“သတ်ကုန်ပြီ သတ်ကုန်ပြီ ဆွဲကြပါအုံး လုပ်ကြပါအုံး”
“ကိုအဲကြီး ... အို့ ... သေတော့မှာပဲ၊ အောင်ဆန်းလင်းတို့ ဆွဲပါအုံး”
စူးစူးဝါးဝါးအော်ဟစ်နေတဲ့ ရွှေဘိုက ကိုတင်လှနဲ့ ကလေးမြို့က မစန်းပွီးတို့အသံကြောင့် ဘားတိုက်ထဲက ကျနော်တို့အားလုံး အပြင်ပြေးထွက်လာကြတယ်။ မြင်ကွင်းမှာတော့ သန်သန်မာမာနဲ့ မုဆိုးကြီး ကိုအဲကြီး မြေပေါ်မှာ မှောက်ရက်လဲလို့။ ကလေးမြို့ကလူငယ်တွေ ဝိုင်းထုကြတဲ့ ခဲလုံးတွေက ကိုအဲကြီးဘေးနား ပြန့်ကြဲနေတယ်။ ကိုအဲကြီးတော့ တုပ်တုပ်မျှမလှုပ်။
ကလေးမြို့အဖွဲ့တွေ လူခွဲလို့ထွက်သွားပြီးတဲ့နောက် ကိုအဲကြီးကို ဝိုင်းထူမကြတယ်။ နဖူးနဲ့ ခေါင်းကွဲသွားတယ်။ သွေးတွေ စီးကျနေတယ်။ မကြာခင် မဏိပူရစစ်သားတွေ တက်လာတယ်။ လူကြီးတွေရော ပါတယ်။ အခြေအနေမေးမြန်းပြီး ကိုအဲကြီးကို အမြန်ဆုံး ချန်ဒယ်ဆေးရုံကို ကားနဲ့တင်သွားကြတယ်။ စခန်းတခုလုံး ငြိမ်သက်သွားတယ်။ ဘယ်သူမှ စိတ်မကောင်းကြဘူး။ တခါမှ အခုလို သွေးထွက်သံယိုဖြစ်အောင် တိုက်တဲ့ခိုက်တဲ့အထိ ရန်မဖြစ်ဖူးဘူး။ မကြာခဏတော့ စကားများပြီး ထိုးတော့ကြိတ်တော့မလို ဖြစ်နေကျ။ စခန်းကလူတွေ အုပ်စုအုပ်စုနဲ့ တီးတိုးဝေဖန်နေကြတယ်။
ဟိုအရင်နေ့တွေကတည်းက စခန်းအပြင် ရွက်ဖျင်တဲထိုးအိပ်တဲ့ ကလေးအုပ်စုတွေ အိပ်ရာနား တုတ်တွေ၊ ခဲတွေ စုထားတာ တွေ့ဖူးတယ်။ ကိုအဲကြီးကလည်း တောထဲကကောက်ရထားတဲ့ ဂေါ်ရခါးဓားကောက်ကြီးကို ဓားသွေးကျောက်ပေါ်တင်ပြီး လူမြင်ကွင်းမှာ ထက်နေအောင် သွေးပြနေတယ်။ စခန်းမှာက ကြာလေ ညီညွတ်မှုပြိုကွဲလေပဲ။ အုပ်စုတွေကွဲနေတယ်။ ကလေး အုပ်စု၊ မန္တလေး အုပ်စု၊ မုံရွာ အုပ်စု၊ ရန်ကုန် အုပ်စု ဆိုပြီး။ ပြီးတော့ ရှိသေးတယ်၊ ဗကသ အုပ်စု၊ မကသ အုပ်စု၊ ဒီငြိမ်းတို့၊ မျိုးချစ်တို့နဲ့ အရင်ကမကြားဖူးတဲ့နာမည်တွေ ကြားနေရတယ်။ အခုကွဲသွားတဲ့ ကိုအဲကြီး ဆိုတာလည်း ကလေးနယ်ကပဲ တာဟန်းက မုဆိုး။ တုတ်တုတ်ခိုင်ခိုင် ကြမ်းကြမ်းတမ်းတမ်း ပုံစံ။ လက်ရုံးသိပ်အားကိုးတဲ့လူ။ မာန်မဲခြိမ်းခြောက်နေလို့ ကလေးနယ်သားတွေ သိပ်မကြည်ကြဘူး။ ဒီလိုနဲ့စကားများပြီး အချင်းချင်းဆော်ကြတာပဲ။
စခန်းမှာ လူကလည်း စုံနေပြီ။ ၈၈ နိုဝင်ဘာ၊ ဒီဇင်ဘာလကစပြီး ရန်ကုန်က ကျောင်းသားတွေ ရောက်လာတယ်။ ဗကသ ပြန်ကြားရေးက သူရိန်တို့ ဇော်ထက်တို့။ နောက်ပိုင်း ကိုနေနွယ် (ကဗျာဆရာ) ကိုမြင့်စန်း (စာရေးဆရာ ဌေးမောင်ရဲ့သား) ကိုဝင်းနိုင်ဦး (နိုင်ငံရေးအကျဉ်းသားဟောင်း၊ အာအက်ဖ်အေ ရေဒီယိုအမှုထမ်းဟောင်း) တို့နဲ့ အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်နဲ့ ၁၈ နှစ်တွေသာရှိသေးတဲ့ အခြေခံပညာ အထက်တန်းကျောင်းသမဂ္ဂက ကိုနေလင်း (လူရှင်များသမိုင်း ရေးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း) နဲ့ အဖွဲ့တွေ၊ ပန်းချီထိန်လင်းတို့ စစ်နိုင်ဦးတို့လို လူရွှင်တော်တွေလည်း ပါလာတယ်။
ယခင် နိုင်ငံရေးသမားဟောင်းတွေနဲ့ ရဲဘော်သုံးကျိတ်ရဲ့ အမျိုးအနွယ်တွေလည်း ရောက်လာကြတယ်။ ဒီတော့ စခန်း နိုင်ငံရေးက မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာတယ်။ ရန်ကုန်ကလာတဲ့ ကျောင်းသားတွေထဲမှာ တချို့က ရန်ကုန်မှာအခြေစိုက်တဲ့ အိန္ဒိယသံရုံးက လမ်းစရိတ်ပေးပြီး လွှတ်လိုက်သူတွေလည်း ပါတယ်။ ရန်ကုန်အခြေစိုက် နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေက စေလွှတ်သူတွေလည်း ပါတယ်။ လက်နက်ကိုင်သင်တန်းတွေပေးနေပြီ သတင်းကြားလို့ ထွက်လာသူတွေရော၊ လက်နက်ကိုင်ဖို့ မဟုတ်ဘူး နိုင်ငံရေးလုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ နှလုံးရည်ဘက် စိတ်ထက်သန်သူတွေလည်း ပါကြတယ်။ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ပဲလာပစေ ဒီဒုက္ခသည်စခန်းထဲကို ရောက်လာတော့တာပဲ။
မိုးရေးမှာရှိတဲ့ ပန်ချာလှမြင့် (မြန်မာပြည်ပေါက် အိန္ဒိယသား၊ ကွယ်လွန်) ကိုကူးမား (မိုးရေး ကုန်သည်ကြီးများအသင်း) တို့က အိန္ဒိယဘက်ကမ်းရောက်လာရင် နိုင်ငံရေးခိုလှုံသူမှန်သမျှကို စခန်းထဲ သိမ်းကြုံးပို့တော့တာပဲ။ ကျနော်တို့ကသာ ကိုယ့်ဖာသာ တော်လှန်ရေးသမားတွေ၊ ဘယ်အဖွဲ့ကိုယ်စားပြုပြီး ဒီကအခြေအနေလာပြီး လေ့လာတာတွေ၊ အဆက်အသွယ် လာယူတာတွေ၊ နိုင်ငံရေးလုပ်ဖို့လာတာ၊ သင်တန်းတက်ဖို့လာတာ စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ရှိနေလိမ့်မယ်၊ ဒီစခန်းထဲရောက်ရင်တော့ အားလုံးက ဒုက္ခသည်တွေချည်းပဲ။ ပန်းချီစစ်ငြိမ်းအေးကတောင် အဲဒါကို ရည်ရွယ်ပြီး အနက်ရောင်စက္ကူချပ်ကြီးမှာ ကြောင်မျက်လုံးတွေချည်းဆွဲထားတဲ့ ပန်းချီကားလေးတခုဆွဲပြီး မှတ်တမ်းတင်ထားသေးတယ်။ ခေါင်းစဉ်က “အမှောင်ထဲမှာတော့၊ ကြောင်တိုင်းက အနက်” တဲ့။
ခက်တာက ဒုက္ခသည်တွေအဖြစ်သာ တပြေးတညီထဲရှိချင်ရှိမယ်၊ အတွေးအခေါ်နဲ့ ရည်ရွယ်ချက်တွေ အရည်အချင်းတွေ ခံယူချက်တွေက အမျိုးမျိုးကွဲပြားနေတာကိုး။ ကိုနေနွယ်တို့ ကိုမြင့်ဆန်းတို့က နိုင်ငံရေးသန်လို့ နယူးဒေလီ သွားချင်တယ်၊ စခန်းမှာ ယခင်ရှိပြီးသား ရဲဘော်တွေက လက်နက်ကိုင်သင်တန်းရမယ်လို့ ယုံကြည်နေတယ်။ အဲလိုယုံကြည်အောင်လည်း မဏိပူရ အမှတ် (၈) ရိုင်ဖယ်တပ် အကြီးအကဲတွေနဲ့ ထောက်လှမ်းရေးက အယုံသွင်းပြီး ချွေးသိပ်ထားတယ်။ “စည်းကမ်းတကျ နေထိုင်ပြီး ကျန်းမာရေးကောင်းအောင် လုပ်ကြပါ၊ မင်းတို့တိုင်းပြည်ကို မင်းတို့လက်နဲ့ ကယ်တင်ရမှာပါ” လို့ မိန့်ခွန်းတွေခြွေတာကို ကျနော်တို့ ယုံမှတ်ခဲ့တယ်။
ဒါပေမယ့် အခြေအနေက ကြာလာတာနဲ့အမျှ ပြဿနာတွေ ရှိလာပြီ။ နိုင်ငံရေးလုပ်ဖို့ စိတ်ထက်သန်သူတွေက လက်နက်ကိုင်တွေစောင့်ကြပ်ပြီး သံဆူးကြိုးအပြင်ထွက်ခွင့်မရတဲ့ အကျဉ်းသားဆန်ဆန် ဘဝတွေကို မလိုလားဘူး။ စခန်းရဲ့ပုံမှန်စည်းကမ်းတွေနဲ့ သင်တန်းတွေ မတက်ဘူး။ အပြင်ထွက်ပြီး လမ်းကြောင်းရှာလာတယ်။
နေ့စဉ် စခန်းကကျောင်းသားတွေ သံဆူးကြိုးကျော်ပြီး တောလမ်းတွေကနေ အပြင်ထွက် ရွာထဲလမ်းဘက် ရေသွားသောက်တယ်။ ချန်ဒယ်သွားပြီး စားစရာဝယ်တယ်။ တချို့ဆို ပါလဲမြို့၊ အင်ဖားမြို့ထဲအထိ ထွက်လည်ကြတယ်။ တချို့လည်း ဒီစခန်းမှာတော့ ဘာမှမဖြစ်နိုင်ဘူး၊ မီဇိုရမ်နယ်ဘက်က ချန်ဖိုင်း စခန်းသွားမယ်ဆိုပြီး ခြေလျှင်ထွက်တယ်။ တချို့ အဖမ်းခံရလို့ အင်ဖားထောင်ထဲ အပို့ခံရတယ်။ ပိုးဆိုးတာက စခန်းရဲ့ကျန်းမာရေးပဲ။
အိမ်သာမလောက်ငှတော့ တောထဲဖြစ်သလို အလေးအခင်းသွားတော့ ယင်တွေ ထူပြောလာတယ်။ ဒီလောက်များတဲ့ ယင်ကောင်တွေ ကျနော် အဲဒီတခါပဲ မြင်ဖူးတယ်။ မီးဖိုချောင်လည်း မဲနက်ပြွတ်ခဲနေတယ်။ ဘားတိုက်ထဲက နံရံနဲ့ ခြင်ထောင်ကြိုးတန်းလေးတွေမှာ ညပိုင်းဆို ယင်တွေနဲ့ ပြွတ်သိပ်နေတယ်။ အချိန်တိုင်း ယင်တွေကို လက်ဝါးနဲ့ခတ်ပြီး နှင်နေရတယ်။ ယင်နှိမ်နင်းတွေ လုပ်ရတယ်။ မြောင်းဖောက် ဆေးဖြန်းတာတွေ လုပ်တယ်။ ဒီကြားထဲ ဝမ်းရောဂါတွေ ဖြစ်တယ်။ ဆေးရုံပို့ရတယ်။ ဒါနဲ့ လိုအင်ကလည်း မပြည့်၊ စိတ်ထွက်ပေါက်လည်းမရနဲ့ စိတ်ကျဝေဒနာခံစားရတာတို့၊ စခန်းကနေခိုးထွက်ပြီး ဗမာပြည်ထဲပြန်ပြေးတာတို့၊ ရန်ဖြစ်တာတို့ ဖြစ်လာတယ်။
တနေ့တော့ အပြင်ထွက်တဲ့ကျောင်းသား ၂ ယောက် မိုးချုပ်မှပြန်လာတော့ အစောင့် အရာရှိစစ်သားက ကြိမ်းမောင်းတယ်။ ဒိုက်ထိုး အပြစ်ပေးတယ်။ ခေါင်းကို လက်ဝါးနဲ့ရိုက်ပုတ်တယ်။ နာနာကျင်ကျင်မဟုတ်ပေမယ့် ကျနော်တို့အားလုံးက မဏိပူရ စစ်သားတွေပါ စိတ်မကြည်လင်တော့ဘူး။ ဒီလူတွေ ငါတို့ကို ချိုးနှိမ်တယ်၊ ချုပ်နှောင်တယ်လို့ပဲ မြင်နေတော့တာ။ ဒါနဲ့ ကျနော်တို့ထဲကတယောက်က ကသဲစစ်ဗိုလ်ကို ပြန်ခံထိုးတယ်။ အဲဒီမှာ ကသဲစစ်သားတွေက မကျေနပ်ဘူး။ တောင်ကုန်းအောက်က ကသဲတွေ တုတ်တွေကိုင်ပြီး တက်လာတယ်။ စခန်းက ကျောင်းသားတွေအားလုံးလဲ ရတဲ့ လက်နက် တုတ်၊ ဓား၊ ခဲတွေကိုင်ပြီး အသင့်ပြင်ထားတယ်။ လူကြီးတွေက ဖျန်ဖြေတယ်။ စစ်တန်းလျှားဘက်က သေနတ် တဒိုင်းဒိုင်းဖောက်ပြီး ခြောက်လှန့်တယ်။ ကျနော်တို့အားလုံး အစောပိုင်းတော့ စခန်းဝင်းထဲမှာ စုဝေးပြီး ဝင်းထဲဝင်လာရင် ပြန်ခုခံဖို့ ပြင်ထားကြတယ်။
နောက်တော့ စစ်တပ်အရာရှိ ရောက်လာတယ်။ သူ့ရဲဘော်တွေကို ပြန်ခိုင်းတယ်။ ကျနော်တို့ကို စည်းကမ်း အသစ်ထုတ်တယ်။ အပြင်ကို အလှည့်ကျ၊ အသုတ်နဲ့ တရားဝင် တပတ်တခါ ဈေးဝယ်ထွက်ရမယ်။ တရားဝင် မဝင်ထွက်ရင် အချုပ်ထဲပို့မယ်ပေါ့။ စခန်းကလူတွေလည်း အစပိုင်းတော့ ဟုတ်သလိုလိုပေါ့၊ နောက်ပိုင်းတော့လည်း ခိုးထွက်ကြတော့တာပဲ။ ထိန်းမရ၊ သိမ်းမရ၊ ပြောမရပါဘူး။ ဒီကြားထဲ ကိုရမ်ပေါင် ဆိုတဲ့ မီဇိုချင်းရဲဘော်အဖွဲ့နဲ့ စာရေးဆရာ ကောလ်ထန်မောရိယာယ်လ်တို့ကလည်း အုပ်စုခွဲပြီး ကျနော်တို့စခန်းအောက်က ဘားတိုက်မှာသွားနေတယ်။ နောက်ပိုင်းသူတို့လည်း ဗမာပြည်ထဲ ပြန်ဝင်သွားတာပါပဲ။
အဲဒီကာလတွေမှာ မြန်မာ နဝတ အာဏာပိုင်တွေကလည်း နယ်စပ်မြို့အသီးသီးမှာ ကျောင်းသားကြိုဆိုရေးစခန်းတွေ ဖွင့်ထားပြီး ပြည်တော်ပြန်တွေ နေရပ်ပြန်ပို့တဲ့ အစီအစဉ်တွေ လုပ်နေတယ်။ ကျနော်တို့စခန်းကလူတွေက တမူးနဲ့ ကလေး၊ ကလေးဝ ကြိုဆိုရေးစခန်းတွေမှာ ဝင်ကြတယ်လို့ ကြားရတယ်။ ဝင်လာတဲ့ ကျောင်းသားတချို့ကို နောက်ကြောင်း စစ်ဆေးပြီး အချုပ်ထဲထည့်ထားတာ၊ ထောင်ထဲပို့တာတွေလည်းရှိကြတယ်လို့ ကြားတယ်။
စခန်းကလူတွေလည်း လူသစ်ဝင်လာလိုက်၊ လူဟောင်းတချို့ထွက်ပြေးသွားလိုက်နဲ့ သံသရာလည်နေတယ်။ ညနေတခါ မနက်တခါ တန်းစီလူစစ်ရင် ကသဲတွေ မရိပ်မိအောင် လူစားထိုးတာတို့၊ စားရင်းလိမ်တာတို့ အစောပိုင်းမှာလုပ်ပေမယ့် နောက်ပိုင်းကျတော့လည်း ဘာမှမပြောတော့ဘူး။ မနက်စာရင်းလာကောက်၊ တန်းစီလူစစ်ရင် Run Away (ထွက်ပြေး) ဘယ်နှစ်ယောက်၊ ဖျားနာ ဘယ်နှစ်ဦးဆိုပြီး စာရင်းမှန်ပဲပေးတော့တာ။ ကသဲတွေကလည်း ထွက်ပြေးသူရှိရင် အရင်ကလို လိုက်လံဖမ်းဆီးတာတွေ မလုပ်တော့ဘူး။
တနေ့မှာတော့ … ကျနော်တို့စခန်းမှာ လူပျောက်မှုတခု ဖြစ်သွားတယ်။ ပျောက်တာကလည်း မိန်းကလေး။ မအိ တဲ့၊ ကလေးမြို့က။ အသားလတ်လတ်၊ ခန္ဓာကိုယ်ပြည့်ပြည့်၊ မျက်နှာချိုချို၊ ချစ်စရာရုပ်သွင်နဲ့ပါ။
ညနေပိုင်း စခန်းမှာ လူစစ်တုန်းက ရှိသေးတယ်။ မိုးချုပ်တော့ ပျောက်သွားတာ။ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ဆူဆဲပြီး ဝိုင်းရှာတယ်။
အမှန်တော့ မအိက ရည်းစားနဲ့ချိန်းတွေ့တာ၊ သူ့ရည်းစားကလည်း စခန်းထဲက ဗမာကျောင်းသား မှုတ်ဘူး၊ ကသဲ စစ်ဗိုလ်။ နာမည်က ‘ချောင်ဗား’ တဲ့။ ကျနော်တို့ကတော့ ဗမာသံနဲ့လွယ်လွယ်ပဲခေါ်တယ် ‘ကြောင်ပါး’ ဆိုပြီး။ မအိကို ကြောင်းပါးက သနားရာက စတာပဲ။ ကလေးမြို့က ကျောင်းသားတွေကလည်း ဘီစကစ်လေးမုန့်လေး စားချင်ရင် မအိကို ယူခိုင်း၊ ကြောင်ပါးကလည်း သနားတော့ပေးတယ်။ ဒီလိုနဲ့ နီးစပ်ကုန်တာ။ ကြောင်ပါးက တကယ်မေတ္တာရှိတယ်ဆိုတာ ကျနော်တို့ နောက်ပိုင်းမှ သိရတယ်။
ထားပါတော့ ကျနော်တို့စခန်းက ရဲဘော်အားလုံး မအိကို မြေလှန်ရှာတယ်။ တောထဲရော၊ စခန်းပတ်ပတ်လည်တင်မက အရာရှိရိပ်သာတန်းလျားက အိမ်ထဲအထိ တုတ်တွေကိုင်ပြီး သွားရှာတာ။ ကသဲအရာရှိတွေက ဘာမှမပြောဘူး။ နောက်ဆုံး ကသဲတပ်မှူးကို တိုင်တယ်။ အဲဒီနေ့ မအိကိစ္စ ဒီအတိုင်းပြီးသွားတယ်။ ရှာမရဘူး။ ဒါပေမယ့် အားလုံးသိလိုက်တာကတော့ မအိ ကသဲစစ်ဗိုလ်နဲ့ ထွက်ပြေးသွားပြီပေါ့။
နောက်နေ့ကျမှ သတင်းရတယ်။ ဟုတ်တယ်။ ကြောင်ပါးနဲ့ မအိ ပြေးတယ်။ ဝေးဝေးမဟုတ်ဘူး၊ ကျနော်တို့ အန္တရာယ် စိုးရိမ်လို့ သုံး၊ လေးရက်တော့ တခြားနေရာ ရှောင်လိုက်တယ်။ သိပ်မကြာခင် မအိ စခန်းထဲပြန်ရောက်လာတယ်။ ဒါပေမယ့် ကသဲကင်းစခန်းနားကပ်ရက်မှာ သီးခြား ရွက်ဖျင်တဲထိုးပြီး နေတာ။
ကသဲအရာရှိတွေက မအိကို ကြောင်ပါးနဲ့ လက်ထပ်ဖို့ သဘောမတူဘူး။ ဥပဒေကကို ခွင့်မပြုတာ။ မအိက နိုင်ငံခြားသား၊ ဒုက္ခသည်၊ အစ္စလမ်ဘာသာဝင်၊ ကြောင်ပါးက ကသဲဇာတ်မြင့် ဘရမ္မာန်အမျိုးအနွယ်၊ လူပုံက ခပ်ဖြောင့်ဖြောင့်၊ အမြဲပြုံးပြီး ပါးချိုင့်နဲ့ လူချော။ ပြီးတော့ သူက မဏိပူရ လူမျိုးထဲမှာ ဧဝရက်တောင်ကို ပထမဆုံး တက်နိုင်တဲ့ပုဂ္ဂိုလ်တဲ့။ ဂုဏ်ရှိနေတယ်။ သူပြောပြလို့ နောက်မှသိရတာ၊ သူ့မှာ အဲဒီအချိန်က မိဘတွေက ဆရာဝန်မတယောက်နဲ့ စေ့စပ်ထားတယ်ဆိုပဲ။
ထားပါတော့ ဆိုချင်တာက ကြောင်ပါးဘက်က အသိုင်းအဝိုင်းတွေက လုံးဝ သဘောမတူဘူး။ ကျနော်တို့စခန်းကလူတွေကလည်း ဒါဟာ ကျနော်တို့ နိုင်ငံနဲ့လူမျိုးကို စော်ကားတာ။ လက်မထပ်ဘဲ ပေါင်းသင်းတာ လက်မခံဘူး။ ကိုယ့်ဒုက္ခသည်စခန်းက အမျိုးသမီးကို လှည့်ဖြား ပေါင်းသင်းတယ်။ လက်ထပ်ပြီး သီးခြားလည်းမနေဘူး။ ဒီစခန်းဝင်းထဲမှာပဲ သီးသန့်တဲထိုးပြီး အတူနေတယ်။ ကိုယ့်လူမျိုးနဲ့ နိုင်ငံကိုပါ စော်ကားတာလို့ မြင်နေတယ်။
သူတို့နှစ်ယောက်လုံးကို ကျနော်တို့ သိပ်မကြည်ကြဘူး။ မအိတို့ဖြစ်ရပ်ကလည်း တကယ်တော့ ကျနော်တို့စိတ်ထဲက အငုတ်တွေ၊ ခံပြင်းစိတ်တွေ ပိုတိုးလာတာပါပဲ။ နဂိုကမှ အဆင်မပြေတဲ့ကြား ဒီကိစ္စက ခံပျင်းစရာဖြစ်နေတယ်။ သူတို့ အချစ်ဇာတ်လမ်းက အဲဒီမှာတင် မပြီးသွားဘူး။ နောက်ဆယ်နှစ်လောက်အကြာ သူတို့လင်မယားနဲ့ပြန်ဆုံတော့ လင်မယား နှစ်ယောက်လုံး သူတို့ဇာတ်လမ်းကို ပြန်ပြောပြတော့လည်း တကယ့်အဖြစ်အပျက်တွေဟာ ရုပ်ရှင်တွေ၊ စိတ်ကူးယဉ် ဝတ္တုတွေလို အတော်ဆန်းကျယ်တာပဲ၊ ကံအကြွေးတွေနဲ့ ကြမ္မာရဟတ်ကြီးက လည်နေတတ်ပါလားလို့လည်း တွေးမိနေတော့တယ်။
ကျနော်တို့အားလုံးဟာ အတိတ်ဘဝ ဝဋ်ကြွေးတွေနဲ့ ရေစက်တွေကြောင့် ဒီနေရာကျဉ်းကျဉ်းလေးမှာ လာဆုံကြ၊ ပျော်ရွှင်ကြ၊ ပြီးတော့ ကြေကွဲကြ၊ ဝမ်းနည်းကြ၊ ဒေါသတွေထွက်ကြ၊ နာကျည်းကြ၊ ခွင့်လွှတ်ကြ၊ အခဲမကြေတွေ ဖြစ်ကြနဲ့။ တကယ့်ကို ဘဝရုပ်ရှင်ကားတကားပါပဲ။
နောက်ပိုင်းဆက်ပြောပြမယ့် ကျနော်တို့ဘဝတွေဟာ ပိုပြီးတော့ ရုပ်ရှင်ဆန်နေဦးမလား မသိ …။
ကိုညို
၇ ဖေဖော်ဝါရီ ၂၀၁၃
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment