နှင်းရုပ်တောင် မပေါ်နိုင်ရှာတော့ ...
ချောက်တီးချောက်ချက် မြူ အစအန ...
အက်ကွဲ ပြိုကျနေတဲ့ ဟေမန္တ သရုပ်မှန် ရှုမျှော်ခင်း
နှင်းခါးခါး ညတွေကိုမှ လွမ်းလှပါသတဲ့ ...။
အိပ်မက်က အသေဖြစ်နေရင်
ဘဝနဲ့ ကင်းကွာနေတဲ့ လူဖြစ်ရှုံးမှုများ
ကလေးရယ် ...
မင်းဟာ ဆာရီရယ်လစ်ဇင် ပန်းချီကားထဲက
သက်ပျောက် မန္တာန် တခုသာပ ...
မင့်နှလုံးသားနဲ့ မင်းအချစ်
နီးရက်နဲ့ ဝေးခဲ့မယ် ...။
ပျက်ကျမယ့် လေယာဉ်တစင်းပေါ်
မင်းရဲ့ တခါက ကတိတွေ စီးနင်းလိုက်ပါသွားပြီလား ...
ဒီဘဝကို အသေအချာ ဒီမျှနဲ့ ကျေနပ်လိုက်ပြီလား ...
မင့်မုသားက မင့်လျှာကို မင့်ကျင့်ဝတ် ဓားတုံးတုံးနဲ့ ရိတ်ခဲ့ပြီ ...
နှင်းတွေ အစိမ်းကြွေနေတဲ့ ည ...။
ချစ်သူ ပစ်ခတ်လိုက်တဲ့ မျက်စောင်းကလေးမှာ
ခပ်ချာချာ ကျဆုံးခဲ့တဲ့ မင့်ကဗျာ ...
အနုပညာ မမြောက်ဘူးကွာ
ခံစားရမှုကလည်း ပေါ့ပျက်ပျက် ...။
မင်းအသက် သက်ပြင်းချ ရှိုက်ဖိုလိုက်တဲ့အတိုင်း
သူ့လည်ပင်း လိုက်လိုက်လိုက်ရှည်နေရတဲ့
အပြစ်မဲ့ ဘူတာရုံကလေး ...
မင်းမမီလိုက်တဲ့ ရထားတစင်းမှာ
အထူးတန်းလက်မှတ်တစောင်ရဲ့
အဓိပ္ပာယ်မဲ့ခြင်းတွေ စီးနင်းလိုက်ပါသွားခဲ့တယ် ...။
ခါတိုင်းထက် ချိုတဲ့ ငှက်ကလေးတွေရဲ့ တေးသံ
မြပုရစ်ဖူးတွေနဲ့ တောအုပ်စိမ်းစိမ်းများ
နေမင်းလည်း မချမ်းတော့ဘူး
လမင်းလည်း အေးစက်မနေတော့ဘူး
မပျက်ယွင်းတဲ့ နှလုံးအိမ် တစုံထဲမှာ
နွေဦးခြေသံ ... ငါ ကြားတယ်။ ။
ကမာပုလဲ
၉၊ ၂၊ ၂၀၁၃။
ဆာရီယယ်လစ်ဇင် = surrealism
No comments:
Post a Comment