မြစ်ဝကျွန်းပေါ် တပ်မဟာများ ဖွဲ့စည်းခြင်း
မြစ်ဝကျွန်းပေါ် စရောက်တော့ အဖိုးတို့ နယ်မြေတွေ၊ မြို့တွေကို တော်တော်ထိန်းထားနိုင်တယ်။ မြစ်ဝကျွန်းပေါ် ပန်းတနော်၊ မြောင်းမြ၊ ပုသိမ်၊ ဘိုကလေး၊ ဟင်္သာတ၊ ဖျာပုံ၊ မအူပင်၊ ကျောင်းကုန်း၊ ဓနုဖြူ ဒီဒေသတွေက ကရင်ရွာတွေချည်းပဲကိုး။ အဖိုးတို့ကို ထောက်ခံတာပေါ့။
၁၉၅ဝ မှာ ကျောင်းကုန်းမြို့က ရွာသာကုန်းမှာ ကေအဲန်ယူက ခေါင်းဆောင်ပြီးတော့ လူထုတွေကို အစည်းအဝေး ခေါ်တယ်။ လူထုတွေ တော်တော် တက်တက်ကြွကြွ လာကြတယ်။ အဖိုးတို့ ခေါင်းဆောင်တွေကလည်း ကေအန်ယူအစည်းအရုံးကြီးကို ပြန်ပြီးဖော်ထုတ်ဖို့ ကရင့်တော်လှန်ရေးကို ကေအဲန်ယူက ရှေ့ဆောင်ဖို့ ဆွေးနွေးကြတာပေါ့။ အဲဒီ အစည်းအဝေးကြီးက ကေအဲန်ယူရဲ့ ရှေ့ဆောင်မှုတာဝန်တွေနဲ့အုပ်ချုပ်ရေးတာဝန်တွေပါ ဆုံးဖြတ်ခဲ့ကြတယ်။
နောက်ပိုင်းမှာမြစ်ဝကျွန်းပေါ် ကေအဲန်ယူအဖွဲ့ကို ဖွဲ့တယ်။ ဥက္ကဋ္ဌကတော့ မန်းဘဇန်ပေါ့။
မြစ်ဝကျွန်းပေါ်တိုင်း တပ်မဟာတွေကိုလည်း ဖွဲ့စည်းလိုက်တယ်။
ပုသိမ်၊ မြောင်းမြခရိုင်က တပ်မဟာ (၂)
မအူပင်ခရိုင်တောင်ပိုင်းက တပ်မဟာ (၃)
ဟံသာဝတီနဲ့ သာယာဝတီက တပ်မဟာ (၄)
ဖျာပုံခရိုင်က တပ်မဟာ (၅)
ပဲခူးရိုးမက တပ်မဟာ (၆)
မြစ်ဝကျွန်းပေါ်အောက်ပိုင်းကိုတော့ တပ်မဟာ (၇)
အဖိုးတို့သတင်းရတာက အရှေ့တိုင်းဘက်မှာလည်း စောဘဦးကြီးခေါင်းဆောင်တဲ့အဖွဲ့က ကော်သူးလေအစိုးရကို ဖွဲ့လိုက်ကြတယ်။
တောင်ငူခရိုင်က ကရင်တွေ တော်တော်များများ ပါတယ်။
ပထမဆုံး တပ်မဟာမိတ်
နောက်ပိုင်းမှာ ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်နဲ့လည်း ညီညွှတ်ရေးရလာတယ်။
သူတို့ကိုလည်း ဖဆပလ အစိုးရက တိုက်ပြီလေ။ ဒီတော့ အဖိုးတို့ မဟာမိတ်ဖွဲ့ကြတာပေါ့။ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အနမ်းကုန်းရွာမှာ ပထမဆုံးအကြိမ် တပ်ပေါင်းစုကို ဖွဲ့ခဲ့တယ်။ အဖိုးတို့ဘက်က ခေါင်းဆောင်က မန်းဘဇန်ပေါ့။ ကွန်မြူနစ်ပါတီဘက်က သခင်ဇင်။
၁၉၅၂ ခုနှစ်မှာ လုပ်တာဆိုတော့ ‘ဇင်၊ ဇန်’ သဘောတူညီချက်ဆိုတာ ထွက်လာသေးတယ်။ တဖွဲ့နဲ့တဖွဲ့ နယ်မြေကို အသိအမှတ်ပြုတယ်။ တို့တဖွဲ့နဲ့ တဖွဲ့ မတိုက်ရေး။ နယ်မြေ ဖြတ်သန်းသွားလာခွင့် သဘောတူကြတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းလို့တော့ မရဘူး။ မတူကြဘူးလေ။
ရေကြောင်း တိုက်ပွဲ
ရွှေလင်းယုန်စစ်ဆင်ရေး၊ မိုးဟိန်းစစ်ဆင်ရေး၊ အဲဒီစစ်ဆင်ရေးကြီးတွေနဲ့ အဖိုးတို့ကို ပိတ်ဝိုင်းချေမှုန်းတာ။ အဖိုးတို့ မခံနိုင်တော့ ပဲခူးရိုးမကို ရွှေ့ရတာပေါ့။
အဖိုးကတပ်တွေကို ကိုင်ထားတာကိုး။ ကေပီအယ်လ်အေ တပ်ရင်း၊ ပြောက်ကျားတပ်ရင်း ရှိတယ်။ ဒီလို ပိတ်ဝိုင်းတွေ လုပ်လာတော့ အဖိုးက တပ်ရင်းမှူးတွေကို မှာတယ်။
“အခြေအနေကတော့ သိပ်မကောင်းဘူး။ ပိတ်ဝိုင်းချေမှုန်းရေးတွေ လုပ်နေပြီ။ မင်းတို့ နယ်မြေစွဲ၊ ဒေသစွဲတွေ လုပ်မနေနဲ့တော့။ ခံချရင် ချ။ မနိုင်ပုံပေါ်ရင် မင်းတို့ဆုတ်လာခဲ့။ အမှတ်(၃)ခရိုင် ဥက္ကဋ္ဌ မန်းဘဇန်ဆီမှာ ငါ ရှိမယ်”
သူတို့ကို အဖိုး ပြောထားတယ်။ တပ်ရင်းမှူးကိုလည်း ပြောတယ်။
တပ်ခွဲမှူး ဗိုလ်ကြီးချစ်လင်းမောင်လည်း ပြောတယ်။
ပြောက်ကျားတပ်ခွဲမှူးက ဗိုလ်ကြီးအောင်သန်းဦးကိုလည်း အဖိုးက အကြောင်းကြားတယ်။ ပန်းတနော်က တပ်ခွဲမှူးစံမင်း အကုန်လုံးရှင်းပြတယ်။
“မင်းတို့နေရင် မင်းတို့ သေကုန်လိမ့်မယ်” လို့။ နောက်တော့ ဘယ်ဟုတ်မလဲကွ။
ဒီကောင်တွေဟာ ပါးစပ်က ပြောတယ်။ လက်တွေ့ကျတော့ မခိုင်ဘူး။ ချစ်လင်းမောင်က လကြားကင်းဦး မြစ်ကြီး အရှေ့ဘက်ကမ်းမှာ ဟိုး ပတ်တော်နောက်ကျောမှာ နွားတင်းကုပ်ထဲမှာ နောက်တော့ ဗိုလ်ကြီးအောင်သန်း။ သူက အင်းချောင်းလေးထဲမှာ အဲဒီမှာနေတာ။ သူတို့ နေရာယူထားတာ။ ရန်သူလာရင် ချမှာပေါ့။ တကယ်ပဲ ရန်သူထိုးတာပဲ။
ပထမဦးဆုံး ဗိုလ်ကြီးချစ်လင်းမောင်ကို ပတ်တော်နောက်ကျော ရေထဲမှာတိုက်တာ။ ဗိုလ်ကြီးချစ်လင်းမောင် ကျသွားတယ်။
နောက်တော့ သတင်းက တခါရလာတယ်။
ဗိုလ်ကြီးအောင်သန်း တိုက်ရင်းနဲ့ပဲ တိုက်ပွဲမှာ ကျသွားတယ်။ မြစ်ဝကျွန်းပေါ်မှာပဲ။
အကျအဆုံးတွေများတော့ တပ်ရင်းအသစ်တွေ ပြန်ဖွဲ့ရတာပေါ့။ တပ်ရင်းအသစ်ဖွဲ့တော့ တပ်ခွဲ(၁)မှာ တပ်ခွဲမှူးက ဗိုလ်တင်ဦး (ဖူးတာအယ်)။
အဖိုးက တပ်ခွဲ(၂)က ဗိုလ်ကြီးစလွယ်တပ်ခွဲမှာ ရှိတယ်။
ဖူးတာအယ်နဲ့ သိတာကတော့ ဇကာကြီးတိုက်ပွဲမှာ။
အဲဒီတိုက်ပွဲမှာ သူတို့က အဖိုးတို့တပ်ခွဲကို အကူခေါ်တာကိုး။
တပ်ခွဲ(၂)ကို သူတို့ခေါ်တော့ ဗိုလ်ကြီးစလွယ်က အဖိုးကို ပြောတယ်။
“ဇကာကြီးကို ရန်သူထိုးမယ်ကွ။ အဲဒါတပ်တွေ အများကြီးလိုတယ်။ မင်းပါ သွားရမယ်ကွ”
ဇကာကြီးက အဖြောက်ဇကာကြီး။ အဖိုးတို့ တပ်စုတစု သွားတယ်။ အင်အား (၃ဝ)လောက် ရှိတယ်။ အဲဒီမှာ ဗိုလ်တင်ဦးနဲ့ စသိရတာပဲ။
သူက “မင်းတို့ ဗိုလ်ကြီးစလွယ် တပ်ခွဲကလား”
“ဟုတ်ကဲ့။ ကျနော့်ကို လွှတ်လိုက်တာပဲ”
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“ကျော်သောင်း”
“မင်းက ဘာတာဝန်လဲ”
“ကျနော်က တပ်စုမှူးပဲ”
“ကောင်းပြီး ဒီည ရန်သူထိုးမယ်”
သူက ဒါပဲပြောပြီး အဖိုးတို့ တပ်ဖွဲ့ကို နေရာချပေးတယ်။ အဲဒီမှာ ဗိုလ်ကျားဆီ ရောက်တယ်။
သူက “ခင်ဗျားတို့လာတာ ကျနော်တို့ သိပ်အားရှိတာပဲ” တဲ့။
အဲဒီညမှာ ရန်သူထိုးတော့တာပဲဟေ့။ ရေတပ်က အရင်တက်လာတယ်။
ရွှေပုဇွန်တို့။ ရွှေမာလာတို့။ နှစ်ထပ်သင်္ဘောကြီး။ နှစ်စင်း သုံးစင်းပဲ။
နောက်တော့ သူတို့ တိုက်ရေယာဉ်ပါ ပါလာတယ်။ တစင်းပြီး တစင်းလာတာပဲ။ ခြောက်စင်း၊ ခုနှစ်စင်း ရှိမယ် ဝင်လာတာ။ အဖိုးက သူ့ကို လှမ်းပြီးတော့ ကြည့်နေတယ်။
သူတို့ဝင်လာတာနဲ့ အဖိုးတို့က ဆီးပစ်တာပဲ။ ရေကြောင်းတိုက်ပွဲပေါ့။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment