Wednesday, February 6, 2013

ရင်ဘတ်အဟောင်းကြီး ကလေးတွေကို တပ်မပေးနဲ့ (ကိုညို)

“ဖေဖေက … ကျနော့်စကားကို နားမထောင်ဘူး”

ငါးတန်းကျောင်းသား ကျနော့်သား … ကျောင်းကပြန်ရောက်တာနဲ့ မီးဖိုခန်းက ကျနော် စွန့်ပစ်ထားတဲ့ ပလပ်စတစ် အမှိုက်ခြင်း သုံးပုံးထဲက အမှိုက်တွေကို သေချာလိုက်ကြည့်ရင်း ကျနော့်ကို ပြောလိုက်တော့ ဟင်းချက်ဖို့ပြင်နေရင်း ပြုံးမိတယ်။ ဟိုတနေ့ကပဲ သူ ကျောင်းကယူလာတဲ့ အစိမ်းရောင်၊ အပြာရောင် ကျွတ်ကျွတ်ထုတ်တွေကို စက္ကူပုံး သုံးခုလုပ်ပြီး ပုံးတွေမှာ ရိုးရိုးအဖြူရောင်အိတ်၊ နောက်တပုံးက အပြာ၊ နောက် အစိမ်းဆိုပြီး ခွဲထားတယ်။

ပြီးတော့ ကျနော့်ကို သေချာမှာတယ်။ အိတ်အစိမ်းမှာ စားကြွင်းစားကျန်၊ အပြာမှာ ပလပ်စတစ်ပစ္စည်း၊ ကျန်တဲ့အိတ်မှာ စက္ကူဆိုပြီး သီးသန့်ခွဲ စွန့်ပစ်ဖို့ပြောတာပါ။ ဒါတွေက ကျနော်လည်း သိထားပြီးသား။ ဒီလိုပဲလုပ်ခဲ့တာပဲ။ ဒါပေမယ့် … တခါတလေ အမှတ်တမဲ့ အလွယ်တကူ၊ ပျင်းရိစိတ်တွေနဲ့ စည်းကမ်းကို သတိပြုမနေတော့ဘူး။ ပြီးစလွယ် ပစ်ထည့်လိုက်တယ်။ အဲဒါကို သားက အပြစ်တင်တာပါ။

ကျနော်ကလည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ … “အေးပါ သားရယ်၊ ဆောရီး ...၊ ဖေဖေ သတိမေ့သွားလို့ပါ၊ နောက်တခါ သတိထားပါ့မယ်” လို့ ပြန်တောင်းပန်လိုက်ရတယ်။ “ဖေဖေ ခဏခဏ ... ဒါပဲ ပြောနေတာ”


သားက ကျနော့်အပေါ် အားမရမှန်း ကျနော် သိတယ်။ ကျနော်ကိုယ်တိုင်က ခေါက်ရိုးကျိုးနေတာ၊ ခပ်ပေါ့ပေါ့နေတာ၊ ကလေးစကားဆိုပြီး အလေးအနက်မရှိလိုက်တာ ဖြစ်တယ်။ ရှေ့ဆက် တိတိကျကျဖြစ်အောင် ပြင်ရမယ်ဆိုတဲ့အသိက ရင်ဘတ်ထဲမှာရော၊ ဦးနှောက်ထဲမှာပါ ဖြတ်ခနဲ ခုန်ဝင်လာတယ်။

ဒီမှာက ... စည်းကမ်းကို အမိန့်နဲ့လိုက်နာတာ မဟုတ်ဘူး၊ အသိတရားနဲ့လိုက်နာကြတာ။ ဒီအရာကို ဘာ့ကြောင့် လုပ်ဆောင်သင့်တယ်ဆိုတာကို အဖက်ဖက်က သုတေသန လုပ်ထား၊ အပြန်အလှန် ဘက်ပေါင်းစုံ ဆွေးနွေးသုံးသပ်ပြီးမှ အကောင်အထည်ဖော်တော့မယ်ဆို နယ်ပယ်အစုံပညာပေးမှုတွေလုပ်ပြီး တညီတညွတ်တည်း လုပ်ကြတာ။ တိုးတက်ပြီး ယဉ်ကျေးမှု၊ အဆင့်အတန်းမြင့်မားသွားပြီဆို စည်းနဲ့ကမ်းနဲ့ သပ်သပ်ရပ်ရပ်ဖြစ်သွားကြတာပဲ။

ဒီရောက်တော့ အပြင်ထွက်လိုက်ရင် အမှိုက်တစတွေ့ဖို့ ခဲယဉ်းတယ်။ ချိုချဉ်ပတ်တဲ့ စက္ကူအစအနလေးကအစ အမှိုက်ပုံးထဲ သေချာသွားထည့်ကြတာ။ နိုင်ငံခြားက အခြေစိုက်နေထိုင်သူများတဲ့ ကျနော်တို့ရပ်ကွက်ထဲက လမ်းဘေးမြက်ခင်းမှာ ပလပ်စတစ်စ၊ ကျွတ်ကျွတ်အိတ်နဲ့ အမှိုက်စတချို့ တွေ့ရတတ်တယ်။ နော်ဝေးလူမျိုး အဖိုးကြီး အဖွားကြီးတွေ လက်အိတ်ကလေးတွေစွပ်ပြီး လမ်းဘေးက အမှိုက်တွေ လိုက်ကောက်တာလည်း တွေ့ရတတ်တယ်။

ဒီနိုင်ငံမှာ မူကြိုကလေးငယ်ဘဝကတည်းက အမှိုက်စတွေ အမှိုက်ပုံးထဲပဲပစ်ရမယ်ဆိုတာ သင်ကြားပေးပြီးသား။ စည်းမဲ့ကမ်းမဲ့ မလုပ်ဘူး။ တခါက စူပါမတ်ကက်ထဲက အမှိုက်ပုံးဘေးမှာ စက္ကူစတွေကျနေလို့ အမြင်မတော်တဲ့ ကျနော့်သားငယ်ကကောက်ပြီး ပုံးထဲထည့်တာကို အဝေးကလှမ်းမြင်လိုက်တဲ့ လုံခြုံရေးရဲက ပြေးလာပြီး သားကို ကျေးဇူးတင်စကားပြောပြီး လက်ဆွဲနှုတ်ဆက်တယ်။ ခုလို လူမှုစိတ်ရှိတာကောင်းတဲ့အကြောင်း ချီးမွန်းတယ်။

တကယ်တော့ အဲဒီလုံခြုံရေးရဲက တကူးတက လာချီးကျူးတာဟာ ကလေးရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးတာဖြစ်တယ်။ ကလေးစိတ်ထဲမှာ နောက်လည်း အမြင်မတော်တာတွေ့ရင် ပြုပြင်သွားလိုစိတ် တိုးပွားလာအောင် လှုံ့ဆော်ပေးတာ ဖြစ်တယ်။ သားသမီးတွေကို ကျနော်တို့မိဘတွေကပဲ သွန်သင်ညွှန်ပြနေတာမှုတ်ဘူး။ တနေ့ကို ၅ နာရီ ကျောင်းစာသင်ခန်းမှာ ထိတွေ့နေတဲ့ ဆရာ၊ ဆရာမတွေက မိဘနဲ့မခြား အကျင့်သီလ ကောင်းရအောင်၊ လိမ္မာရေးခြားရှိအောင် လမ်းညွှန်ပေးနေတာဖြစ်တယ်။

ဒီနိုင်ငံမှာ ဆရာ၊ ဆရာမတွေဆိုတာက ကလေးတွေကို ဘာသာရပ်ဆိုင်ရာတွေပါ သင်ကြားဖို့ လေ့လာရတာ မဟုတ်ဘူး၊ ကလေးစိတ်ပညာနဲ့ သင်ကြားနည်းအဖုံဖုံပါ လေ့လာရတာလို့ သိရတယ်။ စာသင်ပေးရုံမကဘူး၊ လူမှုရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ အထွေထွေ ဗဟုသုတတွေ၊ အားကစား၊ အနုပညာ၊ စာကြည့်တိုက်တွေပါ ကျောင်းမှာထားပြီး လေ့လာသင်ကြားရတယ်။

စာသင်ခန်းပြင်ပထွက်ပြီး လေ့လာရတယ်။ ဥပမာ ... တောထဲလည်တာ၊ တောင်တက်တာ၊ အမျိုးသားပြတိုက်၊ ကဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ကုန်ထုတ်လုပ်ငန်းတွေနဲ့ စက်ရုံတွေ ... စသဖြင့်ပေါ့။ မိန်းကလေး၊ ယောင်္ကျားလေးဆိုပြီးလည်း ခွဲခြားပြီး သင်နေတာ မဟုတ်ဘူး။ ဥပမာ ... ချက်ပြုတ်ရေးနဲ့ မုန့်လုပ်နည်းတွေဆိုလည်း တတန်းလုံးကို သင်ပေးတာပဲ။ အတန်းတတန်းမှာ လူ အနည်းဆုံး ၁၅ ယောက်ကနေ အများဆုံး ၂၅ ယောက်ပဲ။ ဆရာတယောက်ထဲက ကျောင်းသားအများကြီးကို တာဝန်မယူဘူး။ အတန်းခွဲထားတယ်။ ဒါ မူလတန်းနဲ့ အလယ်တန်းအဆင့်ပဲ ရှိသေးတယ်။

ဆရာတယောက်တာဝန်ကလည်း လွယ်တာ မဟုတ်။ ကျောင်းသားတဦးချင်းစီရဲ့ မှတ်တမ်းအသေးစိတ်ကို ကွန်ပြူတာထဲ ဖိုင်ဖွင့်ပြီး အချက်အလက်တွေအားလုံး ထည့်ထားတယ်။ နောက်ခံသမိုင်း၊ ပညာရေး၊ လူမှုဆက်ဆံရေး၊ ကျန်းမာရေး၊ စိတ်ဓာတ်ရေးရာ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ ဝါသနာတွေကအစ၊ သူ့အကန့်နဲ့သူ မှတ်တမ်းတင်ထားတယ်၊ လေ့လာထားတယ်။

ဒီမှာလည်း မိဘဆရာအသင်းရှိတယ်။ ကျနော်တို့ဆီမှာလို အဖြစ်သဘောလုပ်နေတာ မဟုတ်ဘူး။ ဒီမှာက တနှစ်ကို နှစ်ကြိမ် မိဘ၊ ဆရာနဲ့ ကျောင်းသား တွေ့ဆုံဆွေးနွေးကြသလို တနှစ် နှစ်ခါ မိဘစုံညီနဲ့ ဆရာစုံညီ ဆွေးနွေးအကြံပြုကြတာ ရှိတယ်။ မိဘနဲ့ ဆရာသီးခြားတွေ့ရင် ကိုယ့်သားသမီးရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ အားသာချက်၊ အားနည်းချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ အမူအကျင့်တွေကအစ ဆွေးနွေးရတာ ဖြစ်တယ်။ ဆရာကလည်း မိဘလိုပဲ တာဝန်ယူစိတ် အပြည့်အဝနဲ့ လုပ်ကြတယ်။ မိဘကလည်း သားသမီး ပညာရေးနဲ့ တိုးတက်ရေးကိစ္စ ဆရာကို ပံ့ပိုးလုပ်ဆောင်ရတယ်။

ဆရာတွေက ကျောင်းသားတွေကို ရိုက်ဖို့မဆိုထားနဲ့၊ ဆူတာ ငေါက်တာတောင် လုပ်လေ့လုပ်ထ မရှိဘူး။ ကလေး စိတ်ဓာတ်ရေးရာ ကျဆင်းအောင် မလုပ်ဘူး။ စိုးရိမ်ကြောက်ရွံ့စိတ်မဖြစ်အောင် ထားတယ်။ စာတွေချည်း ဖိသင်နေတာလည်း မဟုတ်၊ အိမ်စာလည်း နင်းကန်မပေးဘူး။ ကလေးတွေ ပေါ့ပေါ့ပါးပါး၊ သက်သက်သာသာ၊ ပျော်ပျော်ရွှင်ရွှင် ပညာသင်နိုင်အောင် ဖန်တီးပေးတယ်။ ကွန်ပြူတာနဲ့ လေ့ကျင့်သင်ကြားရတဲ့ ဘာသာရပ်တွေလည်း ရှိတယ်။ မူကြိုကလေးဘဝကတည်းက ကွန်ပြူတာနဲ့မကင်းသလို ပထမတန်းရောက်တာနဲ့ ကွန်ပြူတာနဲ့ လေ့ကျင့်ခန်းတွေ သင်ကြားပေးတယ်။ အလယ်တန်းအဆင့်ရောက်တာနဲ့ ကွန်ပြူတာကို ကျင်ကျင်လည်လည် အသုံးချနိုင်နေပြီ။ ငါးတန်း ကျောင်းသားတယောက်က ကွန်ပြူတာ ပါဝါပွိုင့်အသုံးချနည်းပညာကို တတ်မြောက်ထားပြီး ဖြစ်တယ်။

ကျနော် မူကြိုကျောင်းမှာ ၃ လလောက် လုပ်အားပေးဖူးတယ်။ ဒီနိုင်ငံမှာ ကလေးတွေကို အလေးထားပြီး ဆက်ဆံတယ်ဆိုတာ လက်တွေ့မြင်လာခဲ့တယ်။ ကလေးတွေကို တန်းတူရည်တူ ဆက်ဆံတယ်။ ဝန်ကြီးချုပ်ပဲဖြစ်စေ၊ ကျောင်းကိုလာရင် ကလေးတွေကို သေချာထိုင် စကားပြောတယ်။ ကလေးက လူကြီးကို ခေါင်းမော့ကြည့် ပြောဆိုရတဲ့ပုံစံနဲ့ စကားမပြောဘူး။ ဆရာတွေဖြစ်စေ၊ လူကြီးတွေဖြစ်စေ ကလေးငယ်တွေကို သူတို့အရပ်နဲ့အညီ ဒူးထောက်ထိုင်ချပြီး မျက်နှာချင်းဆိုင် စကားပြောတယ်။ တန်းတူညီတူပြောပြီး ကလေးတွေရဲ့ မိမိကိုယ်ကိုယုံကြည်မှု စိတ်ဓာတ်ကို မြှင့်တင်ပေးတယ်။ ဒါဟာ အသေးအမွှားကိစ္စမဟုတ်ဘူးလို့ သဘောပေါက်ပြီး ကျင့်ကြံကြတာဖြစ်တယ်။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သူတို့လေ့လာထားပြီးဖြစ်တယ်။

လူမျိုး၊ ဘာသာ၊ အသားအရောင်လည်း မခွဲဘူး။ နှိမ့်ချဆက်ဆံမှု မရှိဘူး။ တကယ့်ကို တန်းတူညီတူ ဆက်ဆံတယ်။ မိခင်ဘာသာစကားကို လွတ်လွတ်လပ်လပ် သင်ကြားခွင့်ရှိတယ်။ “ကလေးတယောက်ကို သူ နားလည်တဲ့စကားနဲ့ပြောရင် ခေါင်းထဲဝင်မယ်၊ သူ့ရဲ့မိခင်ဘာသာစကားနဲ့ပြောရင်တော့ နှလုံးသားထဲဝင်လိမ့်မယ်” ဆိုတဲ့ တောင်အာဖရိက လွတ်မြောက်ရေးခေါင်းဆောင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မန်ဒရဲလားရဲ့အဆိုကို ဒီလူမျိုးတွေက လက်ခံထားတယ်။ ကျောင်းပိတ်ရက်မှာ၊ ကျောင်းအားရက်မှာ စာသင်ခန်းကို ငှားရမ်းသင်ကြားခွင့်ရှိတယ်။ မိခင်ဘာသာစာပေ၊ စကားသင်ပေးမဲ့ဆရာကိုလည်း ငှားရမ်းရင် ဆရာ့လစာကို ထောက်ပံ့ပေးတယ်လို့ သိရတယ်။

နော်ဝေနိုင်ငံရောက်တာနဲ့ ကျနော်ဟာ စိတ်လွတ်လပ်သွားတယ်။ ကလေးတွေအနာဂတ်ကို စိတ်ချသွားတယ်။ ကျနော်တို့ ပြည်ပရောက် မြန်မာတွေအများစုဟာ အမိနိုင်ငံမှာနေစဉ်ကရော၊ နယ်စပ်တွေနဲ့ ခိုလှုံရာနိုင်ငံ မြို့တွေမှာနေစဉ်ရော ဒုက္ခတွေများစွာ၊ မပြည့်စုံမှုများစွာ၊ ဆုံးရှုံးမှုများစွာ၊ မကျေနပ်မှု၊ ခါးသီးမှုများစွာကို ကြုံခဲ့ရသူတွေဖြစ်တယ်။ အားလုံးနီးပါး စိတ်ဒဏ်ရာတွေ ရှိနေတယ်။ နုပျိုခဲ့စဉ်ကတည်းက အလွဲလွဲအချော်ချော်တွေ များစွာနဲ့ ကြီးပြင်းလာခဲ့တယ်။ စိုးရိမ်မှုတွေ၊ အကြောက်တရားတွေ၊ စိတ်မလွတ်မလပ်မှုတွေနဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ အနေကြာလာခဲ့တယ်။

လူမှုလောကထဲက မကျေနပ်မှု၊ အလိုမကျမှုတွေ ရောပြွန်းနေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စနစ်မကျတဲ့ အတွေးအခေါ်၊ အလေ့အကျင့်တွေဟာ ကိုယ့်ရဲ့မသိစိတ်ထဲ စနစ်တကျနဲ့ ကိန်းအောင်းနေခဲ့တယ်။ စည်းမရှိ ကမ်းမရှိ အမူအကျင့်၊ အပြုအမူတွေဟာ ကိုယ့်ဘဝမှာ စည်းကမ်းတကျလေး စွဲကပ်နေတာကိုတောင် ကိုယ်က သတိမပြုမိဘူး။ ဘဝမှာ စနစ်တကျ ဖြတ်သန်းနေထိုင်ဖို့ အခွင့်အရေးသာမက ကိုယ်နဲ့ ကိုယ့်လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးအရာတွေလုပ်နိုင်ဖို့ အခွင့်အရေးလည်း မရှိခဲ့ဘူး။

ကိုယ်သာမက ကိုယ့်မိသားစုတွေဟာ နှစ်ပေါင်းများစွာ အသက်ရှင်သန်ရေးနဲ့ စားဝတ်နေရေးကို ဘဝရဲ့ အကြီးကျယ်ဆုံး တာဝန်တခုလို သဘောထားခဲ့ရတယ်။ ရုန်းကန်ခဲ့ရတယ်။ အခုမှ မဟုတ်ဘူး၊ ကျနော်တို့ငယ်ငယ်ကတည်းက ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာရတဲ့ ဆင်းရဲတဲ့စနစ်ကြီးထဲ ကြီးပြင်းခဲ့တယ်။ မတော်တဆ မှားယွင်းမှုတွေကြောင့် (အဲဒီ မတော်တဆဟာ သေးသေးမွှားမွှားလေးဆိုရင်တောင်)၊ မိဘနဲ့ အကြီးအကဲတွေက ရိုက်နှက်မလား၊ ဆရာတွေက ဆူပူကြိမ်းမောင်းမလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှု၊ မလွတ်လပ်မှုနဲ့ အနာတရတွေဟာ ကြီးပြင်းလာတဲ့အထိ စိတ်ဒဏ်သင့်ခဲ့တယ်။

ကိုယ်က မိဘဖြစ်လာတဲ့အခါ ဒီအသိတွေကို ဆင်ခြင်မိပေမယ့် ခေါက်ရိုးကျိုးစိတ်ဓာတ်နဲ့ ကိုယ့်သားသမီးအပေါ် ပြုမူဆက်ဆံခဲ့တာလည်း အကြိမ်ကြိမ်။ ကိုယ့်ရဲ့စိတ်ဒဏ်ရာဟာ အပြစ်မရှိတဲ့ ကလေးတွေအပေါ် ထပ်ဆင့်ပြီး စိတ်ဒဏ်ခတ်သလို ဖြစ်သွားတယ်။ သိသိကြီးနဲ့ မှားကြတာတွေရှိသလို မသိလို့မှားနေတာတွေလည်း အများကြီး။ တချိန်က လူကြီးတွေမှားခဲ့တဲ့အမှားတွေကို ကျနော်တို့က သင်ခန်းစာယူပြီး အမှားတွေ ပြင်နေရင်းနဲ့တောင် … ကျနော်တို့ သားသမီးတွေက ကျနော်တို့ရဲ့အမှားတွေကို ဆက်ပြင်နေရအုံးမယ်။ ကျနော်တို့သားသမီးတွေ စိတ်ဒဏ်ရာမကင်းရင် ကျနော်တို့ မြေးမြစ်မျိုးဆက် အဆင့်ဆင့်ဒဏ်ခံရမယ့် အန္တရာယ်က အရှည်ကြီး။

ဒါတွေအားလုံးရဲ့အဖြေက ကလေးတွေကို ဒီမိုကရက်တစ် အလေ့အကျင့်တွေ မွေးပေးဖို့ပဲဖြစ်တယ်။ ကျနော်တို့ ဆင်ခြင်တုံတရားတွေ ရှိရမယ်၊ အသစ်ပြောင်းလဲရမယ်။ အကျင့်ဟောင်းတွေကို သတ္တိရှိရှိ၊ သတိရှိရှိ မောင်းထုတ်နိုင်ရမယ်။ အသက်ကြီးလာလေ … ကျနော် သတိပြုစရာတွေ ပျိုမားလာတယ်၊ ကိုယ်သိထားတာတွေကို လက်တွေ့ကျကျ လုပ်ရမယ်ဆိုတာ စိတ်ကသိထားရုံပဲ မဟုတ်ဘူးလို့ ပိုသဘောပေါက်လာတယ်။ အဓိက က ကိုယ်က ကလေးတွေကို အမွေဆိုးတွေ မပေးမိဖို့ပဲ။ တချိန်ကလူကြီးတွေ တိုင်းပြည်အတွက် စေတနာကောင်းတွေထားပြီး လုပ်တာဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် သူတို့မှားတဲ့ ဆိုးမွေတွေနဲ့ ကျနော်တို့ ဘဝပျက်ခဲ့ရတယ်။ ဂုဏ်သိက္ခာတွေ ညှိုးခဲ့တယ်။ တချိန်က မှားခဲ့သူတွေကို ကျနော်တို့အပြစ်တင်ခဲ့သလို၊ ဆဲဆိုနေတုံးပဲ။

မနှစ်က ဇွန်လမှာ ဒေါ်အောင်ဆန်းစုကြည် အော်စလိုကိုလာတော့ ဟော်တယ်ရှေ့မှာ ငါးနှစ် ခြောက်နှစ်အရွယ် ကရင်၊ မွန် တိုင်းရင်းသားကလေးငယ်လေးတွေ သူတို့အချင်းချင်း နော်ဝေးဘာသာစကားနဲ့ ပြောဆိုနေကြတယ်။ ကျနော့်ဘေးမှာ ရပ်နေတဲ့ ရန်ကုန်က ကျောင်းဆရာမဟောင်းတယောက်က “ကလေးတို့ ဗမာစကားနဲ့ ပြောကြလေ” လို့ပြောတော့ မွန်ကလေးငယ်လေးက နော်ဝေးစကားနဲ့ “ဗမာစကားဟာ ကျနော်တို့စကား မဟုတ်ဘူး၊ ကျနော်တို့စကားက မွန်စကား” လို့ ပြန်ပြောတယ်။ “ဗမာစကားလည်း တတ်တော့ကောင်းတာပေါ့၊ ငါတို့အားလုံးက ဗမာပြည်ကပဲ၊ ဒေါ်အောင်ဆန်းစုကြည်လည်း အခု ဗမာပြည်ကလာတာပဲ” လို့ ဆရာမက ရှင်းပြတော့ ကလေးငယ်က “ဗမာစကား တတ်စရာမလိုဘူး၊ မွန်စကားနဲ့ နော်ဝေးစကားတတ်ရင် ရတယ်” လို့ ဖြေပါတယ်။

ဘေးမှာရပ်နေကြတဲ့ ကျနော်တို့အားလုံး ငြိမ်ပြီး အတွေးကိုယ်စီဝင်သွားတယ်။ ကျနော်တို့တိုင်းရင်းသားတွေမှာ ဒဏ်ရာဒဏ်ချက် မြောက်မြားစွာနဲ့ပါ။ လွဲမှားတဲ့ စနစ်တွေ၊ စစ်ပွဲတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေ၊ မတရား အနိုင်ယူလိုမှုတွေ၊ အာဏာ လောဘတွေက ကျနော်တို့ ညီအကိုတွေ အားလုံးကို စည်းခြားပစ်လိုက်တယ်။ လောဘ၊ ဒေါသ၊ မောဟစိတ်တွေက အမုန်းတွေ၊ အညှိုးတွေ ကမ္ဘာမကြေဘူး စိတ်ဓာတ်တွေဖြစ်အောင် ရိုက်သွင်းပေးလိုက်တယ်။

အဲဒါတွေက ကျနော်တို့နဲ့တင် ပြီးမသွားဘူး။ ကျနော်တို့ ရင်သွေးတွေ၊ မျိုးဆက်တွေရဲ့ ခေါင်းထဲ၊ ရင်ဘတ်တွေထဲအထိ ထပ်ပြီး နက်နက်ရှိုင်းရှိုင်း ထိုးထည့်ပေးလိုက်သေးတယ်။ ဒီတခါ ကျနော်တို့လွဲမှားရင် ကျနော်တို့မျိုးဆက်တွေ ကမ္ဘာကြီးမှာ ပျောက်သွားလိမ့်မယ်။ သမိုင်းမှာ ကျနော်တို့ ပယ်ပယ်နယ်နယ် အဆဲခံရမယ်။ အခုတောင် အဆဲခံနေရပြီ။

ဒီတော့ ကျနော်တို့ မမှားဖို့လိုတယ်ဆိုတဲ့အသိဟာ ကလေးတွေရဲ့ အနာဂတ် အရုဏ်ဦးဖြစ်တယ်။ ကျနော်တို့ရဲ့ အမုန်းတွေကို ကလေးတွေခေါင်းထဲ မထည့်ပေးပါနဲ့၊ ကျနော်တို့ အမှားတွေကို ကလေးတွေ ရင်ဘတ်ထဲမှာ ထပ်မထည့်ပေးပါနဲ့။ ကလေးတွေ လွတ်လွတ်လပ်လပ် ရယ်မောကြပါစေ။ သင့်သင့်မြတ်မြတ်နဲ့ ပျော်ရွှင်တဲ့အနာဂတ်ဖြစ်ဖို့ ကျနော်တို့ရင်ဘတ်အဟောင်းကြီး ကလေးတွေကို တပ်မပေးပါနဲ့။ ။

ကိုညို (အော်စလို) 


 

No comments: