Wednesday, November 7, 2012

လက်ပန်းတောင်းတောင် သင်ခန်းစာ - ဖိုးသံ (လူထု)

လက်ပန်းတောင်းတောင်အရပ်ဆီက
လက်ခမောင်း ဖောင်ဖောင်ခတ်သံကြားတော့
ပြေကောင်းအောင် ကြံမယ့်သားတွေလာပဟ
ရွှေဒေါင်းမောင် ပျံနိုင်ပါပေါ့လားလို့
အမေ ခေါင်းထောင် လည်တံဆန့်ကြည့်ပြီး
ကြက်သီးများတောင် ဖြန်းဖြန်းထမိတယ်။

သလ္လာမြေတောင်ခြေဘက်မှာက
ဆရာစံတွေ ထောင်ချီထွက်လာကြသမို့
ဗမာနိုင်ငံ ရောင်နီပြက်ပြီကွလို့
အောင်စည်နှက်သံကို ကြားယောင်မိတဲ့ကာ
သားမောင် အမိမေပျိုတို့ဟာ
သပြေညို ရွှေဘိုပန်းကို ကြိုရှာခူးပြီး
ပိုစတာ နဖူးစည်းတွေကို ပြင်ကြသကွယ်
(အို) ဆိုစရာ အထူးစာလုံးကြီးတွေနဲ့ တင်ပြမဟယ်။


ချစ်တီးထက်ဆိုးတဲ့
စစ်ဘီလူးသဘက် သူခိုးတွေက
ဘိုးအမွေ ဘွားအမွေမြေများကို
တပြည်သား လက်ထိုးအပ်ရာမှာ
ရိုးမနဲ့ဧရာဝတီတောင် မချန်ဘူး
ရဦးမယ်ဆိုလို့ကတော့
(ဒင်းတို့ကလေ) ဘနဖူးတည့်တည့်မှာ
ယမ်းဘီလူးတွေ ထည့်ထည့်ပြီး
မြေကြီးတုန်အောင် ခွဲကြတယ်
ငုံ့ခံနေမယ် ထင်သလား။

ဒီမိုကရေစီ အမိုက်မှောင်ကျနေတဲ့ခေတ်မှာ
ခရိုနီတွေ ပြောင်ကျစွာ ညစ်နေကြတာကို
ဖြစ်နေကျလို လွှတ်ထားလို့ မဖြစ်ဘူး
အမြစ်မြေကျမှ အဖျားထင်းဖြစ်မယ်
ချင်းတွင်းနယ် သင်ခန်းစာက
ပြည်သူအားပြရင် ရန်သူ ဓားချရသတဲ့
ကြားကြားသမျှ ဝေနေယျာ
ပြေရွာတကာမှာ ကြိုးစားကြပါစို့
ဘိုးဘွားတို့အတွက် ဒီတိုက်ပွဲ
ဓား ဆွဲတန်ဆွဲ၊ အားခဲတန် ခဲကြမယ်
လာခဲ့ …
ရဲသူတွေ မင်းဖြစ်စေသား။

ဖိုးသံ (လူထု) 


 

No comments: