မိတ်ဆွေများ ခင်ဗျား …
ကျွန်တော့် ခေါင်းပေါ် ရေအိုးဘယ်နှလုံး ရွက်ထားမိလဲတောင် မသိတော့ပါဘူးဗျာ။
အလုပ်တွေပိပြီး ကျွန်တော် လစ်ဟင်းမှုတွေ အတော်များနေပါတယ်။ လူမှုရေးဟာကွက်တွေဖြစ်ခဲ့လို့ မိတ်ဆွေအချို့ရဲ့ အထင်လွဲမှု၊ စိတ်ဆိုးစိတ်နာဖြစ်မှုတွေ ခံရပါသေးတယ်။ ကိုရီးယားကားထဲကလို “တောင်းပန်ပါတယ်” လို့ပဲ ပြောရမှာပါ ခင်ဗျာ။
၈၊ ၁၊ ၂၀၁၂ နေ့ညက ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံ၊ ဖောင်ဒေးရှင်းကိစ္စ ရုပ်လုံးဖော်ဖို့ ဆွေးနွေးကြပြီး နှစ်လအကြာ ၈၊ ၃၊ ၂၀၁၂ ညကျမှ ကျွန်တော်တို့ ပြန်ဆုံနိုင်ကြတယ်။
သည်ကြားထဲ ကျွန်တော် ရန်ကုန်မှာရှိချိန် ဆရာက စည်းရုံးရေးခရီးတွေ သွားတယ်။ အသက် ၈၀ ကျော် ကျန်းမာရေးက ခပ်ယိုင်ယိုင်ကြားထဲက ဆရာ ခရီးတွေထွက်နေတာ ကျွန်တော် အရမ်းစိုးရိမ်တယ်။ ဒါပေမယ့် ဆရာကတော့ တစ်ချက်ကလေး မငြီးဘူးဗျာ။
ဆရာ ပြန်လာချိန် ကျွန်တော်က ဟောင်ကောင် သွားလိုက်၊ ဥက္ကံ၊ ဒိုက်ဦး၊ မုပလင်၊ ကလေး၊ တမူးဘက်သွားလိုက်နဲ့ လွဲကြပြန်တယ်။
တော်ဘုရားကလေး စာပေဆုပေးပွဲနေ့ အခမ်းအနားပြီးတော့ ဆရာက စောပြန်သွား၊ လွဲပြန်ရော။
ဂျင်ခြေလည်နေတဲ့ ကျွန်တော့်ဒုက္ခတွေကို ဆရာက နားလည်ပါတယ်။ အင်မတန် အားနာတတ်တဲ့ ဆရာက “ကျွန်တော့်မွေးနေ့မှာတော့ လုပ်ငန်းစချင်တယ်ဗျာ” လို့ပြောသွားတော့ ကျွန်တော်ကလည်း ပြန်နားလည်ရပါတော့တယ်။
ဆရာ ခရီးကပြန်မလာမီ မတ် ၁၂ ရက် တော်ဝင်နှင်းဆီမှာ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှ နိုင်ငံရေး အကျဉ်းသားများအတွက် ထောက်ပံ့ကူညီမှု စတင်ဆောင်ရွက်ခြင်း အခမ်းအနားကျင်းပနိုင်အောင် တက်သုတ်ရိုက် စီစဉ်ရပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ရွှေပြည်တန် ကိုကျော်အောင်အကူအညီနဲ့ ဖုတ်ပူမီးတိုက် ရေးရပါတယ်။ မတ် ၇ မှာ ဆရာ ပြန်လာ။ မတ် ၈ ညမှာ ကျောက်ကုန်းအိမ်မှာ တွေ့ဆုံ၊ ည ၁၁ နာရီအထိ ဆွေးနွေးတိုင်ပင်ကြရပါတယ်။
မတ် ၁၁ ဆရာ့ ၈၂ နှစ် မွေးနေ့အကြိုည ကမ္ဘာအေးဘုရားလမ်းက ဖူဆန် တရုတ်ဘုံကျောင်းစားသောက်ဆိုင်မှာ ထမင်းစားပွဲ ကျင်းပပါတယ်။ ဆရာ့ကြည့်ရတာ အတော်လေး ရွှင်လန်းနေတာတွေ့ရလို့ ကြည်နူးဝမ်းမြောက်မိပါတယ်။
မတ် ၁၂ နေ့လယ် ၂ နာရီ တော်ဝင်နှင်းဆီမှာ ငွေလှူပွဲနဲ့ စာနယ်ဇင်းတွေ့ဆုံပွဲ ကျင်းပ။ နိုင်ငံရေးအကျဉ်းသား ၃ ဦးနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၅ ဦး၊ စုစုပေါင်း ၈ ဦးကို ၅ သိန်းစီနဲ့ ၃ သိန်းစီ၊ စုစုပေါင်း ၃၄ သိန်း ထောက်ပံ့လိုက်ပါတယ်။
တော်ဝင်နှင်းဆီ ကိုစိုးညွန့်က ခန်းမသုံးခွင့်ပေးရုံမက လူ ၁၀၀ ကျော်ကို ရွှေတောင်ခေါက်ဆွဲ ကျွေးလိုက်ပါသေးတယ်။ သာဓု၊ သာဓု၊ သာဓု။ သူများတွေ ထိုင်စားနေကြချိန် ဆရာက အင်တာဗျူးတွေကို ဖြေနေရတုန်း။ ကျွန်တော်တို့ စားလို့ပြီးမှ ဆရာ ဝင်စားနိုင်တယ်။
ဆရာ အစီအစဉ်တွေ အဆင်ပြေရဲ့လားလို့မေးတော့ သိပ်ကောင်းတယ်ဗျာလို့ ပြောတယ်။ ဆရာ့မျက်နှာ သိသိသာသာ ကြည်လင်နေတာ တွေ့ရပါတယ်။ ဆရာ ဖြစ်ချင်တာလေးတွေကို ဖြစ်နိုင်သလောက် လုပ်ပေးနိုင်ခဲ့ပြီကိုး။ ကျေနပ်ပီတိဖြစ်နေတာ ပေါ်လွင်နေပါတယ်။
စေတနာရှင်များရဲ့ အလှူငွေများအဖြစ် ကျွန်တော့်ဆီလှူထားတာ စုစုပေါင်း သိန်း၂၀ ခန့်၊ ဆရာ့ဆီမှာ သိန်း ၈၀ ကျော်၊ မတ် ၁၂ မှာ အလှူငွေထပ်ရတာ ၁၀ သိန်းကျော်ဆိုတော့ အခု လက်ကျန် သိန်း ၈၀ လောက် ရှိပါတယ်။
ငွေအလှူခံ ဖြတ်ပိုင်းလေးတွေ လုပ်ပြီးပါပြီ။ ဗော်လံတီယာများထံ ပေးထားပါတယ်။
လစဉ် မိမိနိုင်သလောက် ပုံမှန်လှူချင်လည်း လှူပါ။ ၁၀၀၀ိ သို့မဟုတ် ၂၀၀၀ိ/ ၃၀၀၀ိ/ စသဖြင့် လစဉ်ထည့်ဝင်မယ်ဆိုရင် သတ်မှတ်ပေးတဲ့အချိန်မှာ ကောက်ခံသူက အချိန်မှန်လာကောက်ခံပါမယ်။
လုံးခနဲ ခဲခနဲ လှူချင်ရင်လည်း ပြောပါ။ ဆရာဦးဝင်းတင်လက်ထဲ ကိုယ်တိုင်ထည့်ပေးချင်ရင် ထည့်နိုင်ဖို့ စီစဉ်ပေးပါမယ်။
ဆရာ့ဆီ တိုက်ရိုက် ပြောဆိုလှူဒါန်းချင်ရင် ဆရာဦးဝင်းတင်ဖုန်း ၀၉၄၉၃၀၉၂၀၉ ကို ဆက်ပါ။ အလှူငွေကိစ္စ ပြောလိုတော့မှ ဆက်စေချင်ပါတယ်။ ဆရာက ကျွန်တော့်ထက် အပုံကြီး အလုပ်ပိုများပါတယ်။ နားလည်နိုင်ကြမယ် ထင်ပါတယ် ခင်ဗျာ။
ဘဏ္ဍာထိန်းတစ်ဦးဖြစ်တဲ့ ကျွန်တော့်ကို ဆက်သွယ်ပေးအပ်ရင်လဲ လက်ခံပါမယ်။ မောင်ဝံသ ဖုန်း (၀၁) ၃၇၃၂၁၀ သို့မဟုတ် ၀၉၅၀၄၀၉၉၄ ကို ဆက်ပါ။
အလှူရှင်အနေနဲ့ နိုင်ငံရေးအကျဉ်းသား/ဟောင်း မည်သူမည်ဝါကို လှူချင်ပါတယ်ဆိုပြီး ပုဂ္ဂလဓိဋ္ဌာန် လှူချင်ရင်လည်း စီစဉ်ပေးပါမယ်။
နိုင်ငံရေးအကျဉ်းသားများရဲ့နောက်က ဒုတိယ ဦးစားပေးအဖြစ် အကူအညီလိုအပ်နေတဲ့ စာနယ်ဇင်းသမားများကိုလည်း ကူညီထောက်ပံ့ဖို့ ရှိပါတယ်။
ပြည်တွင်းပြည်ပ မိတ်ဆွေများ ဝိုင်းဝန်းကြပါ။ အကြံဉာဏ်လည်းပေးကြပါ ခင်ဗျား။
မောင်ဝံသ
၁၃၊ ၀၃၊ ၂၀၁၂
maungwuntha@gmail.com
No comments:
Post a Comment