Tuesday, November 6, 2012

အိမ်ငတ်သူ (ကမာပုလဲ)

ကျနော်ဟာ ခုဆို ငယ်စာရင်းမဝင်တော့တဲ့လူ
ကျနော်ဟာ အသက်ကြီးကာမှ စာအုပ်တွေကြားထဲမှာ
ကျနော်ဟာ အဲဒီစာအုပ်တွေကြားထဲက ခရေပန်းခြောက်တွေ ကောက်လို့မွှေးနေခဲ့
ကျနော်ဟာ …။

ကျနော်ဟာ ဒီအရွယ်ကြီးထိ မိခင် မကြိုက်တာတွေနဲ့ ပျော်မွေ့ခဲ့
ကျနော်ဟာ ခုတိုင် တမှိုင်မှိုင်တတွေတွေနဲ့ နေ့နဲ့ညကို မှားယွင်းခံစား
ကျနော်ဟာ ခုလဲ အိမ်ပြန်နောက်ကျနေဆဲ လမ်းပေါ်မှာ
ကျနော်ဟာ ဘယ်တော့မှ ခေါက်ရိုးမကျိုးနိုင်တဲ့ ခေါင်းမာမာ လူစား
ကျနော်ဟာ …….။


ကျနော်ဟာ အရှေ့နဲ့အနောက်ကိုသိပေမဲ့ အိမ်ရှိမယ့် မြေပုံညွှန်းကို ကျပျောက်နေခဲ့
ကျနော်ဟာ ရေတံခွန်ကို ချစ်ခဲ့ပေမဲ့ ကြမ်းခင်းပင်လယ်ကိုသာ တပ်မက်ခဲ့
ကျနော်ဟာ ဘူတာရုံကလေး ဖြစ်နေပေမဲ့ ဇလီဖားတုံးပေါ်က သံလမ်းလိုလူစား
ကျနော်ဟာ လှေငယ်တစင်းဖြစ်ခဲ့ပေမဲ့ ဆိပ်ကမ်းကို စွန့်ခွာဖို့မှာ မဝံ့မရဲ
ကျနော်ဟာ ကတ္တီပါဖိနပ်တရံကိုမှ မိုးရေထဲ ချစီးနေချင်ခဲ့
ကျနော်ဟာ …။

ကျနော်ဟာ အသွေးအသားနဲ့ ပြုလုပ်ထားသလား
ကျနော့်နှလုံးခုန်သံဟာ အထီးကျန်မှုတွေနဲ့ အသားကျပျော်ဝင်နေပါသလား
ကျနော်ဟာ မျက်ရည်ကိုမှ အဖော်မွန်လုပ်ရတာကို ဝါသနာသက်ဝင်နေသလား
ကျနော်ဟာ အလွမ်းသီချင်းတွေကိုမှ ရွေးချယ် နှစ်ချိုက် ပျော်ဝင်နေပါသလား
ကျနော်ဟာ ရန်သူရဲ့ အမုန်းဆုကိုမှ မြတ်နိုးနေတတ်ပါသလား
ကျနော်ဟာ ...။

ကျနော်ဟာ အိမ်နဲ့ယာနဲ့ အတည်တကျမွေးခဲ့ပေမဲ့ အိမ်မဲ့သူ
ကျနော်ဟာ မိဘနှစ်ပါးစုံညီနဲ့ လူလားမြောက်ခဲ့ပေမဲ့ လူမဖြစ်သေးတဲ့လူ
ကျနော်ဟာ သစ်ပင်တွေနဲ့ မြေကြီးကို တသွေးတည်းတသားတည်းလို့ မြင်နေ
ကျနော်ဟာ ပန်းတွေကြွေနေတဲ့ ညောင်ရေအိုးကလေးကို လွမ်းတတ်နေခဲ့
ကျနော်ဟာ …။

ကျနော် အိမ်မဲ့သူတွေကို ကိုယ်ချင်းစာတယ်
ကျနော်ဟာ ကျူးကျော်နယ်ချဲ့မှုကိုလည်း အသွေးအသားထဲကကို မုန်းတယ်
ကျနော် အရှုံးကြီး ရှုံးခဲ့ပါတယ် …
ကျနော့်ပခုံးပေါ်က မျှော်လင့်ထမ်းပိုးခဲ့တဲ့ ၂၄ နှစ်က တံလှပ်တွေအတွက် ဖြစ်တယ်
တကယ်လို့ ဒီကနေ့ ရန်သူဟာ လွန်ခဲ့တဲ့ ၂၄- ၅၀- ၆၃ နှစ်တွေကအတိုင်းလို့ဆိုရင်
ဒါဟာ
ကျနော့်ကိုယ် ကျနော် အစစ်အမှန် ရှာဖွေတွေ့ရှိခဲ့တယ်လို့ …
ကျနော်ဟာ … ။ ။

ကမာပုလဲ 
၀၆. ၁၁. ၂၀၁၂


 

No comments: