစ္စာတွေထပ်ပြီး ဆွေးနွေးကြ စကားပြောကြနဲ့ပေါ့။ အရမ်းကို ညီညွတ်ခဲ့ကြတယ်။ အံ့မခန်း ညီညွတ်ခဲ့ကြတယ်။ ကြောက်စရာကောင်းတဲ့ ညီညွတ်ရေး၊ ကျနော်တို့ ဒုက္ခသည်စခန်းကလူတွေ တပိုင်းစီ၊ တစစီ ပြိုကွဲသွားစေတဲ့ ညီညွတ်ရေးပါပဲ။ ကျနော်တို့အားလုံး ကောင်းကောင်းကြီး မှတ်မိနေကြတယ်။ အဲဒီနေ့က မတ်လ ၂၃ ရက် ညနေပိုင်းလေး။
“အမလေး ... ဘာဖြစ်ကုန်ပြီလဲ … ဝင်းကို ခြေတောက်ကျိုးသွားပြီလား ... အီး .. ဟီး .. ဟီး”
ထုံးစံအတိုင်း မစန်းပွီးရဲ့ စူးစူးဝါးဝါးအသံနဲ့ အော်ငိုသံကြီးက ကြောက်စရာ။ ထမင်းစားပြီးခါစ ဇိမ်နဲ့နှပ်နေကြတုန်း စခန်းကနေ အားလုံးပြေးထွက်ကြည့်တယ်။ ဂိတ်အဝင်ဝကနေ ကလေးမြို့က ‘ဝင်းကို’ နဲ့ ‘အောင်ဆန်းလင်း’ ကို ကလေးသားတွေ ပုခုံးကနေ တဖက်တချင်းစီ တွဲခေါ်လာကြတယ်။ ထော့နင်းထော့နင်းနဲ့ လမ်းမလျှောက်နိုင်ကြဘူး။ သူတို့ ခြေဖဝါးတွေကို ရိုက်ခံထားရတာ။
အဖြစ်စုံရှင်းပြလို့သိရတာက အောင်ဆန်းလင်းတို့ အင်ဖားမြို့အထိ သွားလည်တယ်။ ပြန်လာတော့ ရဲက မိတယ်။ ရိုက်နှက် ဒဏ်ပေးခံရတယ်။ လမ်းမလျှောက်နိုင်ဘူး။ ကိုယ့်လူတွေကို အဲလို ရိုက်နှက်ခံရတာမြင်တော့လည်း ဘယ်သူမှ မခံနိုင်ဘူး။ အဲလောက် ရိုက်စရာမလိုဘူးပေါ့။ ဒါနဲ့ပဲ ဆူညံဆူညံတွေ ဖြစ်လာတယ်။ ကသဲစစ်သားတွေကလည်း အကဲခတ်နေတယ်။ စူးစမ်းနေတယ်။
ကျနော်တို့အားလုံး ဘားတိုက်ထဲ ပြန်ဝင်တယ်။ အစည်းအဝေး ချက်ချင်းလုပ်တယ်။ အားလုံးက ဒီအခြေအနေကို သဘောမကျဘူး။ အဆိုတင်သွင်းကြတာကတော့ ဒီမှာမနေဘူး။ တခြားစခန်းတခု ရွှေ့ပေးပါ။ ဒီမှာ သုံ့ပန်းတွေနဲ့တူတယ်။ စစ်တပ်ထဲမှာ သတင်း အဆက်အသွယ် ဖြတ်ခံထားရတယ်။ အိန္ဒိယအစိုးရသိအောင် လုပ်ရမယ်။ သူတို့ မတရားဖိနှိပ်တာ မခံတော့ဘူး။ ဒီနေရာမှာ အားလုံးရဲ့ခံစားချက်တွေ ပေါက်ကွဲပြီး ညီညွတ်သွားကြတာပဲ။ တုန်လှုပ်စရာကောင်းတဲ့ ညီညွတ်မှု။
ညတွင်းချင်း စခန်းက ထွက်မယ်၊ တညတောင် မနေတော့ဘူး။ အစာငတ်ခံ ဆန္ဒပြမယ်။ အပြင်ကို စည်းကမ်းတကျ တန်းစီထွက်မယ်။ ဂန္ဓီကြီးလမ်းစဉ်အတိုင်း ဘာမှမတုန့်ပြန်နဲ့၊ ရိုက်ရင်လည်း ခံမယ်။ အရေးကြီးရင် သွေးနီးတယ်ဆိုတဲ့အတိုင်း ကသဲစစ်ဗိုလ် ကြောင်ပါးနဲ့အတူနေတဲ့ မအိကလည်း “ကျမ ယောင်္ကျားကိုလည်း ပြတ်နိုင်တယ်၊ ကျမ တော်လှန်ရေးအတွက် ထွက်လာတာ၊ ကျမ နိုင်ငံအတွက်ပဲ ကျမ စွန့်ရဲတယ်၊ ကျမ မှားခဲ့တာတွေ ခွင့်လွှတ်ပါ” လို့ တိုင်တည်တယ်။ အားလုံးက သြဘာပေးကြတယ်။
စခန်းကလူတွေအားလုံး ကိုယ့်အထုပ်ကိုယ်ဆွဲပြီး တန်းစီထွက်တယ်။ အရဲစွန့်ပြီးသာ ထွက်လာတာ၊ သူတို့ သေချာပေါက် တားမယ်ဆိုတာ တွက်ပြီးသား။ ဆန်၊ ဆီ၊ ကြက်သွန် ရိက္ခာခြောက်တွေရော၊ ဆေးဝါးတွေ ရောပါတယ်။ အစောင့် ကသဲစစ်သားတွေ ပျာသွားတယ်။ ဘယ်သွားကြမှာလဲ မေးတယ်၊ ဘာမှ မဖြေဘူး၊ ဒီမှာမနေဘူးပဲ ဖြေတယ်။ ဝီစီမှုတ်သံတွေ ဆူညံသွားတယ်။ အောက်က ကသဲစစ်သားတွေ ပြေးတက်လာတယ်။ သေနတ်ဖောက်သံ ကြားရတယ်။
စစ်သားတချို့သေနတ်နဲ့၊ တချို့က တုတ်တွေနဲ့။ ကျနော်တို့ရဲဘော်တွေ တချို့တဝက်က ဂိတ်အပြင်ရောက်နေပြီ။ တပ်ရင်းမှူး ရောက်လာတယ်။ အားလုံးကို ပြန်ဝင်ခိုင်းတယ်။ ဘယ်သူမှ မဝင်ကြဘူး။ နေရာမှာတင် ထိုင်ချလိုက်တယ်။ တပ်ရင်းမှူးက တခုခုအမိန့်ပေးလိုက်ဟန် တူတယ်၊ စစ်သားနှစ်ယောက်က တယောက်ပြီးတယောက်ကို လက်ကောက်ဝတ် တဖက်ဆီကနေကိုင်ပြီး ဒရွတ်တိုက်ဆွဲပြီး စခန်းဝင်းထဲ ပစ်ထည့်တယ်။
ရှေ့ဆုံးက ဘုန်းကြီး ဦးအာလောက၊ ကိုအဲကြီး ဘယ်သူမှ လက်တုံ့မပြန်ဘူး။ သူတို့ ဒရွတ်တိုက်ဆွဲတဲ့နောက် ပါသွားတာပဲ။ ကိုယ့်အလှည့်လည်း ဒီအတိုင်းပဲ ဒရွတ်တိုက်ကြီး။ အဲ ... တင်ပါးတော့ ကျိန်းတယ်။ မြေကြီးက ကျောက်ခဲ အကြေအမွ၊ အဖုအထစ်တွေနဲ့မို့ တင်းပါးတွေ ပွန်းပဲ့ကုန်တယ်။ ဒါနဲ့ ကျနော်တို့အားလုံး နိုင်ငံတော်သီချင်း ဆိုတယ်၊ သွေးမော်ကွန်းသီချင်း ဆိုကြတယ်။ အားလုံး မျက်ရည်တွေကျတယ်၊ တချို့ ရှိုက်ကြီးတငင်၊ တချို့ ကြိတ်ငိုနေတယ်။ ကျနော်လည်း မျက်ရည်တလိမ့်တလိမ့်နဲ့။
ကိုယ့်တိုင်းပြည်ကို ချစ်လွန်းလို့ ဒုက္ခခံပြီး အသက်စွန့်ချင် စွန့်ရပစေဆိုပြီး ဒီနိုင်ငံလာကြတာ၊ ငါတို့ကို ဒီလို လုပ်ရက်တယ်ဆိုပြီး သိပ်ကြေကွဲကြတယ်။ သိပ်ကို စိတ်နာကြတယ်။ ကျောင်းသားသမဂ္ဂသီချင်းတွေ၊ ဇာတိမာန်တက်ကြွတဲ့သီချင်းတွေ ဆိုကြတယ်။ “ငါတို့ရဲ့ ဦးခေါင်းများသည် သွေးချင်းချင်းနီပြီ သို့သော် ညွှတ်ကားမညွှတ်ပါသည်ဆိုတဲ့ ကျောင်းသားတပ်ဦးသီချင်းဆိုတာ တခါမှ အဲလောက် ခံစားချက်မပါဖူးဘူး၊ သိပ်ညီတယ်၊ သိပ်မာန်ပါတယ်။ သံဆူးကြိုးအပြင်ကရော ဝင်းထဲမှာရော ကသဲစစ်သားတွေ ကျနော်တို့ကို ဝိုင်းထားတယ်။ တချို့လည်း ဂရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။ ကျနော်တို့အားလုံး မျက်ရည်ကျတော့လည်း သူတို့ စိတ်ကောင်းကြမယ် မထင်ဘူး။
ကသဲတပ်ရင်းမှူးက ဒေါက်တာအောင်ကျော်ဦးကို သူ့အိမ်ဘက် ခေါ်သွားတယ်။ တပ်ရင်းမှူးအိမ်ကလည်း စခန်းနဲ့ တခေါ်လောက်ပဲ ဝေးတာ။ ခဏနေ ပြန်လာတယ်။ အားလုံး အထဲပြန်ဝင်ဖို့ တပ်ရင်းမှူးက ပြောတယ်။ ကျနော်တို့က မဝင်နိုင်ဖူးလို့ တုံ့ပြန်တယ်။ “ဒီနေရာဟာ အိန္ဒိယပိုင် ဖြစ်တယ်၊ စစ်တပ်စခန်း ဖြစ်တယ်။ ဘယ်နိုင်ငံခြားသားမှ ဒီမှာ ဆန္ဒပြခွင့်မရှိဘူး”လို့ ပြောတယ်။
ကျနော်တို့က အပြင်မှာပဲနေမယ်၊ ဒီစခန်းမှာ မနေတော့ဘူး၊ စခန်းရွှေ့ပေးပါ၊ တခြားစခန်းတခုကို သွားချင်တယ်လို့ ပြောတယ်။ သူက မဖြစ်နိုင်ကြောင်း ပြောတယ်။ အဲဒီမှာတင် တင်းနေတယ်။ ဒါနဲ့ မိုးချုပ်သွားပြီ။ အပြင်မှာပဲ စုပြုံပြီး ညအိပ်ဖို့ပြင်ကြတယ်။ ကျနော်တို့ဝိုင်းဖွဲ့ထိုင်နေတာက ဘော်လီဘောကွင်းမှာ၊ ပတ်ပတ်လည်မှာ ကသဲစစ်သားတွေ ဝိုင်းထားတယ်။ ညတွင်းချင်း ကပ်ထူစာရွက်တွေမှာ စာတွေ ရေးကြတယ်။ ပိုစတာတွေကိုင်ပြီး ဆန္ဒပြတယ်။
“ငါတို့ တော်လှန်ရေးသမားတွေ၊ ဒုက္ခသည် မဟုတ်ဘူး” တို့၊ “ငါတို့ဟာ အကျဉ်းသားတွေမှုတ်ဘူး” တို့၊ “ဒီစခန်းဟာ ချွေးတပ်စခန်းနဲ့ တူတယ်” တို့ ရေးထားတယ်။ ဒီလိုနဲ့ ညက တဖြည်းတဖြည်း နက်လာတယ်။ နွေရာသီဆိုပေမယ့် တောင်ပေါ်ဆိုတော့ လေတိုက်ပြီး အေးတယ်။ ကိုယ့်မှာရှိတဲ့ စောင်တွေခြုံတယ်။ လေကွယ်အောင် သွပ်ပြားတွေ ကာတယ်။
အရေးကြီးတာက အခုလိုဖြစ်နေတဲ့ကိစ္စ မိုးရေးက ဆရာမန်းတို့၊ ဆရာထူးတို့ဆီ အမြန်ဆုံး အကြောင်းကြားဖို့ပဲ။ နောက်ဆုံး စခန်းအပြင် ခိုးထွက်လေ့ရှိသလို၊ နယ်မြေလည်းကျွမ်းကျင်တဲ့ ထိန်လင်း (ပန်းချီထိန်လင်း) နဲ့ အီးရှက်(မန္တလေး)တို့ နှစ်ယောက်ကို ဆက်သွယ်ရေးတာဝန် ပေးလိုက်တယ်။ ပျောက်ကြားတပ်ဖွဲ့တွေ ဘယ်လောက်ကျွမ်းလည်းဆိုရင် စစ်သားတွေ ကင်းစောင့်နေတဲ့ကြားက နှစ်ယောက်လစ်သွားတာ မသိလိုက်ဘူး။ ဗမာကျောင်းသားတွေရဲ့ ပရိယာယ်ကို ခံလိုက်ရတာ။ အပေါ့သွားမယ်ဆိုပြီး ၂ ယောက် တတွဲ၊ သုံးယောက် တတွဲ၊ တယောက်တလှည့် ဝင်လိုက်ထွက်လိုက်နဲ့ ရှုပ်ယှက်ခတ်သွားအောင်လုပ်တော့ အစောင့်လည်း လူမရေတွက်နိုင်ဘဲ မျက်စေ့လည်သွားတာ။
ခြေမြန်တော် ပျောက်ကြားနှစ်ယောက်ကလည်း ဘယ်လောက်ထိမြန်လည်းဆို မတ်လ ၂၄ ရက် မနက်ကို မိုးရေးရောက်သွားပြီး အဲဒီညမှာ ချက်ချင်း စခန်းပြန်ရောက်လာတယ်။ ဒါပေမယ့် သူတို့ မိုးရေးမြို့က ခေါင်းဆောင်တွေကို သတင်းပို့တဲ့ ၂၄ ရက်နေ့မှာပဲ ဒီမှာ ပြဿနာတက်နေပြီ။
မတ်လ ၂၄ ရက်တနေ့လုံး ကျနော်တို့ ညှိလို့ အဆင်မပြေဘူး။ သူတို့ပြောတာက ဒီမှာ အေးအေးဆေးဆေးနေ၊ ရိက္ခာတွေ ဘာတွေ ပြန်တိုးပေးမယ်၊ အဆင်ပြေအောင် ထားမယ်။ ဒါပေမယ့် ကျနော်တို့အားလုံးက စိတ်ပိုင်းဖြတ်ပြီးသွားပြီ။ စခန်းမှာ မနေချင်ဘူး။ အဲဒီတော့ နောက်ဆုံးအကြိမ် ဒေါက်တာအောင်ကျော်ဦးနဲ့ တပ်ရင်းမှူး ညှိပြီးတဲ့နောက် သူတို့ဘက်က ၂ ခုထဲက တခုပဲဆုံးဖြတ်ဆိုပြီး ခုလို ပြောတယ်။ ကျနော်တို့တောင်းဆိုတဲ့ နောက်ထပ်စခန်းတခုဆိုတာ မဖြစ်နိုင်ဘူး။ (၁) ဒီမှာ ဆက်နေချင် နေ၊ (၂) ဒီမှာ မနေချင်ရင် နယ်စပ်ပြန်ပို့မယ် တဲ့။ ကျနော်တို့ သေချာစဉ်းစားကြတယ်။ ဒီမှာတော့ မနေဘူး။ မိုးရေးပဲ သွားမယ်။ မိုးရေး (နယ်စပ်မြို့)ကို လိုက်ပို့ခိုင်းတယ်။ သူတို့က သဘောတူတယ်။
ကျနော်တို့အားလုံး နည်းနည်းတက်ကြွလာတယ်။ မိုးရေးရောက်ရင် ခေါင်းဆောင်တွေနဲ့တွေ့ပြီး အဖြေတခုခုရမယ် ထင်နေတယ်။ ကျနော်တို့အားလုံးကို သုံးသုတ်ခွဲလိုက်တယ်။ တသုတ်မှာ လူ (၇၀) လောက်ပေါ့၊ ဒေါက်တာအောင်ကျော်ဦးက “ကိုညိုခင်ဗျားက မှတ်တမ်းရေးမှာဆိုတော့ ပထမအသုတ်နဲ့ လိုက်သွားပေါ့” တဲ့။ ပထမအသုတ်ထဲမှာ အမျိုးသမီးသုံးယောက်နဲ့ လူမမာတွေ၊ ကိုမြင့်ဆန်း နဲ့ ကိုနေလင်း (အခသ)တို့လည်း ပါတယ်။ ပြောရရင် အကြမ်းအတမ်းသမားတွေ မှုတ်ဘူး၊ မျက်မှန်သမားတွေ၊ ချာတိတ်တွေ၊ မိန်းကလေးတွေနဲ့ လူမမာတွေပဲ။
မိန်းကလေးဆိုလို့ ပြောဖို့မေ့နေတယ်။ ကျနော်တို့အဖွဲ့ မိန်းကလေး ၃ ယောက်ထဲက တယောက်က ‘နီနီသိန်း’ တဲ့။ သူ့ကိုက သဲလုံခြုံရေးအဖွဲ့တွေက စခန်းကိုလာပို့တာ။ ရန်ကုန်ကလို့ ပြောတယ်၊ သူ့အဖေက ရဲမှူးလို့ ပြောတယ်။ အရေးအခင်းမှာ ပါတယ်၊ ထောင်ကျတယ်လည်း ပြောတယ်။ ဒါပေမယ့် သူ့အကြောင်းလည်း သူက ရေရေလည်လည် မပြောနိုင်ဘူး။ ကြောင်တောင်တောင်နဲ့။ ဥပဓိက သန့်တယ်။ အတန်းပညာ တော်တော်လေးရှိခဲ့ပုံ ရတယ်။ အင်္ဂလိပ်လို ပြောနိုင်တယ်။ အသားဖြူဖြူ၊ အရပ်မြင့်မြင့်ပဲ၊ သူ့ကို စိတ်မူမမှန်ဘူးလို့ အားလုံးက သိထားကြတယ်။ စကားပြောရင် ကဘောက်ချိ ကဘောက်ချာ၊ အူကြောင်ကြောင်နဲ့။ သနားစရာကောင်းပါတယ်။
အဲဒီနေ့က မတ်လ ၂၄ ရက်နေ့။ မှတ်မှတ်ရရ ကုလားသင်္ကြန်ကျနေတယ်။ တောင်ကုန်းအောက်က ကသဲစစ်သားတွေရဲ့ အိမ်ထောင်သည်တန်းလျှားဘက်ကနေ မြူးမြူးကြွကြွ ကသဲဗုံသံတွေ ကြားနေရတယ်။ အစီအစဉ်အရ ကျနော်တို့ကိုပို့ပြီးရင် နောက်တဖွဲ့ကို ပို့မှာဖြစ်တယ်။ တကယ်လို့ အဆင်ပြေရင် ကားကိုဖုံးကာထားတဲ့ တာရပတ်ပေါ်မှာ အင်္ဂလိပ်လို ယက်စ် (Y)ကို ရေး၊ မပြေလည်ရင် နိုး (N)ကိုရေးဖို့ မှာထားတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်ပိုင်းတွေလည်း ဝေထားတယ်။ စာထဲမှာ “ကျနော်တို့ မြန်မာကျောင်းသားတွေ ဖြစ်တယ်၊ ကျနော်တို့ကို အမှတ်(၈)ရိုင်ဖယ်တပ်က နယ်စပ်ကို အတင်းပြန်ပို့နေတယ်။ နီးရာသတင်းဌာနကို အကြောင်းကြားပေးပါ” ဆိုတာတွေ ရေးထားတယ်။
ထရပ်ကား ၂ စီး ရောက်လာတယ်။ ကျနော်တို့ ပထမအသုတ်က ကားပေါ်တက်ကြတယ်။ ကျနော်တို့ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ တွေးကြည့်ရသလောက် သိပ်ကောင်းမယ်တော့ မထင်ဘူး။ ဒါပေမယ့် ဖြစ်သမျှအကြောင်း အကောင်းပဲလို့တွေးပြီး စိတ်ကိုပြင်ဆင်ထားတယ်။ တော်လှန်ရေးဆိုတာ ချောမွေ့တဲ့ဘဝမှ မဟုတ်တာ။ ဗိုလ်ချုပ်တို့လည်း ဒီလိုပဲ ဘဝစွန့်ပြီးလုပ်ခဲ့ကြတာပဲလို့ ဖြေတွေးမိတယ်။ အဲဒီအချိန်က ကျနော့်စိတ်ထဲမှာ တခုတော့ ပိုင်းဖြတ်ထားတယ်။ ငါ ဗမာပြည် မပြန်သေးဘူး၊ ဒီမှာ ဘာတခုမှ မလုပ်ရသေးဘဲ မပြန်ဘူး။ ဘာမှဖြစ်မလာဘဲ အိမ်ပြန်ရမှာ ရှက်စရာကြီး။
တခုခုတော့ ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ အသိက ရှိနေတယ်။ ရှေ့မှာ ဘာဖြစ်မယ်မှန်းလည်းမသိဘဲ စမ်းတဝါးဝါး အနာဂတ်ကြီးကို ဘုမသိဘမသိလျှောက်ဖို့ ကြိုတင်စိတ်ပိုင်းဖြတ်ထားတာ ငါဟာ ရူးသွပ်တာပဲလို့ အဲဒီတုန်းက မတွေးမိဘူး။ တကယ်လည်း ဘာမှမရေရာ မသေချာတဲ့ အနာဂတ်။ ပိုဆိုးတာက အန္တရယ်တောင်ရှိသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျနော်တို့လူငယ်တွေဟာ အာဏာသိမ်းစစ်အစိုးရကို နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်က ကြီးစိုးနေတယ်။ နိုင်မယ်လို့လည်း ထင်နေတယ်။ တော်လှန်ရေးနဲ့တူတာကို ပီပီပြင်ပြင် လုပ်ချင်ကြတယ်။ ဘာမှမဖြစ်ဘဲ၊ ဘာမှပြန်မချနိုင်ဘဲ ဒါမှမဟုတ် ရှုံးနိမ့်ပြီး၊ အညံ့ခံပြီး နောက်ကြောင်းပြန်လှည့်ရမှာကို သိပ်ရှက်နေကြတယ်။ ရန်သူ့ဆီမှာ အညံ့ခံပြီး ပြန်မဝင်ချင်ဘူး။ စခန်းမှာတောင် သူများတွေ နောက်ကြောင်းပြန်တဲ့အချိန်တိုင်း ကျနော်တို့ ကိုယ့်ဖာသာအားပေးပြီး ပြောလေ့ရှိတဲ့စကားလေး မှတ်မိသေးတယ်။ “ခွပ်ဒေါင်းမှာ ဘက်ဂီယာ မရှိဘူးဟေ့”။
ကိုညို
၈ ဖေဖော်ဝါရီ ၂၀၁၃
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment