“လိမ်လို့ လိမ်မှန်း မသိ၊ ညာလို့ ညာမှန်းမသိဖြစ်ပြီး ‘နားဝေတိမ်တောင်’ နဲ့ ခဏခဏ မလိမ်ခံရတယ်။ လိမ်မှန်းမသိလို့ လိမ်တိုင်းခံတာတွေ သိပ်များလာတဲ့အခါကျတော့ လိမ်တဲ့သူတွေက ကိုယ့်ကို လူလို့သဘောထားပြီး လိမ်ပြောဖို့တောင် ကြိုးစားမနေတော့ဘဲ သူလုပ်ချင်တာကို ပြောင်ပြောင်တင်းတင်းပဲ လုပ်ချတော့တယ် …”
ပါလီမန်တို့၊ ရွေးကောက်ပွဲတို့ဆိုတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ လုံးလုံးကြီး အဆက်ပြတ်သွားတာ နှစ်ပေါင်းငါးဆယ်ကျော် ရှိပြီဖြစ်လေတော့ ဒီနေ့ အသက်ခြောက်ဆယ်တန်း ရောက်နေသူတွေတောင် ကြားဖူးနားဝ သိနေတာတွေပဲ ရှိလိမ့်မယ်။ သေသေချာချာ ရေရေရာရာသိကြမှာ မဟုတ်ဘူး။
လိမ်လို့ လိမ်မှန်းမသိ
စာလေးပေလေးဖတ်ရကောင်း မှန်းသိလို့ အတန်အသင့်သိနေတယ်ဆိုလည်း မလုံလောက်ဘူး။ ကိုယ်တွေ့မျက်မြင် ကြုံတွေ့ရတာလောက်တော့ ဘယ်ဟာမှ မပြည့်စုံဘူး။ ဒါပေမယ့် လုံးလုံးမသိတာထက်တော့ အများကြီး သာတယ်။ ဒါကြောင့် စာတော့ အချိန်ရသလောက် ဖတ်နေသင့်တယ်။ စာမဖတ်ရင် လိမ်လို့လိမ်မှန်း မသိ၊ ညာလို့ညာမှန်း မသိ ဖြစ်တတ်တယ်။ အထူးသဖြင့် အခုလို သမိုင်းလှည်းဘီး တစ်ပတ်ပြန်လည်လာချိန်မှာ ရှေးက အလိမ်ခံခဲ့ရတာတွေကို သိထားဖို့ ပိုလိုအပ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သမိုင်းဖြစ်စဉ်တွေဟာ ထပ်ခါတလဲလဲ တစ်ကျော့ပြီး တစ်ကျော့ ပြန်ပြန်ဖြစ်တတ်တဲ့ သဘောရှိလို့ပဲ။
နားဝေတိမ်တောင်
ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ ပညာရှင်ပီသစွာ လိုရင်းကို ဒက်ခနဲ ပြောလိုက်တယ်။ “သမိုင်း သင်တာ မအအောင်”လို့ တဲ့။ တစ်ခွန်းတည်းပဲ။ ဒါပေမယ့် အဓိပ္ပာယ် အများကြီးထွက်တယ်။ အရင် လိမ်လို့ လိမ်မှန်း မသိ၊ ညာလို့ ညာမှန်းမသိဖြစ်ပြီး ‘နားဝေတိမ်တောင်’ နဲ့ ခဏခဏ မလိမ်ခံရတယ်။ လိမ်မှန်းမသိလို့ လိမ်တိုင်းခံတာတွေ သိပ်များလာတဲ့အခါကျတော့ လိမ်တဲ့သူတွေက ကိုယ့်ကို လူလို့သဘောထားပြီး လိမ်ပြောဖို့တောင် ကြိုးစားမနေတော့ဘဲ သူလုပ်ချင်တာကို ပြောင်ပြောင်တင်းတင်းပဲ လုပ်ချတော့တယ်။ ဒီလိုနဲ့ပဲ လစ်ဗျားက ကဒတ်ဖီလို၊ ဆီးရီးယား က အာဆတ်လို၊ အီရတ်က ဆက်ဒမ်ဟူစိန်လို အာဏာရှင်တွေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။
လူတိုင်းစာတတ်မြောက်ဖို့လို
အဲဒီနိုင်ငံတွေမှာ စာမတတ်သူ ဦးရေလည်း အတော်များတယ်။ အထူးသဖြင့် အမျိုးသမီး စာမတတ်သူတွေ များတယ်။ ဒါကြောင့် အာဏာရှင်တွေ သက်ဆိုးရှည်ခဲ့ကြတယ်။ ဒီမိုကရေစီစနစ်ထူထောင်မယ်ဆိုရင် နိုင်ငံသားတိုင်း စာတတ်မြောက်ရေးကို မဖြစ်မနေလုပ်ဆောင်ကြရတယ်။ ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံသားတွေကိုယ်တိုင် နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခြင်းဖြစ်တယ်။ ဘုရင်တွေ၊ အာဏာရှင်တွေက ရာဇပလ္လင်ကြီးတွေမှာထိုင်ပြီး တိုင်းသူပြည်သားတွေကို ကျေးကျွန်တွေလို တစ်ချက်လွှတ်အမိန့်အာဏာနဲ့ အုပ်ချုပ်တာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေကို သူတို့ စိတ်ကြိုက်ဆန္ဒပေးရွေးချယ်ပြီး အဲဒီ ကိုယ်စားလှယ်တွေပါဝင်တဲ့ ပြည်သူ့လွှတ်တော်က တစ်ဆင့် တိုင်းရေးပြည်မှုကိစ္စမှန်သမျှကို ဆောင်ရွက်တာ ဖြစ်တယ်။
ဒီမိုကရေစီရဲ့ သော့ချက်
လူမှန်နေရာမှန်ကို ရွေးချယ်ခြင်းဟာ ဒီမိုကရေစီရဲ့ သော့ချက်ဖြစ်တယ်။ အဲဒီလို ရွေးတတ်ဖို့၊ လူကို အကဲခတ်တတ်ဖို့ ဆိုတာ စာတတ်ရုံနဲ့တင် မရဘူး။ စာများများ ဖတ်ထားဖို့ လိုတယ်။ ကိုယ်စားလှယ်အဖြစ် အရွေးခံမယ့်သူတို့၊ နိုင်ငံရေးပါတီတို့ဆိုတာက ထုံးစံအတိုင်း တိုင်းပြည်တိုးတက်အောင် ဘာလုပ်မယ်၊ ညာလုပ်မယ် ပြောကြတာချည်းပဲ။ အဲဒီတော့ သေသေချာချာ ဆန်းစစ်ဝေဖန်ပြီး အရွေးမမှားဖို့အတွက် အဲဒီလူတွေနဲ့ အဲဒီပါတီတွေအကြောင်း ကောင်းကောင်းသိထားဖို့ လိုတယ်။ သူတို့ ဘာတွေပြောတယ်ဆိုတာထက် သူတို့ ဘာတွေလုပ်ခဲ့တယ်၊ လုပ်နေတယ် ဆိုတာကို ဆန်းစစ်ရတယ်။ စာဖတ်မထားရင် ဒါတွေ ဘာမှမသိနိုင်ဘူး။
မီးမရှိ မီးခိုးမရှိ
လတ်တလောကိစ္စလေးတွေကို ကြည့်ရုံနဲ့လည်း မလုံလောက်သေးဘူး။ သမိုင်းဟာ သူ့အလိုလို တစ်ကျော့ ပြန်လည်လာတတ်တယ်ဆိုတဲ့ စကားအတိုင်း လူ့သမိုင်းဖြစ်ရပ်တွေ ထပ်ခါထပ်ခါဖြစ်တတ်တဲ့ သဘောကို နားလည်ထားဖို့လည်း လိုတယ်။ အကြောင်းအရာတစ်ခု၊ ကိစ္စတစ်ခုကို ဆန်းစစ်တဲ့အခါမှာ ဘာ့ကြောင့် ဖြစ်လာရတယ် ဆိုတဲ့အကြောင်းရင်း ဇာစ်မြစ်ကို ရှာကြည့်ရတယ်။ မီး မရှိဘဲနဲ့ မီးခိုး မရှိနိုင်ဘူးဆိုတဲ့ ကျိုးကြောင်းဆက်စပ်မှု သဘောတရားကို အခြေခံပြီးဆန်းစစ်မှ အမှန်ကို သိနိုင်တယ်။ ဒီလိုသိမှ လူမှန်နေရာမှန်ဖြစ်အောင် ရွေးချယ်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် အတိတ်သမိုင်းကို မေ့ပစ်လို့ မရဘူး၊ ဖျောက်ပစ်လို့မရဘူး။ အတိတ်ကြောင့် ပစ္စုပ္ပန်ဖြစ်လာတယ်။ ပစ္စုပ္ပန်က အနာဂတ်ကို ဖန်တီးမှာ ဖြစ်တယ်။
ဖွင့်ပြီးပျောက်သွားတာ မဖြစ်ရအောင်
လူတွေကို စာတတ်အောင် အရင်ဆုံး လုပ်ရမယ်။ ပြီးတော့ စာဖတ်အောင် အမြဲနှိုးဆော်နေရမယ်။ ကျောင်းသားတွေရော ပြည်သူလူထုပါ စာဖတ်ချိန်ရအောင်လည်း လုပ်ပေးရမယ်။ နောက်ပြီး လူတွေစာအုပ် ဝယ်ဖတ်နိုင်အောင်လည်း မဖြစ်မနေ လုပ်ဆောင်ပေးဖို့လိုတယ်။
စာတတ်ပြီး စာမဖတ်သူတွေများနေတာ မကောင်းဘူး။ ကျောင်းတိုင်း၊ ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်တွေ ရှိသင့်တယ်။ ရှိတယ်ဆိုရုံရှိနေတာမျိုး ပြောတာမဟုတ်ဘူး။ စာအုပ်တွေရော၊ စာဖတ်သူတွေပါ အမြဲတမ်းစည်ကားနေတဲ့ တကယ့်စာကြည့်တိုက်ကို ပြောတာ။ ဖွင့်ပြီး သုံးလမကြာခင် ပျောက်သွားတာမျိုး မဖြစ်အောင်လည်း ထိန်းသိမ်းတတ်ဖို့ လိုတယ်။
တိုင်းသူပြည်သားတွေ စာများများဖတ်မှ လူမှန်နေရာမှန် ရွေးပေးတတ်မှာပါ။ ဒါကြောင့် ဒီမိုကရေစီခေတ် တကယ်ဖြစ်ချင်ရင် စာဖတ်သူတွေများလာအောင် မဖြစ်မနေလုပ်ကြဖို့လိုတယ်လို့ သတိပေး နှိုးဆော်လိုက်ချင်ပါတယ်။
No comments:
Post a Comment